ကျွန်တော်က ငယ်သွားပေါက်ကတည်းက တောစာတွေစားရတယ်။ သူငယ်တန်းကျောင်းသားကတည်းက တောမြို့စာတွေ။ ဆေးကျောင်းသားဖြစ်တော့ ရွှေမြို့တော်က အစားအသောက်တွေ စားရပါတယ်။
ဟိုမြို့ ဒီရွာတွေ ပြောင်းရွေ့တာဝန်ထမ်းတော့လည်း ဒေသမျိုးစုံက အစားမျိုးစုံ။
ဟိုတိုင်းပြည် ဒီတိုင်းပြည်အမျိုးမျိုးရောက်ပြန်တော့လည်း အစားမျိုးအတော်စုံပါတယ်။
အစားကောင်းတွေ အစားဆန်းတွေလည်း စားဘူးတယ်။
ခေတ်ပေါ် အစားအသောက်အမည်ဆန်းတွေကတော့ ခေါင်းခဲစေတယ်။
ဝက်သားနဲ့ ပုန်းရည်ကြီးချက်တာကို ဝက်ပုန်းတဲ့။ ဝက်က ဘယ်မှာသွားပုန်းသလဲ။ အတော်စဉ်းစားယူရတယ်။
မိတ်ဆွေတယောက်က ပဲအီကြာမှာတယ်။ စားပွဲကိုလာချတော့မှ သြော် ပဲနဲ့ အီကြာကွေးကိုး။
သောက်ဆန်း ဆိုတာလည်း အသက်ကြီးတဲ့အထိမကြာဘူးခဲ့။ သြော် ကာလသားဟင်းလိုပါဘဲလား။ ခွေးတောက်ရွက်သာ မပါတာ။
ဝက်သားပေါက်ဆီ၊ ကြက်သားဆန်ပြုတ်၊ ဆိတ်သားပလာတာ စသဖြင့် ခေါ်ခဲ့ကြတယ်။ အခုတော့ ဝက်၊ ကြက်၊ ဆိတ် နောက်က သား မပါတော့ပါ။ အဲဒါတွေကိုလည်း စဉ်းစားနားလည်ယူရတယ်။
ချင်းစာတချို့ကိုလည်း ချင်းတွေနဲ့ ဆယ်စုနှစ်တွေကြာနေရလို့ သိသွားပြီ။
ပန်းမီး ဆိုတာတွေ မလေးရှားကအစားအစာလို့ နားလည်သွားပါပြီ။
ဂူဂယ်လ်မှာ သောက်ဆမ်းလိုက်ရှာတော့ ဟင်းရည်မပါတဲ့ပုံလည်း တွေ့တယ်။ ဘယ်ဟာကိုသောက်မှာလဲ မသိ။ ရေနဲ့မျှောချမယ် ထင်ရတယ်။
သြော် ခေတ်ပေါ်အစားအစာဆိုတာ နားလည်ရခက်အောင် အမည်ပေးတာတွေကိုး။ ကြိုက်ကြသတဲ့။
တောသား တယ်ခေတ်နောက်ကျတယ်။
စောစောက တဇောင်းဖူးကို ဘယ်လိုခေါ်သလဲလို့ တယောက်ကမေးတာကို ကွန်မင့်တခုက ရွှေကြာဖူးတဲ့။
မြို့သူတွေလဲ ခေတ်နောက်ကျတာဘဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment