ပေါက်ခါစတွင်၊ ဤနှစ်ပင်သည်
အသွင်မခြား၊ ဖွံ့ဖွံ့ထွားလျက်
စပါးပင်နှင့် တူလှသည်။ ။
နှစ်ပင်စလုံး၊ မြရွက်ဖုံးကာ
ညှာတံစိမ်းစိမ်း၊ လေတွင်ယိမ်းလျက်
အရွက်နုနု၊ ပေါ်စ ပြုရင်း
အလုအယက်၊ မြေမှထွက်သည်
မြေပျက်ပင်လော မျက်ပင်လော။ ။
မြက်ပင်ရိုင်းကား
စပါးဟန်ဆောင်၊ ချွန်းချွန်းထောင်၍
နေရောင် ပလွှား၊ ဝင့်ဝင့်ကြွားလည်း
ရက်များမကြာ၊ နွမ်းဖျော့ဝါလျက်
အညှာလည်းညိူး၊ အဆစ် ကျိုးခဲ့
အရိုး ကိုင်းကိုင်း၊ ညွတ်ညွတ်ဆိုင်းကာ
ပင်ရိုင်းမြေမှာ၊ ဝပ်တွားလာမှ
မြက်ဇာတိရုပ် ပေါ်တော့သည်။ ။
ထိုအခါတွင်၊ စပါးပင်ကား
မြေပြင်ထဲမှ၊ အားမာန် ထ၍
မြင့်ကြွ ပင်စည်၊ ရွှေရည်ဆွတ်လူး
စပါး ဖူးနှံ၊ မိုးသို့ပျံလျက်
လူ့တွက်ကျေးဇူး၊ စားဦး ရိက္ခာ
သီးမှည့်လာခဲ့။ ။
မြေမှာဝပ်တွား၊ မြက်ရိုင်းများမူ
ကြွက်ဖား အစာ၊ ဝပ်ကျင်း ရှာသည်
အိပ်ရာခန်းဗွေ၊ ဖြစ်ခဲ့လေငြား
စပါးကိုပြိုင်၊ မနိုင်လေဘု
နေရာလုလည်း
အတုအယောင် သာပင်တည်း။ ။ (ဒေါင်းနွယ်ဆွေ)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment