(မောင်ရှုမောင်)
၁။ ရေကူး ညာတင် ပြောနည်း-
ရေကူးညာတင်၊ ထုံးပုံပြင်ကို
လင်္ကာကျဉ်းရုံး၊ ဓိပ္ပာယ်ကုံးသော်
အူထုံးလေငြား၊ သေဋ္ဌေးသားကို
သမားဇီဝက၊ ရက်သတ္တဝယ်
ကုမည်ရွယ်လည်း
မလွယ်လေဟန်၊ အကျယ်ဉာဏ်ဖြင့်
ကယ်မှန် ခုနစ်လ၊ အိပ်သော်မှလျှင်
ကုမ နိုင်မည်၊ သို့ဆိုသည်ကို
အလီ နှိမ့်ချ၊ လေးငါးလနှင့်
သုံးလ နှစ်လ၊ တလတိုင်အောင်
မစွမ်းဆောင်မှ၊ ရက်သတ္တတွင်
မုချ မလွဲ၊ အိပ်ပျော်ဆဲဝယ်
ဝမ်းခွဲပြီးခါ၊ အူထုံးရာကို
လွယ်ကာဖြေရှင်း၊ သွင်းမြဲသွင်း၍
နေရင်းတိုင်းသာ၊ ပြီးစေရာသည်
ညာတင် ရေကူး စကားတည်း။ ။
၂။ ကောက်ပင်ရိတ်လှီး ပြောနည်း-
ကောက်ပင် ရိတ်လှီး၊
ပုံတနည်းမှာ၊ ရှေးအခါတွင်
ဥစ္စာကြွယ်ငြား၊ သူဌေးသားသည်
မြားပစ်ရာဝယ်၊ ဗျိုင်းသူငယ်ကို
အလွယ်ဖြင့်သာ၊ ရခဲ့ပါသော်
အာသာရှိငြား၊ တဦးသားက
ငါ့ဗျိုင်းမှန်လျက်၊ သင့်လက်နက်ကြောင့်
အသက်ခန္ဓာ၊ ဆုံးရရှာပြီ
သာမည ဗျိုင်း၊ ဘောမတိုင်းနှင့်
နေ့တိုင်းရက်စဉ်၊ ရွှေစင် တကျပ်
ချီလာလတ်၍၊ မပြတ် ငါ့အား
ပေးလေငြား၏၊ စကားထိုသို့
ဆိုတုံမြို့သော်၊ မချို့ဧကန်
အကယ်မှန်မူ၊ ယမန်လူက
ထို့တူပေးငြား၊ နှစ်လများကို
မိန့်ကြားစမ်းပါ၊ ဆိုသော့ခါလျှင်
ရှည်ကြာလှပြီ၊ အခါလည်ဟု
ပြောသည်ခဏ၊ ရေတွက်ဆသော်
သုံးရာ့ခြောက်ဆယ်၊ ထိုရက်ဝယ်တွင်
ရွှေစင် သုံးရာ၊ ခြောက်ဆယ်သာပြီ
ငါအိမ်ရှေ့တွင်၊ ထားသည့်အင်ကို
နေ့စဉ်ခိုးသူ၊
သင်မူ လက္ခံ၊ သို့ဖြစ်ဟန်ကြောင့်
အမြန်ပေးပေ၊ ဆိုတုံလေသော်
မနေ ရွံ့ကြောက်၊ ပေးရမြောက်သည်
ကောက်ပင် ရိတ်လှီး စကားတည်း။ ။
၃။ ရေစီးဘောင်ဆန် ပြောနည်း-
ရေစီးဘောင်ဆန်၊
ပြောဆိုဟန်မှာ၊ ဒွါယာဝတီ
ရွှေပြည်သေဌ်နင်း၊ ဘုရင်မင်းသည်
တနင်္သာရီ၊ စစ်မက်ချီ၍
နေတည် ခဏ၊ တပ်ကြီးချလျှင်
ရာဇာ့ဓိရာဇ်၊ သိတုံလစ်သော်
တားမြစ်အံ့ငှါ၊ တောင်းပန်စာဖြင့်
ပညာရှိမတ်၊ စေလွှတ်လတ်လျှင်
ထိုစာတွင်သော်၊ အဆွေတော်ဟု
ရေးဘော်လေချက်၊ မနှစ်သက်၍
အမျက်ပြင်းစွာ၊ ထွက်သောခါဝယ်
ရာဇာဓိရာဇ်၊ သံတော်စစ်က
