Skip to main content

ရှေးစာကဗျာနှင့် မြန်မာသဒ္ဒါ (၄၀)

         အဲ-သရ၏ လက္ခဏာ သင်္ကေတသည် (-ဲ) နောက်ထိုးပစ် ဖြစ်သည်။ အသံသည် မူလက "အယ်" ဖြစ်သည်။

   ပဲ နှင့် စလယ်

   ပယ် ၌ဝယ်

   တင့်တယ် နောက်ပစ်မှ။

          မြန်မာသင်ပုန်းကြီး ကမချသရ ၂၁ လုံး ရှိသည်။

   အ၊ အာ၊ အား ........အာ့၊ အာ၊ အား

   ဣ၊ ဤ၊ အီး ...........အီ့၊ အီ၊ အီး 

   ဥ၊ ဦ၊ ဦး ................အူ့၊ အူ၊ အူး

   ဧ့၊ ဧ၊ ဧး .................အေ့၊ အေ၊ အေး

   အဲ့၊ အဲ၊ အဲး ............ အယ့်၊ အယ်၊ အယ်း

   ဩ့၊ ဩ်၊ ဩ ...........အော့်၊ အော်၊ အော်း

   အံ့၊ အံ၊ အံး ............ အံ့၊ အံ၊ အံး

            အထက် ကမချသရစဉ်၏ အသံတို့တွင် ပင်ကိုယ် မူလအသံ မဟုတ်ဘဲ သင်ရိုးရေးနည်းအရ အသံနိမ့်မြင့် ပွားထားသည့် အသံတို့ကို ပယ်လျှော့လျှင် မူလ သင်ရိုးသရ ရနိုင်သည်။

            သင်ရိုးသရ၌ ရှေ့ထိုး၊ နောက်ထိုး၊ သဝေထိုး၊ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး၊ ချောင်းငင်၊ အသတ်၊ တံခွန်၊ သေးသေးတင်၊ အောက်မြစ်၊ ရှေ့ကပေါက် စသည်တို့ ယှဉ်တွဲရေးပြီး ပွားထားသော၊ သရအသံပွားကို ပယ်ခြင်း ဖြစ်သည်။

(၁) ကမချသရစဉ်တွင် အောက်မြစ် တွဲရေးရန် မလိုသည့် မူလအောက်မြစ်အသံ သုံးလုံးရှိသည်။ ၎င်းတို့သည် အောက်မြစ်အသံပွား မဟုတ်၍ ယူပါမည်။

     အ (အာ့ မဟုတ်, အသုံးမရှိ)

     ဣ (အီ့ မဟုတ်)

     ဥ (အူ့ မဟုတ်)

(၂) ကမချသရစဉ်မှ ပထမဦးဆုံး ဝိသဇ္ဇနီ အသံကိုသာ ယူသည်။ ဝိသဇ္ဇနီ အသံပြင်းတို့အတွက် ယူပြခြင်း ဖြစ်သည်။ 

       ပထမ ဝိသဇ္ဇနီအသံ = 'အား'

(၃) ဝိသဇ္ဇနီ တွဲရေးရန် မလိုသည့် မူလဝိသဇ္ဇနီအသံတခု ရှိသည်။ ၎င်းကိုလည်း အရေးပွား မဟုတ်၍ ယူပါမည်။

       ဩ (အေား မဟုတ်)

(၄) အရေးပွား၍ အသံနိမ့်မြင့် ဖြစ်လာရနိုင်သည့် အောက်မြစ်အသံ လေးလုံး ရှိသည်။ ၎င်းတို့ကိုမူ မယူပါ။

          မူလအသံ မဟုတ်သည့် အောက်မြစ်ပွား အသံကို ပယ်လို၍ ဖြစ်ပါသည်။

  "အေ့၊ အဲ့၊ အော့၊ အံ့"  (မယူပါ)။

(၅) ကျန်သည့် အရေးပွား ဝိသဇ္ဇနီအသံ ငါးလုံးရှိသည်။ ၎င်းတို့ကိုလည်း မယူ။ ပယ်ပါမည်။

           မူလအသံ မဟုတ်ဘဲ အသံနိမ့်မြင့် ပြောင်းရေးနိုင်သည့် ဝိသဇ္ဇနီတို့ တွဲထား၍ ပယ်ခြင်း ဖြစ်သည်။

   "အီး၊ အူး၊ အေး၊ အဲး၊ အံး"  (မယူပါ)။

(၆) မူလအသံ သက်သံခုနစ်လုံး ရှိသည်။ ၎င်းတို့ကို မူလတည်ပြီး အောက်မြစ်နှင့် ဝိသဇ္ဇနာ စသည်တွဲသော် အသံနိမ့်မြင့် ပြောင်းနိုင်သဖြင့် ယူပါမည်။

   "အာ၊ ဤ၊ ဦ၊ ဧ၊ အဲ၊ ဪ၊ အံ"

-> အောက်ပါအတိုင်း မြန်မာသင်ရိုးသရတို့ ကောက်နုတ်နိုင်သည်။

(၁) မူလအောက်မြစ်သံ သုံးလုံး ယူပါမည်။

      "အ၊ ဣ၊ ဥ"

(၂) ပထမ ဝိသဇ္ဇနီအသံ ယူပါမည်။

      "အား"

(၃) မူလဝိသဇ္ဇနီအသံ တလုံး ယူပါမည်။

      "ဩ"

(၄) အောက်မြစ်ပွားအသံ မယူပါ။

     ...

(၅) ဝိသဇ္ဇနီပွားအသံ မယူပါ။

      ...

(၆) မူလသက်သံ ခုနစ်လုံး ယူပါမည်။

       "အာ၊ ဤ၊ ဦ၊ ဧ၊ အဲ၊ ဪ၊ အံ"

      အောက်ပါအတိုင်း စဉ်နိုင်ပါသည်။

      "အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အံ၊ အား"

       တနည်းအားဖြင့် အောက်ပါအတိုင်း 'တအင်္ဂါ' ဟု သတ်မှတ်ကြသည့် သင်ရိုးသရ (၁၂) လုံး ဖြစ်လေသည်။

       "အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အယ်(အဲ)၊ အော၊ အော်၊ အံ၊ အား"

        ထို့ကြောင့် 'အဲ' သရ၏ မူလအသံသည် အောက်မြစ်နှင့် ဝိသဇ္ဇနီ မပါသည့် 'အယ်' အသံသာ ဖြစ်ပါသတည်း။

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments