သြော်။
ကျွန်တော်ငယ်ငယ်က နွေရာသီ ရွာအလည်ပြန်ရင် လင်းအားကြီးအချိန် ယာထွန်သွားတဲ့ဆီလိုက်သွားပြီး ကစားတယ်။ နေမြင့်ချိန်မှာ တည်းအိမ်ကနေ ထမင်းကြမ်းလှုံ့နဲ့ ရေနွေးကြမ်းကို ခံတောင်းမှာထည့်ရွက်ပြီး လာပို့တဲ့အခါ ကန်သင်းဘေး သစ်ပင်ရိပ်မှာ ထိုင်စားခဲ့ရတယ်။ ဘာအသားမှလည်း မပါ။ ထမင်းကြမ်းကြော်တာကို ကျွန်တော့်မွေးဇာတိမင်းရွာမှာ ထမင်းကြမ်းလှုံ့တယ်လို့ ခေါ်တယ်။
တည်းခိုတဲ့အမျိုးအိမ်မှာ ရွယ်တူတွေနဲ့အတူ ငရုပ်သီးထောင်းကြတယ်။ တဖက်ခြံထဲက သံပရာသီးခူးပြီး ငရုတ်သီးထောင်း နီရဲရဲမှာ အရည်ရွှဲရွှဲညှစ်ကြတယ်။ ဆော့ကြတာပါ။ အဲဒီဟင်းစပ်ကိုတော့ ခုထိ နှစ်သက်ပါတယ်။ တောအရပ်ကို မမေ့ပါ၊ တောအစပ်ကို မမေ့ပါ။
ကျွန်တော်အသက်ကြီးတော့ တိုင်းပြည်ကြီးကနေထွက်ပြေး၊ ပြည်ပနိုင်ငံရေးအတွက် ဥရောပနိုင်ငံတွေကိုသွားရတိုင်း ငရုတ်သီးတမျိုးမျိုး အိမ်ကနေယူသွားလေ့ရှိတယ်။ သူတို့ဆီမှာ အစပ်မရှိ။ ဆွီဒင်နိုင်ငံက ဟော်တယ်မှာ ကျူနာဆင်းဒဝှစ်ချ်ကို ငရုတ်သီးကြော်နဲ့ စားခဲ့ပါတယ်။
အခုတော့ ငရုတ်သီးကို အတန်အသင့်တော့ ထောင်းတတ်နေပြီ။ အစပ်မပါ မစားတတ်ပါ။
ဒေါက်တာတင့်ဆွေ
၂၁-၂-၂၀၁၇

Comments
Post a Comment