အပိုင်း တစ်
ဘဝတလွှာ
ဘဝဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်းဆိုပါလျှင် ... တရိုးတံအလွှာငယ် တဆယ်မကနှင့် ကြွယ်လှသော စိန်ပန်းရွက်နှယ် ဘဝမျိုးလည်း ရှိသည်။
တညှာတွင် တလွှာရှိ၍ ဤတလွှာပင်တရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘဝမျိုးလည်း ရှိပါ၏။
ခိုင်နှင့် ကျွန်တော် ဘဝမှာမူ ... နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် ...
“ချစ်ရိပ်ပွင့် ကို
လုလင် ဘာသာ
ပျူငှာဆန်းဆို
လွမ်းလိုလိုနှင့်
သံချိုမြမြ
နှမပြာဝင်း နေရစ်မင်းဟု ...”
နှမပြောဝင်း နေရစ်မင်းဟု ... နေရစ်မင်းဟု ... နေရစ်မင်းဟု .. ကျွန်တော့်ရင်တွင် ဟိုတောင်ယံမှ ရိုက်ခတ်တုံ့ပြန်လာသော ဥသြငှက်၏ နွေတေးပမာ ဤကဗျာ၏ နောက်ဆုံးစာပုဒ်များ ပဲ့တင်ထပ်နေသည်။
စာပေ၊ ကဗျာ၊ လင်္ကာကို မြတ်နိုးရကောင်းမှန်း ... သိစ။ စာပေ၊ ကဗျာ၊ လင်္ကာကို မြတ်နိုးရ ကောင်းမှန်း သိသော်လည်း စာပေ၊ လင်္ကာ၊ ကဗျာဆိုသည်မှာ သမုဒယသစ္စာ အရင်းတည်၍ ဒုက္ခသစ္စာ ကြွင်းလေသည်သော ဘဝလမ်းဌာနေ၌ သောကဝဋ်ကြိုး နှောင်ပတ်ချည်မိလေရာမှ ပေါက်ဖွားခြင်းကို ရှင်းလင်း မသိစဉ် သမယ ... ဟိုစဉ်ကာလများကတည်းက “ရှင်အဂ္ဂသာမိ”၏ “နေမိဘုံခန်းပျို့”လာ ဤစာပိုဒ်များကို အကြောင်းမဲ့တ,သ အကြိမ်ကြိမ် နှုတ်မှ ခုံခုံမင်မင် စိတ်ကူးယဉ် ရေရွတ်ခဲ့ဖူးသည်။
ယခုမူ .... နှုတ်မှ မရွတ်သာ။ ရင်မှာသာ ပဲ့တင်ထပ်ရသော ဤကဗျာသည် ခိုင့်အတွက် ဖြစ်ရပါလေ ပြီကော ...။
“မောင့်ကို ခွင့်လွှတ်ပါလေ ခိုင်၊ နောင်ဘဝဆိုသည်လည်း ရှိပါစေ ခိုင် ...။ ဘဝတို့ အကြိမ်ကြိမ် ပြန်လည်ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ ပြန်လည်တွေ့ဆုံတတ်သော ရေစက် ဆိုသည်လည်း ရှိပါစေ ခိုင် ...။ သံသရာလမ်းဘုံဘဝ ကွန်းထောက်တစခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင်နှင့် မောင် ပြန်တွေ့ဆုံလျှင် ... မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင် ...”
မရှိတော့ပြီဖြစ်၍ မကြားနိုင်လေသူတဦးကို စကားဆိုသူတဦးအား ရူးသွပ်သူဟု ဆိုကြပါလေ။ ဆိုကြစမ်းပါလေ။ ကျွန်တော်သည် ရူးသွပ်နေသူတဦး အမှန်ဖြစ်ပါ၏။
အကြောင်းမှာ အထက်ပါ ကျွန်တော် စကားတို့ကို ချစ်လှစွာသော ခိုင်တယောက် မကြားနိုင်တော့ပါလေ ...။ ကျွန်တော် မည်မျှကြားစေချင်ဦးတော့၊ ချစ်သောခိုင် မကြားနိုင်တော့ပါလေ။ ခိုင်မကြားနိုင်မှန်း သိလျက်နှင့် ... ။
“နှမပြာဝင်း၊ နေရစ်မင်းဟု ...” ဤစကားကို ကျွန်တော့်နှုတ်မှ မရေရွတ်ရဲ၊ ရေရွတ်ခဲ့သော် ... မမြင်နိုင်သော တောင်လေရူးသည် မသိနိုင်သည့် နွေတိမ်ခိုးတို့ နောက်ဆွယ်ရှိ ဝိညာဉ်လောက၏ မှောင်ခိုးရိပ်မှ ဆိတ်ဆိတ်သုဉ်းသုဉ်း ရပ်နေရလေရမည့် ခိုင့်ဆီ သယ်ဆောင်သွားသည် ဆိုပါအံ့။
ခိုင် အထင်မလွဲစေလိုပါ ...။
“နှမပြောဝင်း၊ နေရစ်မင်း ...”ဟု ကျွန်တော်မပြောရက်ပါ။ တတ်နိုင်လျှင် မပြောချင်ပါ။
နွေ၏ပင်အိုကို စွန့်ခွာမြေသက် လေထက်ပါလေသူ ရွက်ဝါတို့အား ပင်အိုသည် နှုတ်ဆက်စကား မဆိုနိုင်သကဲ့သို့ ကျွန်တော်လည်း မဆိုနိုင်ချင်ပါ။
ခက်သည်မှာ ... ခိုင်သည် ရွက်ဝါမဟုတ်။ ကျွန်တော်သည်လည်း ပင်အိုမဟုတ်။
ကြုံရချက် နာသမျှမှာ ... ရွက်ဝါနှင့် ပင်အိုပမာပင် မနိုင်းသာခဲ့။ ပင်အိုအတွက်မူ ညိုသောရွက်တို့ ကြွေစင်လေလျှင် ပျိုသောရွက်တို့ ဝေလွင်ပေမည်။
နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်လျှင် တလွှာကြွေခဲ့ပြီမို့ တရွက် မမည်လေ သကဲ့သို့ မပြည့်စုံတော့သော အထီးကျန် ဤဘဝဝယ် ဘယ်အချိန်ထိ ရပ်တည်နေရမှန်း မသိနိုင်သည့် ကျွန်တော်နှင့်စာလျှင် ပင်အိုသည် ကံကောင်းလေပါသည်။ ခံစားမှု မရှိ၍လည်း ပို၍ကံကောင်းလေပါသည်။
ခံစား စံစားမှုရှိသော သုံးပါးလောကဝယ် .. ဒုလ္လဘဟူ၍ အမြင့်မြတ်ဆုံးဆိုသော အတိတ်ကိုလည်း မမေ့။ ပစ္စုပ္ပန်ကိုလည်းသိ။ အနာဂတ်ကိုလည်း ကြိုမြင်တတ်သောလူ ဖြစ်နေရသည့် ကျွန်တော်သည်သာ ကံအဆိုးဆုံး ဖြစ်နေရပါ၏။ လူတယောက်အနေနှင့် ပိုင်ဆိုင်ထားရသော ထက်မြက်သည့် အာရုံတရားတို့နှင့် ဥပါဒါန် ဖုတ်၊ တစ္ဆေ ခိုအောင်းမှီတွယ်ရာ သက္ကာယဒိဋ္ဌိ မနောစိတ်ဂူ ငါစွဲဟူသည်တို့ကိုပင် မုန်းတီးရလေမည်လား မပြောတတ်။
“ပတ်ဝန်းကျင်ကိုလည်း မမြင်ချင်၊ မကြားချင်၊ မသိချင်ပါ ခိုင် ..။ အတိတ်ဆိုတာကိုလည်း မေ့ချင်ပါသည် ခိုင် ..။ ပစ္စုပ္ပန်မှာလည်း မောင်မပျော်ပါဘူး ခိုင် ..။ အနာဂတ်ဆိုတာကိုတော့ တွေးမိတိုင်း ကြောက်လန့်မိတယ် မိခိုင်ရယ် ...”
