Skip to main content

စကား အင်္ဂါ ငါးတန်

တခွန်းစကား၊       အစိတ်ပြားဖြင့်

ငါးပါးအင်္ဂါ၊         နှစ်ပြည့်မာသား

ကြေညာဝေးနီး၊    စာရေးကြီးဟု

ဆိုတီးတတ်ပွန်၊    မတ်ရည်မွန်တွင်

တံခွန်ထူဆောက်၊ တောင်ကိုဖောက်သည် (ဝက်မစွတ်နဝဒေး တရုပ်သံရောက်မော်ကွန်း။ ပိုဒ်-၃၇။)

စကားတခွန်းစီတိုင်းကို အင်္ဂါအစိတ်အပိုင်း ငါးပါး ပြည့်စုံအောင် ပြောဆိုတတ်‌၍ တံခွန်ကို ထူဆောက်ဘိသကဲ့သို့ ထင်ရှားသော၊ မင်း၏တံခွန်ဖြစ်သော၊ အမတ်ကောင်းတို့၏ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အမတ်ကြီးနေမျိုးမင်းလှ နှင့်တကွ အမတ် ငါးဦးတို့ကို မြန်မာသံဖက်အဖြစ် ရွေးချယ်ကြောင်း ဖွဲ့ဆိုခြင်း ဖြစ်ပါသည်။

ထို၌ စကားတခွန်း၏ အင်္ဂါငါးပါး ဟူသည်

၁။ ပဋိညာဉ် (နိဒါန်း)၊

၂။ ဥပမာ (နှိုင်းယှဉ်ချက်)၊

၃။ ဟေတု (အကြောင်းတရား)၊

၄။ ဥဒဟရဏ (ပုံစံ)၊

၅။ နိဂမ (နိဂုံး) တို့ဖြစ်သည်။ 

(အထက်ငါးချက်ကို ဒေါ်တင်တင်မြင့် ရေး မော်ကွန်းအဖြေ က ရယူပါသည်။)

စကားအင်္ဂါငါးပါးတို့ အကြောင်းကို မဟာစည်ဆရာတော်ကြီး ရေးသားတော်မူသည့် "ဝိသုဒ္ဓိမဂ်မြန်မာပြန်" နှင့် "ဝိသုဒ္ဓိမဂ် မဟာဋီကာ နိဿယ" တို့တွင်လည်း တွေ့ရပါသည်။

နည်းငယ် ကောက်နုတ် ရေးတင်လိုက်ပါသည်။   ။

ဝိသုဒ္ဓိမဂ်မြန်မာပြန်-

စကားအချေအတင် ပြောဆိုသောအခါ အသိခက်သော အနက်ကို ပြဆိုသောအခါတို့၌ အခြားပုဂ္ဂိုလ်များ နှစ်သက် လက်ခံနိုင်အောင် ဝစနာဝယဝခေါ် စကား၏ အစိတ်အပိုင်း ငါးပါးလုံးကို ပြည့်စုံစွာ ပြောဆိုရမည်။ ၎င်းတို့မှာ-

(၁) ပဋိညာ - မိမိ၏ ဝါဒအဖြစ်ဖြင့် ဝန်ခံတင်ပြချက် အဆိုတင်ပြချက်၊

(၂) ဟေတု - ထိုတင်ပြချက် မှန်ကန်ကြောင်း သိစေရန် အကြောင်းပြချက်၊

(၃) ဥဒါဟရဏ - ပုံတူ ဥပမာ ထုတ်ပြချက်၊

(၄) ဥပနယ - ဥပမာနှင့် ဥပမေယျ နှီးနှောဆောင်ကပ်၍ ပြချက်၊

(၅) နိဂုံး - အဆုံးသတ် အတည်ပြု ဆုံးဖြတ်ချက်တို့ပင် ဖြစ်သည်။

ပုံစံထုတ်၍ ပြအံ့။

(၁) အသံသည် မမြဲ၊ (ပဋိညာ)