အနှစ်ရသာ၊ အထူးပါအောင်
မြတ်စွာဗုဒ္ဓ၊ ပမာပြ၍
ဘုရား့ နောင်တော်၊ ဤသို့ခေါ်ဟု
ဆွေတော်စစ်လည်း၊ မင်းမဖြစ်မီ
အကြည်တော်ဟု၊ မခေါ်ထိုက်ပေ
မင်းဧကရာဇ်၊ ထီးဆောင်းဖြစ်မှ
ဧကရာဇ်ချင်း၊ စာဆက်သွင်းသော်
အဆွေတော်ဟု၊
ရေးဘော်မြဲပေ၊ လျှောက်တင်လေသော်
ရွှေပြည်ဘုရင်၊ သဘောဝင်၍
ပြောအင်ဆိုနည်း၊ လွှန်မြှောက်ခြီးသည်
ရေစီး ဘောင်ဆန် စကားတည်း။ ။
၄။ အိုးတန်ဆန်ခပ် ပြောနည်း-
အိုးတန် ဆန်ခပ်၊ စကားရပ်ကို
မှတ်စိမ့်သောငှာ၊ အလင်္ကာဖြင့်
မယ်ပါရိက၊ ဒုကူလတို့
ဖြစ်ကြ ပျက်အင်၊ မျက်မမြင်ကို
လက်ငင်ဆွဲခါ၊ သုဝဏ္ဏာလျှင်
တောမှာတစေ၊ လုပ်ကျွေးနေ၍
ရှေကြာကာလ၊ တိုင်ရောက်မှလျှင်
ဗာရာ့ပြည့်ရှင်၊ မူဆိုးသွင်က
တောခွင်လည်ရာ၊ သုဝဏ္ဏာကို
မြင်ပါလေငြား၊ ထိုသူအားကို
သားကောင်အသွင်၊ စိတ်ဝယ်ထင်၍
မဆင်ခြင်လစ်၊ လေးနှင့်ပစ်သော်
ဆိုးညစ်ကြမ္မာ၊ ကံကြောင့်သာဟု
ပစ္ဆာမတင်၊ မွေးမိခင်နှင့်
ဘခင်ကိုသာ၊ လုပ်ကျွေးပါဟု
သာယာသံချို၊ လျှောက်ပန်ဆို၍
ထိုခဏတွင်၊ ဇီဝပြတ်ကြွေ
သားကောင်းသေမှ၊ မိနှင့်ဘတို့
ရောက်ကြလာလျှင်၊ သိကြားမြင်သော်
ပူပင်သောက၊ မရှိကြလင့်
သားလှ သက်ရှင်၊ မျက်စေ့မြင်နှင့်
ရွှေစင် သဗျာ၊ အိုးရတနာကို
လိုရာ တခု၊ လျှောက်တောင်းပြုလော
ယခု အလို၊ ပြည့်အံ့ဆိုလျှင်
လိုရာ မတ၊ ရွှေအိုးရ၍
သားလှ မျက်နှာ၊ မြင်လိုပါဟု
သုံးဖြာလုံးကို၊ သိမ်းပိုက်ဆိုသည့်
ဉာဏ်ကိုအားကိုး၊ စကားမျိုးသည်
အိုးတန် ဆန်ခပ် ပြောနည်းတည်း။ ။
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း-
ဆီပွတ် ကျည်ပွေ့၊ ပြောဆိုလေ့မှာ
မင်းရာဇာသည်၊ မဟာစေတီ
တည်ရာ ကြံ့ခိုင်၊ ပိန္နဲတိုင်ကို
အလိုရှိလစ်၊ မန်ကျည်းနှစ်လျှင်
ကျစ်လစ်အသား၊ မာ၏လားဟု
မေးငြားသောခါ၊ ကျွန်းလည်း မာဟု
ပညာအလျောက်၊ ဆိုတုံမြောက်၍
နောက်ထပ် တခါ၊ ရှားနှစ်သာလျှင်
မာပါလိမ့်လား၊ မေးပြန်ငြားသော်
ရှားနှစ်ကား မာ၊ ကျွန်းလည်း မာဟု
ထပ်ခါ မနေ၊ လျှောက်တင်လေ၍
မင်းဧကရာဇ်၊ ကျွန်းသားစစ်ကို