မမြင်ချင်သော်လည်း ပတ်ဝန်းကျင်ကို ကျွန်တော် မြင်နေရသည်။ | ကျွန်တော် မြင်နေရသော ပတ်ဝန်းကျင်မှာ လေဝင်တိုင်း ရိုင်းရိုင်းသဲသဲ ဝဲဝဲလွင့်လွင်၊ ဆင့်ဆင့် ဆက်ဆက် ကြွေသက်နေသော ရွက်ဝါရွှေ မြေခသည့် နွေလရက်ဆည်းဆာရိပ် ပြာရီရီတည်း။ ကျွန်တော် ရပ်တည်နေရာမှာ မြေပုံမို့မို့ အုတ်ဂူပျိုအချို့တို့ဖြင့် မြို့ အသရေ မရှိပါလေသော သချိုင်းမြေသာတည်း။
ရွက်ဝါဆိုသည်မှာ ဇာတ်လမ်းဆုံးခန်းတွင် လွမ်းတေးမဆိုဘဲ ငိုပွဲကို ဟန်အမူအရာဖြင့် သယ်ယူ တတ်သည့် ရာသီ၏ ကချေသည်များသာဖြစ်ပါ၏။
ရာသီကချေသည်တို့၏ ငိုပွဲကို အသည်းကြွေလုဖြင့် ရှုမြင်နေရင်း ကျွန်တော်သည်သာ မငိုရဲပါ။
“ငိုချင်ပါရဲ့ ခိုင် ....။ ဒါပေမယ့် ဆိတ်ငြိမ်တဲ့ ခိုင်ရဲ့ ဝိညာဉ်လောကဟာ မောင့်ရဲ့ ငိုရှိုက်သံ တွေကြောင့် နှောင်းဘဝသောက ပဲ့တင်ချက်နဲ့ မပျက်စီးစေလိုဘူး မိခိုင် ...”
မိခိုင်တယောက် ဖြစ်ရာဘဝမှာ ငြိမ်းချမ်းနိုင်ပါစေ ...။
“မောင့်ဘဝတော့ မငြိမ်းချမ်းနိုင်တော့ပါဘူး မိခိုင်ရယ် ...။ မောင့်အပေါ် ခိုင် ချစ်သမျှ၊ ဖြစ်ခဲ့ရတဲ့ အကြောင်းကံဆိုးကို အငြိုးနဲ့ မုန်းမိလေသမျှ မောင့်ဘဝမှာ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်တော့ပါဘူး ခိုင်ရယ်”
သိလျက်နှင့်လေ၊ ချစ်ဝိပါက်ဟု ဆိုများ ဆိုကြပါစေ။ ကျွန်တော် ဖြစ်ရသည်မှာ ကြယ်ကြွေကို လည်ကာကောက်သည့် တယောက်သော သူရူးပမာသာ ဖြစ်ပါ၏။
ကျွန်တော် ရှာဖွေကောက်သော ကြယ်ကြွေများမှာ မရှိတော့ပြီဖြစ်သော အတိတ်ကာလမှ လွမ်းဆွတ် တမောဖွယ်ရာများသာ ဖြစ်ပါ၏။
ခိုင်နှင့် ကျွန်တော် အတူကျင်လည်ခဲ့ရသည့် အတိတ်ကာလမှာ လွမ်းဆွတ်တမောဖွယ်ရာများသာ ဖြစ
( ၂ )
သမုဒယ အရုဏ်ဦး
“ခိုင်” ဟုခေါ်သော မိန်းကလေးတဦး ဤလောက၌ ရှိမှန်း စသိသောအချိန်တွင် ကျွန်တော်သည် ၁၁-နှစ်သားသာ ရှိပါသေး၏။
ထိုနေ့ညနေတွင် နွေ၏ ကြွေသုဉ်းလု နိဂုံးရက်များအတွင်း ဖြစ်ပါသည်။
မိုးမတိုင်ခင် လေဆင်၍ ကောင်းကင်၌ တိမ်ညိုမှိုင်းကာ လေရိုင်းသည် မုန်တိုင်းပမာ တိုက်ခတ်လာနေ၏။
ကျွန်တော်သည် ပီယာနိုရှေ့တွင် စိတ်မပါဘဲ ဂီတသင်ခန်းစာကို လေ့ကျင့်နေရ၏။ စ,စဦးကမူ ပီယာနိုခလုတ်ဖြူဖြူပေါ် နှိပ်၍ အသံသာသာများ ထွက်ပေါ်လာလျှင် ကျွန်တော် ပျော်ရွှင်ခဲ့ဖူးသည်။ ဖေဖေက ဂီတကို သင်ခန်းစာတရပ်အဖြစ် ကျွန်တော့်အား သင်ပေးသောအခါတွင်မူ ဂီတသင်ခန်းစာသည် ကျွန်တော် အတွက် ကျောင်းသင်ခန်းစာများပမာ ပင်ပန်းပျင်းရိဖွယ်ဖြစ်လာ၏။
မိုးဦးလေဦးကျဝယ် လျှပ်စီးလက်လျှင် မျက်စိမှိတ်ရင်း ... မိုးခြိမ်းသံကြားလျှင် နားနှစ်ဖက်ကို လက်ညှိုးနှစ်ဖက်ဖြင့် ပိတ်ရင်း အိပ်ယာတွင်း၌ ထိတ်ထိတ်လန့်လန့် နွေးနွေးထွေးထွေး ကွေးနေခြင်းကို ကျွန်တော် တပ်မက်သည်။ ယခုမူ မိုးခြိမ်းသံအား မလွှမ်းနိုင်သော ပီယာနိုကို တီးနေရသဖြင့် ကျွန်တော် စိတ်ပင်ပန်းနေ၏။
ကျွန်တော်သည် သည်းမခံနိုင်သည့်အဆုံး၌ ပီယာနိုခလုတ် အံဖုံးကိုပိတ်ကာ အိမ်ရှေ့ ဘက်သို့ ထွက်လာခဲ့သည်။ ကျွန်တော့်မေမေသည် ကျွန်တော့်အား ဆီးကြိုပွေ့ယူသည်။
“ပီယာနိုမတီးတော့ဘူးလား၊ မိုးခြိမ်းသံတွေကို ကြောက်တယ် ထင်တယ်၊ မေမေ အခုပဲ သားဆီ လာခဲ့တော့မလို့ ...”