(၂) ဖြစ်ခြင်းသဘော ရှိသောကြောင့်၊ (ဟေတု)

(၃) ဖြစ်ခြင်းသဘော ရှိသော အရာဟူသမျှသည် အိုးခွက်ကဲ့သို့ပင် မမြဲသည်ချည်းသာ၊ (ဥဒါဟာရဏ)

(၄) ထို့အတူ အသံသည်လည်း ဖြစ်ခြင်းသဘော ရှိ၏။ (ဥပနယ)

(၅) ထို့ကြောင့် အသံသည် မမြဲ။ (နိဂုံး)

ထို့ထက် ထင်ရှားသော ပုံစံတခုကို ထုတ်ပြဦးအံ့-

(၁) ထိုတောင်၌ မီးရှိ၏၊ (ပဋိညာ)

(၂) (အဘယ့်ကြောင့်နည်း) မီးခိုးရှိနေသောကြောင့်တည်း၊ (ဟေတု)

(၃) မီးခိုးရှိရာ အရပ်တိုင်းမှာ စဖိုအိမ်၌ကဲ့သို့ မီးရှိစမြဲပင်၊ (ဥဒါဟရဏ)

(၄) ထို့အတူပင် ထိုတောင်၌ မီးခိုးရှိနေသည်၊ (ဥပနယ)

(၅) ထို့ကြောင့် ထိုတောင်၌ မီးရှိကြောင်း သိရပေသည်။ (နိဂုံး)

ဤစကားအစိတ် ငါးပါးတို့တွင် (၁) ပဋိညာနှင့် (၅) နိဂုံးသည်၎င်း၊ (၂) ဟေတုနှင့် (၄) ဥပနယသည်၎င်း အနက်အရအားဖြင့် တူညီလျက်ရှိသည်။

ထို့ကြောင့် ထိုငါးပါးတို့တွင် (၁ နှင့် ၂) ကို ချန်၍ (၃-၄-၅) တို့ကို ပြဆိုရုံမျှဖြင့်လည်း လုံလောက်သည်။ သို့မဟုတ် (၄ နှင့် ၅) ကို ချန်၍ (၁-၂-၃) တို့ကို ပြဆိုရုံမျှဖြင့်လည်း လုံလောက်သည်-ဟု ယခုခေတ်ပညာရှိတို့က ဆိုကြ၏။

ထို့ကြောင့်ပင် လောကီကျမ်းတို့၌၎င်း၊ သာသနာဝင် အဋ္ဌကထာ ဋီကာကျမ်းတို့၌၎င်း (၁) ပဋိညာခေါ် လိုရင်းအနက် အဓိပ္ပါယ်ကို ပြဆိုချက်နှင့် (၂) ဟေတုခေါ် အကြောင်းပြ ထောက်ခံချက် စကားတို့ကိုသာ များစွာ ပြဆိုလေ့ ရှိကြပေသည်။

ဤအရာ၌ ဟေတု-ဟူသည်မှာ ဒဠီဝါကျလည်း ပါဝင်သည် ဟု မှတ်အပ်၏။

ဤစကား အစိတ် ငါးပါးနှင့် စပ်၍ ဤထက်ကျယ်ပြန့်စွာ လေ့လာလိုလျှင် ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယ စတုတ္ထတွဲ စာမျက်နှာ - ၅ စသည်၌ ကြည့်ပါ။

(မဟာစည်ဆရာတော်ကြီး။

ဝိသုဒ္ဓိမဂ် မြန်မာပြန်, စတုတ္ထတွဲ။ စာမျက်နှာ ၇၇, ၇၈, ၇၉ အောက်ခြေမှတ်ချက်။)

ဝိသုဒ္ဓိမဂ်မဟာဋီကာ နိဿယ-

၅၉၅။ .....   ပဋိညာဟေတူတိအာဒီတူတိ၊ ကား။ ပဋိညာဟေတုဥဒါဟရဏဥပနယနိဂမနာနိ၊ ပဋိညဉ် ဟိတ် ဥဒါဟရုဏ် ဥပနယ နိဂုံးတို့သည်။ (အဝယဝါ၊ ပြည့်စုံသော စကားတရပ်၏ အစိတ်အပိုင်းတို့ပေတည်း။) .....