မေမေ့ရင်ခွင်တွင်းသို့ ရောက်သောအခါ ကျွန်တော့်ကိုယ်မှာ နွေးထွေးသွား၍ မိုးခြိမ်းသံနှင့်တကွ မည်သည့်အရာကိုမျှ မကြောက်တော့။
“မောင် ... မိုးခြိမ်းသံကို မကြောက်ပါဘူး။ ပီယာနိုကိုတော့ မတီးချင်တော့ဘူး မေမေ .. မေမေ မောင့်ကို ပုံပြောပြမလား ..”
မေမေသည် လှိုက်လှဲစွာ ရယ်သည်။
“သားက မိုးမှ မချုပ်သေးဘဲ ပုံနားထောင်ချင်လို့ ဘယ်ဖြစ်မလဲ၊ မေမေ ညစာပြင်ရဦးမယ်။ သားကြိုက်တယ်ဆိုတဲ့ ဝါးပိုးမျှစ်နဲ့ ပုစွန်ကြော့ကြီးတွေ ကြော်ထားတယ်။ မောင် ထမင်းစားမြိန်ဦးမယ်”
ကျွန်တော်သည် မေမေ့စကားကြောင့် ဗိုက်တွင်းမှ ဆာလာသည်။ ဝါးပိုးမျှစ်ကလည်း ချိုသည်။ ပုစွန်ကြောကြီးတွေကလည်း ချိုသည်။ ဝါးပိုးမျှစ်နှင့် ပုစွန်ကြော့သည် အလွန် အရသာရှိ၏။
“ဟာ ... မေမေပြောတာနဲ့ မောင် ထမင်းစားချင်ပြီ”
“မောင်ကလည်း စားရမှာပေါ့၊ ကျန်တဲ့ဟင်းတွေက မကျက်သေးဘူး။ မေမေ မြန်မြန်ချက်လိုက်မယ်။ မောင် ဖေဖေ့ဆီသွား”
ကျွန်တော်သည် စာကြည့်ခန်းရှိ ဖေဖေ့ဆီသို့ ထွက်ခဲ့သည်။ ဖေဖေက ငါးလက်မခန့်ထူသော စာအုပ်ကို ဖတ်နေသည်။
“မောင်ဘာလာလုပ်တာလဲ၊ ပီယာနိုလက်ဆင် ပြီးပြီလား”
ဖေဖေသည် မျက်မှန်ကို မ,၍ ကျွန်တော်အား ကြည့်ရင်းမေးသည်။
“ပြီးပါပြီ ဖေဖေ။ ကျွန်တော့်ကို ပုံပြောမလား ...”
ဖေဖေက ရယ်သည်။
“မောင်က ကလေးမှ မဟုတ်ဘဲ။ ဖေဖေက ပုံပြောရမှာလား ...”
ဤစကားကို ပြောရိုးပြောစဉ်မို့သာ ပြောသည်။ ဖေဖေသည် ပုံပြောရန် အဆင်သင့်ဖြစ်နေသည်။ ဖေဖေက ကျွန်တော့်အား သူပြောပြဖူးသည့် မဆုံးသေးသော (မွန်တီခရစ္စတိုမြို့စား) ပုံပြင်က စပြောသည်။
ထိုအခိုက်တွင်ပင် အိမ်ရှေ့တံခါးဝမှ ဆူဆူညံညံအသံများ ကြားရသည်။ ဖေဖေနှင့် ကျွန်တော်သည် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။
အိမ်ဝ၌ မေမေရောက်နှင့်ပြီ။ ခေါက်တံခါးအပြင်ဘက်၌ လူသုံးဦး ထီးကိုယ်စီဖြင့် ရပ်နေကြသည်။ ရပ်နေသည်ဆို၍ ငြိမ်သက်စွာရှိနေသည်ဟု မဆိုလို။ သူတို့ အားလုံးမှာ အရေးကြီးသော ဟန်အမူအယာရှိသည်။ ကျွန်တော်တို့အား လာ၍အနှောက်အယှက်ပေးမိသည့်အတွက် အားနာကြောင်းလည်း ထင်ရှားနေသည်။
“ဘာကိစ္စလဲကွဲ့ ...”
မေမေက စတင်မေးလိုက်သည်။
“ဪ ... ကျွန်တော်တို့ ဟိုဘက်က နောက်ပြောင်းလာတဲ့ တရားသူကြီးအိမ်ကပါ ...”
လူသုံးဦးအနက် အသက်လေးဆယ်ခန့်ရှိ အသားညိုညို ကတုံးဆံတောက်နှင့် ယောက်ျားတဦးက ဆိုသည်။
“တရားသူကြီးအိမ်ကလား ... မြရေ ... တံခါးဖွင့်ပေးလိုက်ပါ”
ဖေဖေကပြောသဖြင့် မေမေသည် ခေါက်တံခါးကို ဖွင့်ပေးလိုက်သည်။ သို့ရာတွင် သူတို့က အိမ်တွင်းသို့ မဝင်။ ကတုံးဆံတောက်နှင့် လူကသာ ရိုသေစွာ ဆက်ပြောသည်။
“ဆရာကြီးတို့ကို လာအနှောက်အယှက်ပေးမိလား မသိဘူး။ ဒါပေမယ့် တရားသူကြီး သမီးလေး တယောက် ပျောက်သွားလို့ လာစုံစမ်းတာပါ”
ဖေဖေ၊ မေမေနှင့် ကျွန်တော်တို့သည် တဦးမျက်နှာ တဦးကြည့်လိုက်မိကြသည်။ ထို့နောက် ဖေဖေက အဖြေအစား မေးခွန်းတခု ပြန်ထုတ်သည်။
“တရားသူကြီးသမီးက ဘယ်အရွယ်လောက်ရှိသလဲ”
“ကိုးနှစ်သမီးလောက် ရှိပါပြီ ...”
“ဆရာကြီးတော့ မတွေ့မိဘူး၊ ဒါပေမယ့် မြရေ တွေ့မိလား၊ သားကော တွေ့မိသလား”
ဖေဖေက မေမေနှင့် ကျွန်တော့်ဘက်သို့ လှည့်၍ ပြန်မေးသည်။ မေမေနှင့် ကျွန်တော်က ပြိုင်တူခေါင်းခါပြသည်။ ဖေဖေသည် သူတို့ဘက်သို့ လှည့်၍ ပြန်မေးပြန်သည်။
“နေပါဦး .. ဘယ်အချိန်က ဘယ်လိုပျောက်သွားတာလဲ”
“အဲဒါတော့ ကျွန်တော်တို့လည်း မသိဘူး။ ကလေးက ဒီလိုပဲ၊ တခါတလေ ဒီလိုပဲ လျှောက်ထွက် သွားတတ်တယ်။ ဒီဘက်ခြံထဲများ ရောက်နေမလားလို့ ကျွန်တော်တို့ လိုက်ရှာတာပဲ”
“အေးလေ ... ဆရာကြီးတို့တော့ မတွေ့မိဘူး။ နေဦး၊ ကျန်တဲ့လူတွေ မေးကြည့်လိုက်ဦးမယ်”
ဖေဖေသည် အိမ်ရှိ အစေခံအားလုံးကို ခေါ်၍ စစ်မေးသည်။ မည်သူကမျှ တရားသူကြီးသမီးလေးကို တွေ့ သည်ဟု မဆိုကြ။ လူသုံးဦးသည် တယောက်မျက်နှာ တယောက်ကြည့်ကြပြီး ...
“ဒီလိုဆိုရင်တော့ ဘယ်ထွက်သွားတယ် မသိဘူး။ ကျေးဇူးတင်ပါတယ် ဆရာကြီးရယ်၊ ကျွန်တော်တို့ လိုက်ရှာလိုက်ဦးမယ်”
ဟု ဆို၍ ထွက်ခွာရန်ပြင်သည်။
“အို .. နေကြဦးလေ၊ အိမ်နီးနားချင်းတွေပဲ၊ ဆရာကြီးတို့လည်း လိုက်ကူရှာပေးမှာပေါ့ ...။ ဟေ့ ဖိုးခင်နဲ့ မောင်ညို လိုက်ခဲ့ကြစမ်း ....။ ထီးတွေ မိုးကာတွေလည်း ယူခဲ့”
ကျွန်တော်တို့၏ ဒရိုင်ဘာ ကိုဖိုးခင်နှင့် ထမင်းချက် ကိုမောင်ညိုတို့သည် ဖေဖေ့အမိန့်အတိုင်း အိမ်အတွင်းသို့ ပြေးဝင်၍ မိုးကာနှင့် ထီးများကို ယူလာကြသည်။
ဖေဖေက မိုးကာအကျီ ဝတ်နေခိုက် ကျွန်တော်က ဝင်ပြောသည်။
“ဦးလေး ... ကိုဖိုးခင်၊ မောင်မိုးကာလည်း သွားယူဗျာ ...။ မောင်လည်း လိုက်မယ်”
ဖေဖေသည် ထုံးစံအတိုင်း ကျွန်တော့်အား ပြုံးပြုံးကြည့်၍ ခေါင်းခါရင်း တားမြစ်သည်။
“မောင်မလိုက်ပါနဲ့ ... နေခဲ့ပါ...။ မိုးရွာကြီးထဲ အအေးမိနေပါဦးမယ်”
ဖေဖေသည် ကျွန်တော့်ကို အလိုလိုက်မြဲဖြစ်သည်။ အလိုလိုက်သော ဖေဖေက တားမြစ်သောအခါ နာခံရမည်ကိုလည်း ကျွန်တော် နားလည်သည်။ ထို့ကြောင့် ကျွန်တော် ဘာမျှဆက်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။
ဖေဖေက ဝါတာပရု(ဖ်) ဖော့ဦးထုပ်ကိုဆောင်းရင်း စုံစမ်းသည်။
“ဒါထက် တရားသူကြီးမင်းရော ရှိရဲ့လား ...”
ကတုံးဆံတောက်နှင့်လူကပင် ပြန်ဖြေသည်။
“တရားသူကြီးမင်းက ရန်ကုန်ဘက် ကိစ္စရှိလို့ ထွက်သွားတယ်။ သင်္ဘော မဆိုက်သေးဘူး”
ဖေဖေသည် ရှေ့ဆက်မမေးတော့ဘဲ
“ကဲ .. လာကြ လာကြ”ဟု ခေါ်၍ ရှေ့မှ ခေါင်းဆောင် ထွက်သွားသည်။
ကျွန်တော်က မိုးပေါက်များ မြေပြင်သို့ ပြင်းထန်စွာ ကျဆင်းလျက်ရှိသည့် ခြံတွင်းမှ ဖေဖေတို့လူသိုက် ပျောက်သွားသည်အထိ ငေးကြည့်နေမိသည်။
“ကဲ ... မောင် .. ဝင်လေ မေမေ တံခါးပိတ်တော့မယ်”
မေမေက ဆိုသည်ကို ကျွန်တော်က ပြန်တောင်းပန်သည်။
“နေပါဦး မေမေရာ ... ဖေဖေတို့ ပြန်လာတဲ့အထိ စောင့်ရအောင်”
“ဟဲ့ လူလေးရဲ့ ... လူပျောက်ရှာတယ်ဆိုတာ ဘယ်အချိန်ပြန်လာမှန်းမသိဘူး၊ လာကွယ် .. ဝင်ပါ”
ကျွန်တော်သည် မကျေမနပ်နှင့် မေမေနှင့်အတူ အိမ်ထဲသို့ ဝင်ခဲ့သည်။
“ကောင်မလေးက ဘာဖြစ်လို့ ပျောက်သွားရတာလဲ”
“မေမေ ဘယ်လိုလုပ်သိမလဲ မောင်ရ .. မေမေလည်း အခုမှ ကြားရတာပဲဥစ္စာ”
“ကောင်မလေးက မိုးရေလျှောက်ချိုးတာလားမှ မသိတာဘဲ”
“မိုးရေလျှောက်ချိုးတာဆိုရင် ဝေးဝေးလံလံ ဘယ်သွားပါ့မလဲ”
ကျွန်တော်က ပြုံးရယ်လိုက်သည်။
“မေမေ ဘယ်လိုလုပ်သိလဲ”
“ဟဲ့ ... မောင်လည်း မိုးရေလျှောက်ချိုးဖူးတာပဲ မဟုတ်လား၊ ဘယ်တုန်းက ဝေးဝေးသွားဖူးလို့လဲ”
မေမေ့စကားသံကြောင့် ကျွန်တော် ပို၍သဘောကျသွားသည်။
“ဟော .. မေမေက သိပ်အတာပဲ။ မောင်က သွားတာမှ အဝေးကြီးသွားတာ၊ ကျိုက်ဗောဓိကုန်း ဟိုဘက်တောင် ရောက်သေးတယ်”
မေမေသည် မျက်လုံးပြူးသွားသည်။ ထို့နောက် မျက်နှာထန်ချင်ယောင်ပြု၍ အသံမမာဘဲ ကြိမ်းသည်။
“ကြည့်စမ်း .. ပေါ်ပြီ။ မောင် နောက်ဘယ်တော့မှ မိုးရေထွက်မချိုးရတော့ဘူး”
“မောင်က အလကားပြောတာပါ ... ဂါတ်တဲဝင်းထဲအထိလောက်ပဲ ရောက်ပါတယ်။ အဲဒါတောင် ကိုမောင်ညိုကြီး လိုက်လိုက်ခေါ်လို့ ပြန်ပြန်လာခဲ့ရတာ မေမေသိရဲ့ သားနဲ့ ..”
မေမေသည် ခေါင်းခါရင်း ကျွန်တော့်ကို စိတ်ဆိုးဟန်မပါဘဲ မျက်စောင်းထိုးသည်။
“မောင် သိပ်တတ်နိုင်တာပဲ ... ခုတမျိုး တော်ကြာတမျိုး။ ကဲ .. လာပါ။ မီးဖိုထဲ လိုက်ခဲ့”
ကျွန်တော်သည် မေမေနှင့်အတူ မီးဖိုထဲ လိုက်ခဲ့သည်။မီးဖိုခန်းအတွင်း၌ ဒေါ်စာဥကြီးသည် ဟင်းအိုးများဖြင့် အလုပ်ရှုပ်နေသည်။ မမေစန်းက ဆေးကြော ပြီးသား ပန်းကန်များကို ရေသုတ်နေသည်။
“သားဆာရင် စားမလား”
“ဖေဖေပြန်လာမှ အတူတူစားပါ့မယ်။ ဟိုကောင်မလေး .. တွေ့လား၊ မတွေ့လားမှ မသိဘဲ”
“ကောင်မလေးတွေ့တာ မတွေ့တာနဲ့ ... ငါ့သားနဲ့ ဘာဆိုင်လို့လဲ ..”
“မောင်သိချင်လို့ပါ”
မေမေသည် ဖေဖေပြန်လာလျှင် အဆင်သင့် ထမင်းစားနိုင်ရန် မမေစန်းကို ကြီးကြပ်ညွှန်ကြားနေခိုက် ကျွန်တော်က ဒေါ်စာဥကြီးနားသို့ ကပ်သွားသည်။
ကျွန်တော့် ဒေါ်စာဥကြီးသည် အသားဖြူဖြူ ၀၀ဖိုင့်ဖိုင့်နှင့် ဖိုးဝရုပ်ကြီးလို ချစ်စရာကြီးဖြစ်သည်။ သူ့အနီးသို့ ကျွန်တော် ကပ်သွားသောအခါ ဒေါ်စာဥကြီးသည် တစ်ချက်ပြုံးပြ၍ အလိုက်သိစွာ ဒယ်အိုးတွင်းမှ ပုစွန်ကြောကြီးသုံးလေးကောင်ကို ဆယ်ပေးသည်။
“ပူတယ်နော် မောင် ... မှုတ်ပြီးစား”
ကျွန်တော်သည် ဒေါ်စာဥကြီးပေးသော ပုစွန်များကို မစားသေးဘဲ စကားပြောမိသည်။
“ဒေါ်လေး ... ဟိုဘက်အိမ်က တရားသူကြီးသမီးလေး ပျောက်သွားလို့တဲ့”
ဒေါ်စာဥကြီးသည် “အင်း ... အင်း”ဟု ဆိုကာ သူ့လက်မောင်းတုတ်တုတ်တွဲတွဲကြီးများ လှုပ်ခါ ယမ်းအောင် မျှစ်နှင့် ပုစွန်ကို အားရပါးရ လှော်မွှေကြော်ချက်နေသည်။
“အခု ... အဲဒီကောင်မလေးကို ရှာဖို့ ဖေဖေရော ဦးလေးကိုဖိုးခင်ရော၊ ကိုမောင်ညိုကြီးရော လိုက်သွားကြတယ်”
“အင်း ... အင်း” ဒေါ်စာဥကြီးသည် သူ့လက်မောင်းသားကြီးလှုပ်အောင် ဆက်၍ကြော်လှော်နေသည်။
“ကောင်မလေးက ကိုးနှစ်သမီးပဲ ရှိသေးတယ်တဲ့ ... သိလားဗျ”
“အင်း ... အင်း “
ဒေါ်စာဥကြီးသည် အင်းအင်းသာ လိုက်၍ သူ့လက်မောင်းကြီးများက တလှုပ်လှုပ်ဖြင့် ဆက်လက် ကြော်မြဲကြော်နေသည်။
“ဒေါ်လေးကလည်း အင်းအင်းပဲ လုပ်နေ၊ မောင်ပြောတာ နားထောင်ပါဦး”
ဒေါ်စာဥကြီးသည် အကြော်မပျက်။ သို့ရာတွင် ကျွန်တော့်ကို ပြုံးချိုစွာကြည့်၍ ပြန်ပြောသည်။
“ဒေါ်လေးနားထောင်နေပါတယ်။ ကောင်မလေး ပျောက်သွားတယ်။ ဆရာကြီးတို့ လိုက်ရှာကြတယ်။ အင်းလေ .. အဲဒါဘာဖြစ်လဲ”
ကျွန်တော်သည် ဒေါ်စာဥကြီးနားနား ကပ်သွား၍ ပြောသည်။
“ကောင်မလေးကို ဗသျှူးခေါင်းဖြတ် ဖမ်းသွားလားမသိဘူး။ ဒါပေမယ့် ဒေါ်လေးပဲ ပြောတာပဲ။ ဗသျှူးခေါင်းဖြတ်က သဇင်ပန်းပန်ထားတဲ့သူမှ ဖြတ်တယ်ဆို၊ အခု သဇင်ပန်း မပေါ်သေးဘူး၊ ဒီတော့ ကောင်မလေးကို ဗသျှူးခေါင်းဖြတ် ...”