ဤမျှသော နျာယသုတ်ရင်းနှင့် ၎င်း၏အဖွင့်တို့ဖြင့် ဝစနာဝယဝ ငါးပါးကို သဘောပေါက်လောက်ပေပြီ။ အလွယ်တကူ ကြည့်ရှုလေ့လာရန် ပုံစံသက်သက် ထုတ်ပြဦးအံ့။

(၁) အသံသည် မမြဲ၊ (ပဋိညာ-ဝန်ခံချက်၊ ဝါ- အဆိုပြုချက်)။

(၂) ဖြစ်ခြင်းသဘောရှိသောကြောင့်၊ (ဟေတု- အကြောင်း)။

(၃) ဖြစ်ခြင်းသဘောရှိသော အရာဟူသမျှသည် အိုးခွက်ကဲ့သို့ပင် မမြဲသည်ချည်းသာ၊ (ဥဒါဟရဏ)

(၄) ထိုအတူပင် အသံသည်လည်း ဖြစ်ခြင်းသဘောရှိ၏၊ (ဥပနယ-ကပ်၍ ဆောင်ခြင်း၊- ဟပ်၍ပြချက်)

(၅) ထို့ကြောင့် အသံသည် မမြဲ။ (နိဂမန-နိဂုံး)။

အထက်ပါမှာ သာဓမ္မိယာနုသရ-ဖြင့် ဆိုအပ်သော ဟေတု၏ပုံစံ ဖြစ်သည်။ ဝေဓမ္မိယာနုသာရ-ဖြင့် ဆိုအပ်သော ဟေတု၏ ပုံစံကား-

(၁) အသံသည် မမြဲ၊ (ပဋိညာ)

(၂) ဖြစ်ခြင်းသဘောရှိသောကောင့်၊ (ဟေတု)

(၃) မြဲသောအရာသည် နိဗ္ဗာန်ကဲ့သို့ပင် ဖြစ်ခြင်းသဘော မရှိ၊ (ဥဒါဟရဏ)

(ဤသို့သောအရာကား ပရမတ္တအားဖြင့် နိဗ္ဗာန်မှတပါး မရှိပေ။ ပညတ်သာ ရှိသည်။)

(၄) အသံသည် ထိုကဲ့သို့ ဖြစ်ခြင်းသဘော မရှိသည် မဟုတ်၊ (ဥပနယ)

(၅) ထို့ကြောင့် အသံသည် မမြဲ။ (နိဂမန)။

အချို့သောနျာယ အဖွင့်ကျမ်းတို့၌ သိလွယ်သော အောက်ပါပုံစံကို ထုတ်ပြကြ၏။

(၁) ထိုတောင်၌ မီးရှိ၏။ (ပဋိညာ)

(၂) (ထိုတောင်၌) မီးခိုးရှိနေသောကြောင့်။ (ဟေတု)

(၃) မီးခိုးရှိရာ အရပ်တိုင်းမှာ စဖိုအိမ်၌ကဲ့သို့ မီးရှိမြဲပင်။ (ဥဒါဟရဏ)

(၄) ထိုအတူပင် ထိုတောင်၌ မီးခိုးရှိနေ၏။ (ဥပနယ)

(၅) ထိုကြောင့် ထိုတောင်၌ မီးရှိသည်ဟု သိရပေသည်။ (နိဂမန)

(မဟာစည်ဆရာတော်ကြီး ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ။ စတုတ္ထတွဲ။)

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