ကျွန်တော့်စကား မဆုံးလိုက်ရ၊ ဒေါ်စာဥကြီးသည် ယောက်မကြီးကို လွှတ်ချလိုက်သည်။ မျက်လုံးကြီး ပြူး၍ ဟိုကြည့်၊သည်ကြည့်လုပ်သည်။
ဖေဖေနှင့် မေမေသည် ကလေးများအား ခြောက်လှန့်သည်ကို မကြိုက်။ သို့ရာတွင် ဒေါ်စာဥကြီးသည် ကျွန်တော့်ကို ထန်းပင်လောက်ရှိသော တစ္ဆေကြီးများအကြောင်း၊ နားရွက်ကြီးများကို စောင်ပမာ ဖက်၍ ခြုံအိပ်တတ်သော သဘက်ကြီးများအကြောင်း၊ ဒီဇင်ဘာလ သဇင်ပန်းများပွင့်လျှင် သဇင်ပန်းပန်သူကို လိုက်၍ ခေါင်းဖြတ်တတ်သော ဗသျှူးခေါင်းဖြတ်များအကြောင်း စသည်ဖြင့် မဟုတ်ကဟုတ်က ကြောက်စရာအစုံကို ပြောပြတတ်သည်။ ပြောပြပြီးတိုင်းလည်း ကျွန်တော့်ကို နှုတ်ပိတ်တတ်သည်။
“မောင် ဒေါ်လေးပြောတာတွေကို ဆရာကြီးနဲ့ မမမြကို ပြန်မပြောနဲ့နော်၊ ပြီးတော့ ကိုကို့ကိုလည်း မပြောရဘူး။ ပြန်ပြောရင် နောက် အဲဒီအကြောင်းတွေ ဘယ်တော့မှ ဒေါ်လေး မပြောတော့ဘူး”
ဤသည်ကား ကျွန်တော်နှင့် ဒေါ်စာဥကြီးတို့၏ နားလည်မှုစာချုပ်ဖြစ်သည်။ ယခု ကျွန်တော်က ဗသျှူးခေါင်းဖြတ်အကြောင်း တိုးတိုးပင်ပြောသော်လည်း ဒေါ်စာဥကြီးသည် ထိတ်လန့်၍ ဟိုဟိုဒီဒီ ကြည့်မိခြင်း ဖြစ်သည်။ ကံအားလျော်စွာ မေမေသည် ခပ်လှမ်းလှမ်း၌ မမစန်းနှင့်အတူ အလုပ်များနေသည်။
ဒေါ်စာဥကြီးသည် သူ့ပါးဖောင်းဖောင်းကြီးနှင့် နှုတ်ခမ်းဖောင်းဖောင်းကြီးများကို ဘရိတ်ထိန်း၍ ခန္ဓာကိုယ်နှင့် မလိုက်အောင် တိုးသည့်လေသံနှင့် ပြောပြ၏။
“ကောင်မလေးကို ဗသျှူးခေါင်းဖြတ် ခေါ်သွားတာ မဟုတ်ဘူး။ ဒီအချိန် ဗသျှူးခေါင်းဖြတ် မပေါ်သေးဘူး .. ဥစ္စာစောင့် ခေါ်သွားတာလားမှ မသိဘဲ”
ကျွန်တော်သည် ဒေါ်စာဥကြီး၏ အသစ်အဆန်းဖြစ်သည့် ဥစ္စာစောင့် ဆိုသောစကားကြောင့် စိတ်ဝင်စားသွားသည်။
“ဒေါ်လေး အဲဒီ ... ဥစ် .. ဘာဒင်း”
“ဥစ္စာစောင့် .. ဥစ္စာစောင့်”
“အဲ .. ဥစ္စာစောင့်ဆိုတာ ဘာလဲ”
ဒေါ်စာဥကြီးသည် လေသံကို ဒယ်အိုးထဲမှ ဆီပွက်သံထက်ပင် တိုး၍ပြောသည်။
“ဥစ္စာစောင့်ဆိုတာ လူမဟုတ်ဘူး။ သရဲလည်း မဟုတ်ဘူး ...။ ယောက်ျားလည်း မဟုတ်ဘူး။ မိန်းမ .. ပြီးတော့ သိပ်ချောတယ် ...”
“လူမဟုတ်ဘူး၊ သရဲလည်း မဟုတ်ဘူး၊ ယောက်ျားလည်းမဟုတ်ဘူး၊ ပြီးတော့ သိပ်ချောတယ်။ သူက ဘာလို့ ကောင်မလေးကို ခေါ်သွားရမှာလဲ”
ထိုစဉ် မေမေသည် တဖက်ထမင်းစားခန်းမှ ထွက်လာသည်။ ဒေါ်စာဥကြီးသည် ကပျာကယာ ယောက်မကြီးကို ကိုင်၍ မျှစ်ဆက်ကြော်သည်။ ကြော်ရင်းလည်း ကျွန်တော့်ကို ပြောသည်။
“မောင် ... ဒေါ်လေးတို့ပြောတာတွေ ဆရာကြီးကို ပြန်မပြောရဘူး၊ မမမြကိုလည်း မပြောရဘူး။ ကိုကို့ ကိုလည်း မပြောရဘူး”
“အင်းပါ ဒေါ်လေးရာ ... မောင်ဘယ်တုန်းက ပြောဖူးလို့လဲ”
“အေးအေး ... ပြန်မပြောနဲ့ ကြားလား။ ဒေါ်လေး မောင့်ကို ဥစ္စာစောင့်အကြောင်းရယ်။ ပြီးတော့ ကပ်ကြီးသုံးပါးတိုက်တဲ့အကြောင်းရယ် ပြောပြဦးမယ်”
မေမေသည် ကျွန်တော့်အနီးသို့ ရောက်လာသည်။ ဒေါ်စာဥကြီးက မှင်ဟန်မပျက်ဘဲ တရှဲရှဲနှင့် မျှစ်ဆက်ကြော်သည်။ ကျွန်တော်ကလည်း ကတိရှိသည်နှင့်အညီ ဘာမျှအထွေအထူးမပြောခဲ့ဟန် အတန် အေးနေပြီဖြစ်သော ပုစွန်ကြော်များကို မှင်သေသေဖြင့် စားနေသည်။
မေမေသည် ကျွန်တော့်ပုခုံးကို အသာပုတ်၍ ပြုံးချိုစွာဖြင့် ဆိုသည်။
“ငါ့သား ဆာလှပလား ..”
“မောင် မဆာသေးပါဘူး၊ ဒေါ်စာဥကြီးနဲ့ စကားပြောနေတာပါ”
“စာဥနဲ့ ငါ့သား ဘာတွေပြောနေကြသလဲ ...”
ဒေါ်စာဥကြီးသည် ကျွန်တော့်ကို ထိတ်လန့်တကြား မော့ကြည့်ရှာသည်။
“ဒေါ်လေးက ကျွန်တော့်ကို ဟို .. ဥစ် ... ဥစ် ... ဒေါ်လေး ဘာတဲ့”
ဒေါ်စာဥကြီးသည် မေမေ့ဘက်သို့ ပျာပျာသလဲ လှည့်၍ဖြေသည်။
“မောင်က နေ့ခင်းစာ ဘာစားရမလဲလို့ ဟို ... အုန်း ... အုန်း အဲ ... ပေါင်မုန့်အုန်းနို့ဆမ်း ကျွေးမယ်လို့ ပြောတာ”
ကျွန်တော်သည် ဒေါ်စာဥကြီးကို စိတ်မချမ်းသာအောင် စ,ခဲ့ရသဖြင့် စိတ်ကျေနပ်သောကြောင့် အိမ်ရှေ့ခန်းသို့ ထွက်လာသည်။
ကျွန်တော် အိမ်ရှေ့သို့ ရောက်သောအခါ အဆင်သင့်ပင် ဖေဖေတို့လည်း ပြန်ရောက်လာသည်။ ဖေဖေတို့အသံ ကြားရသဖြင့် မေမေလည်း ထွက်လာခဲ့သည်။မေမေ တံခါးဖွင့်ပေးအပြီး၌ ဖေဖေက ဆို၏။
“မြရေ ... ကိုကို့ဆေးသေတ္တာ ပေးကွယ် ...”
“ဘာလဲကိုကို၊ ကောင်မလေး ပြန်တွေ့ခဲ့ပလား”
“တွေ့ခဲ့တယ်၊ ဟို ... ကျိုက်ဗောဓိကုန်းနားမှာ”
မေမေသည် ကျွန်တော့်အား မသိမသာ မျက်စောင်းထိုးပြ၍ ဆေးသေတ္တာ သွားယူသည်။ ကျွန်တော်သည် စိုးရိမ်တကြီးဖြင့် ဖေဖေ့နား ကပ်သွားမိသည်။
“ဖေဖေ ... ကောင်မလေး ခေါင်းမပြတ်ဘူး မဟုတ်လား ...”
ဖေဖေက ကျွန်တော့်အား မျက်မှောင်ကြုတ်ကြည့်သည်။ ကျွန်တော်ကလည်း စကားမှားသွားမှန်း သတိပြုမိ၏။
“ကောင်မလေးက ဘာလို့ ခေါင်းပြတ်ရမှာလဲ ...”
ရုတ်တရက် ကျွန်တော် ဖြေစရာမရှိ။ကျွန်တော့်ဖေဖေသည် ဆရာဝန်ကြီးတဦးပီပီ အရေးထဲတွင် ခေါင်းအေးအေးထား၍ စဉ်းစားနိုင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ကျွန်တော့်စကားအမှားမှ အကြောင်းတရားစုံကို ချက်ချင်း ရိပ်မိသွားသည်။
“ငါသားကို ဗသျှူးခေါင်းပြတ်အကြောင်း ဘယ်သူပြောတာလဲ”
ကျွန်တော် ပြန်မဖြေနိုင်။ သို့ရာတွင် ဖေဖေက နားလည်စွာပြုံး၍ မှတ်ချက်ချသည်။
“သားကို ဒေါ်စာဥပြောတယ် မဟုတ်လား”
ကျွန်တော်သည် ဒေါ်စာဥကြီးကို သစ္စာရှိစွာဖြင့် အဖြေမပေးဘဲ ငြိမ်နေသည်။ဖေဖေ့ပါးများ နီရဲနေသည်ကိုထောက်၍ အလွန်စိတ်ဆိုးနေကြောင်း သိသည်။ သို့ရာတွင် ကံအားလျော်စွာ အချိန်မီပင် မေမေက ဆေးသေတ္တာကိုယူ၍ ပြန်ရောက်လာသည်။ ဖေဖေသည် ဘာမျှမပြောတော့ဘဲ ဆေးသေတ္တာကိုယူ၍ တဖက်ခြံသို့ ထွက်ခွာသွားသည်။ကျွန်တော်က မေမေ့ကို မေးမိသည်။
“မေမေ ... ကောင်မလေး ဘာဖြစ်လို့လဲ”
“မေမေလည်း ဘယ်သိမလဲ ... မောင်နဲ့ ဒီမှာရှိနေတာပဲ”
ဤသို့ ကျွန်တော်တို့သားအမိ အိမ်တွင်း ပြန်ဝင်လာခဲ့ကြသည်။
ဤအကြိမ်တွင်မူ ကျွန်တော်သည် မီးဖိုထဲသို့ မသွားတော့ဘဲ ထမင်းစားပွဲတွင် ဝင်ထိုင်၍ စဉ်းစား နေမိသည်။
တရားသူကြီးသမီး ကောင်မလေးကို ပြန်တွေ့ခဲ့ပြီ ဆိုသည်။ ဒေါ်စာဥကြီးက ဥစ္စာစောင့် ခေါ်သွားသည်ဟု ဆိုသည်။ ဖေဖေကလည်း ဆေးအိတ်ကို ယူသွားသည်။ ဥစ္စာစောင့်ဆိုတာသည် ကောင်မလေးကို ဘာလုပ်လွှတ်လိုက်သနည်း။ကျွန်တော့်အတွေးနှင့် ကျွန်တော် ချာချာလည်နေခိုက် ဖေဖေ၊ ကိုမောင်ညိုနှင့် ကိုဖိုးခင်တို့ ပြန်ရောက် လာကြသည်။
ဖေဖေ အပေါ်ထပ်သို့ အဝတ်လဲရန် တက်သွားသည်။ မေမေကလည်း ဒေါ်စာဥကြီးတို့အား ထမင်း ပြင်ရန် ညွှန်ကြားကာ တက်လိုက်သွားသည်။
မမေစန်းက ဒေါ်စာဥကြီး ခူးခပ်ပေးသည်များကို ယူဆောင်သွား၍ ထမင်းပွဲပြင်သည်။ အမြန်အဆန် အဝတ်စားလဲခဲ့သော ကိုမောင်ညိုကလည်း မမေစန်းကို ကူသည်။ကိုမောင်ညိုနှင့် မမေစန်းတို့ ထမင်းပွဲပြင်သည်ကို ကြီးကြပ်ရင်း ဒေါ်စာဥကြီးသည် ကျွန်တော့်အနီးသို့ ကပ်လာသည်။
“ဒေါ်လေး ... ကောင်မလေးကို ဥစ္စာစောင့် က ဘာလုပ်လွှတ်လိုက်တယ် မသိဘူး”
“ရှူး .. တိုးတိုး၊ မောင်က ဥစ္စာစောင့်အကြောင်း သိပ်သိချင်တယ်လား”
“သိချင်တာပေါ့ ဒေါ်လေး”
“သိချင်ရင် ... နက်ဖြန်နေ့ခင်းကျတော့ ဒေါ်လေးအခန်း လာခဲ့။ ပြောပြမယ်”
ဤသို့ ကျွန်တော်တို့ စာချုပ်နေစဉ် အဝတ်အစားလဲပြီး၍ ဖေဖေနှင့် မေမေ ဆင်းလာသည်။ ဖေဖေက စားပွဲထိပ်မှ ထိုင်သည်။ မေမေက ဖေဖေလက်ဝဲဘက် စားပွဲအလယ်၌ ထိုင်သည်။ ဖေဖေနှင့် မျက်နှာချင်းဆိုင် အခြားစားပွဲထိပ်တွင် ကျွန်တော် ထိုင်ရသည်။ ကိုကိုရှိလျှင် ကျွန်တော်ထိုင်သောနေရာတွင် ကိုကို ထိုင်သည်။ ထိုအခါ ကျွန်တော်က မေမေ့အနီးတွင်ဖြစ်စေ၊ ဒေါ်စာဥကြီးအနီးတွင်ဖြစ်စေ ထိုင်လေ့ရှိသည်။
ကျွန်တော်တို့ ထမင်းစ စားသည်။ကျွန်တော်သည် ကျွန်တော် အလွန်ကြိုက်သော ဝါးပိုးမျှစ်နှင့် ပုစွန်ကြော့ ကြော်ကို ထမင်းနှင့် မြိန်ရေရှက်ရေ ကုန်းလွေး နေခိုက် မေမေက ဖေဖေ့ကို မေးသည်။
“ကလေးမလေးက ဘာဖြစ်တာတဲ့လဲ ကိုကို”
ဖေဖေသည် ခဝဲသီးဟင်းချိုကို သောက်နေရာမှ မေမေ့ကို လှမ်းကြည့်သည်။ ရုတ်တရက် မဖြေဘဲ စဉ်းစားသယောင် ငြိမ်နေပြီး ထမင်းတလုပ်ဝါးပြီးမှ ဆို၏။
“ကိုကိုတော့ အတပ်မပြောနိုင်သေးဘူး။ ဒါပေမယ့် မြကို ကိုကို တခါပြောပြဖူးတဲ့ စိတ်ရောဂါလို့ ထင်တာပဲ”
မေမေသည် ဖေဖေ့အား တချက်စိုက်ကြည့်လိုက်သည်။ ဘာမျှတော့ဆက်မမေး။ ဆက်မေးသူမှာ ကျွန်တော်သာလျှင်ဖြစ်သည်။
“စိတ်ရောဂါဆိုတာ ဘာလဲ ဖေဖေ”
ဖေဖေသည် တွေသွား၏။ ထို့နောက် ထမင်းစားကို ရပ်ကာ အဓိပ္ပါယ်ပြည့်ဝစွာဖြင့် ရှင်းပြ၏။
“မောင်နားထောင်၊ စာဥလည်း နားထောင်၊ စိတ်ရောဂါဆိုတာ ဖျားတာလည်းမဟုတ်ဘူး၊ နာတာလည်းမဟုတ်ဘူး၊ ဘာမှဖြစ်တာလည်း မဟုတ်ဘူး၊ ဉာဏ်မရှိတဲ့ လူကြီးတွေကြောင့် ကလေးတွေ ဒုက္ခ မရောက်သင့်ဘဲ ရောက်တာကို ခေါ်တာ။ ဒီတော့ စာဥ လောကကြီးမှာ မရှိတဲ့ ဗသျှူးခေါင်းဖြတ်တို့ ဘာတို့ ဆိုတာတွေ မောင့်ကို မဟုတ်ကဟုတ်က မပြောနဲ့၊ ကြားလား။ အဲ ... ပြောရင်တော့ နင့်ကို လူကြီးတန်မဲ့ စိတ်ရောဂါရတယ်ဆိုပြီး စိတ်ရောဂါကုဆေးရုံ ပို့ပစ်လိုက်မယ် ကြားလား”
ဖေဖေပြောသော စကားအားလုံးကို ကျွန်တော်နားမလည်ပါ။ သို့ရာတွင် ထမင်းကို ဖြောင့်ဖြောင့် မမျိုနိုင်အောင် ဣန္ဒြေပျက်သွားသော ဒေါ်စာဥကြီး၌ လူကြီးတန်မဲ့ စိတ်ရောဂါစွဲကပ်နေပြီလော ...။
ကျွန်တော်သည် ပါးဖောင်းဖောင်းကြီးဖြင့် ချစ်စရာကောင်းသော ဒေါ်စာဥကြီးကို သနားစွာ လှမ်းကြည့်ခိုက် ဒေါ်စာဥကြီးက ထမင်းဝိုင်းမှ ထပြေးသည်။ ကျွန်တော်က အိပဲ့အိပဲ့ လှုပ်တုပ်လှုပ်တုပ်နှင့် ရေစည်ပိုင်းလိမ့်သွားဟန်ရှိသော ဒေါ်စာဥကြီး၏ နောက်ကျောကို စိုက်ကြည့်နေခိုက် ဖေဖေက ရယ်သည်။ဖေဖေ ရယ်သဖြင့် ကျွန်တော်က မစိုးရိမ်ဘဲ မေးမိသည်။
“ဒေါ်စာဥကြီးက တကယ်ပဲ စိတ်ရောဂါရနေသလား”
ကျွန်တော့်အမေးကြောင့် ဖေဖေသည် ထမင်းသီးအောင် ဆက်ရယ်သည်။
“မောင့်ဒေါ်လေးက မဟုတ်တာတွေပြောလို့ ဖေဖေက ခြောက်လိုက်တာပါ။ ဗသျှူးခေါင်းဖြတ်တို့၊ သရဲတို့ဆိုတာ လောကမှာ မရှိဘူး။ မောင့်ကို ရင်ခွဲရုံ ဖေဖေ ခေါ်ဖူးသားပဲ၊ သေနေတဲ့လူကို ဖေဖေက ဓားကြီးနဲ့ ခွဲတော့ သူက ဘာပြန်လုပ်နိုင်သလဲ”
“သေတဲ့လူက ဘာပြန်လုပ်နိုင်မလဲ”
“အဲ မောင်သိသားပဲ၊ သေတဲ့လူက ဘာပြန်လုပ်နိုင်သလဲ၊ စာဥက သေတဲ့လူကို တစ္ဆေဖြစ်တယ်။ ဘာဖြစ်တယ်နဲ့ မဟုတ်ကဟုတ်က ခြောက်တယ်၊ အဲဒီလို မဟုတ်ကဟုတ်ကကို ကြောက်တတ်တဲ့လူကို စိတ်ရောဂါရှိတယ်လို့ ခေါ်တယ်”
ကျွန်တော်က မေမေ့ကို လှမ်းကြည့်သည်။ မေမေကလည်း ပြုံးပြုံးရယ်ရယ်ဖြင့် ဖေဖေ ပြောသည်ကို ထောက်ခံသည့်ဟန် ခေါင်းညိတ်နေသည်။
ကျွန်တော်သည် ဒေါ်စာဥကြီးကို သနားသွား၏။ ဖေဖေပြောသည့်အတိုင်းဆိုလျှင် ဒေါ်စာဥကြီးသည် မဟုတ်ကဟုတ်က လျှောက်ပြောနေသော စိတ္တဇရောဂါသည် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ထမင်းစားပြီးသောအခါ ဒေါ်စာဥကြီးအခန်းသို့ သွားသည်။ ဒေါ်စာဥကြီးသည် ခေါင်းကိုက်သည်ဟုဆိုကာ အိပ်ရာထဲ၌ စောစောဝင်နေသည်။
“ဒေါ်လေး ခေါင်းကိုက်နေသလား ... အဲဒါ ဖေဖေပြောတဲ့ စိတ်ရောဂါဖြစ်မှာပဲ၊ ဒေါ်လေးလည်း ဘာလို့ မဟုတ်ကဟုတ်ကတွေ ယုံတာလဲ”
“ဒေါ်လေးက မဟုတ်ကဟုတ်ကတွေ ပြောတာမဟုတ်ဘူး၊ မောင်ကသာ ဆရာကြီးကို ဘာမဟုတ်က ဟုတ်ကတွေ သွားတိုင်တာလဲ”
ဒေါ်စာဥကြီးသည် ကျွန်တော့်ကို သူ့အခန်းတွင်းမှ တွန်းထုတ်သည်။ သူ့ အခန်းတံခါးကို မပိတ်မီ ကျွန်တော့်အတွက် ဝမ်းနည်းဖွယ်စကားကိုလည်း ဆိုသည်။
“မောင့်ကို နောက်ဘယ်တော့မှ မပြောတော့ဘူး ... သိရဲ့လား၊ မောင်က နှုတ်မလုံဘဲ၊ အစက ဒီက ဥစ္စာစောင့်နဲ့ ကပ်ကြီးသုံးပါးအကြောင်း ပြောပြမလို့ ။ အခုတော့ ဘယ်တော့မှ မပြောတော့ဘူး။ သွား ... သွား စေတနာတွေ ဝေဒနာဖြစ်တယ်”
ဒေါ်စာဥကြီးက တံခါးကို ဆောင့်ပိတ်လိုက်သောအခါ ကျွန်တော်သည် ဝမ်းနည်းပမ်းနည်း ထွက်ခဲ့ရပါ၏။
၂ ဆက်ရန်

Comments
Post a Comment