နှစ်သက်ချမ်းမြေ့၊ ဘောဝယ်တွေ့သည်
ကျည်ပွေ့ ဆီပွတ် ပြောနည်းတည်း။ ။
၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း-
ဆင်ဝှေ့ ရန်ရှောင်၊ ပမာဆောင်သော်
ဘုန်းခေါင် ညီရင်း၊ အိမ်ရှေ့မင်းသည်
ကြည်ဖြူ သဒ္ဓါ၊ ကျောင်းဆောက်ရာတွင်
တွင်းပြင် ထက်အောက်၊ မြေသို့ရောက်အောင်
တပြောင်ပြောင်ပင်၊ အရောင်ဓီးဓီး
ယိုစီး မတတ်၊ ရွှေချလတ်လျှင်
မြို့ဝန်မြင်သော်၊
မလျော်လေချက်၊ တိုက်ပွတ်ဖျက်၍
ရက်မ အောက်က၊ မြေသို့ကျမှ
သိရသောခါ၊ ဒါယကာလျှင်
ပြင်းစွာအမျက်၊ ဒေါသထွက်၍
ချက်ခြင်းသတ်မည်၊ ခေါ်စေသည်တွင်
ရှိဦးတင်လျက်၊ အသျှင်ဘုရား
သတို့သားလျှင်၊ မင်းဖျားဧကရာဇ်
ဖြစ်မည်ဧကန်၊ မုချမှန်၍
ထိုယံကာလ၊ ကျောင်းဆောက်မှလျှင်
ရွှေချဘို့ရာ၊ ခြွင်းသည်သာဟု
ပညာရှေ့ဆောင်၊ ရန်ငွေ့ရှောင်သည်
နောက်နောင် မှတ်ရန် စကားတည်း။ ။
၇။ တောင်သူယာခုတ် ပြောနည်း-
တောင်သူ ယာခုတ်၊
မိန့်ထုတ် ဝစန၊ ပုံဆိုပြသော်
ရဋ္ဌဝိဒေ၊ မိဓိပြည်၌
ဝိဒေဟရာဇ်၊ မင်းစစ်နရိန်
ဘုန်းရာဇိန်၏၊ သုခမိန်ကျော်
မဟော်ပညတ်၊ သိန်းအမတ်တို့
ဆိုလတ်များစွာ၊ စကားမှာ၌
ပညာ ဓန၊ ထိုနှစ်ဝတွင်
ဓန အမြတ်၊ သိန်းအမတ်က
ဆိုလတ်သောခါ၊
ပညာသာမြတ်၊ မဟော်မတ်က
ထပ်၍တဘန်၊ ဆိုလေပြန်သော်
မဟော်သဓာ၊ ငယ်နုစွာမို့
မှန်ရာ မသိ၊ ဥစ္စာရှိမှ
ခယ ဝပ်တွား၊ လူအများတို့
စကားနာခံ၊ သိန်းဆိုပြန်သော်
မဟော်ဝိဒူ၊ သိသသူက
ဓန ဥစ္စာ၊ ရှိပေရှာလည်း
ရောဂါ ဥပါဒ်၊ ကပ်ငြိသောခါ
မသိပါလျှင်၊ ပညရှိရှေ့
ဆည်းကပ်၍သာ၊ မှီခိုလာ၏
ပြောပြန်ဘိက၊
ဝိဒေဟရာဇ်၊ ရှင်မင်းစစ်သည်
အနှစ်ဥစ္စာ၊ ရတနာနှင့်
ပြည်ရွာရဋ္ဌ၊ အစိုးရ၍
များစွာ့ လူပေါင်း၊ ခဝပ်ညောင်းသည်
စကားချီသော်
မဟော်သေနက၊ ပဏ္ဍိတက
ဗုဒ္ဓမြတ်စွာ၊ စိန္တေယျာမှာ
ဥစ္စာ မရှိ၊ သို့ဖြစ်ဘိလည်း
ဉာဏ်ကြီးမြုတေ၊ ထွန်းတောက်ဝေ၍
ဒေဝ ဗြဟ္မာ၊ မနုဿာတို့
ပူဇော်မြို့ဟု
ဗဟုဝစနာ၊ ပြောကြရာတွင်
ရှေးရင် အစ၊ သိမ်ငယ်ပဟု
နောက်မှကြီးလျက်၊ သီးသီးတက်၍
မိန့်မြွက်ထူထောင်၊ ဉာဏ်စွမ်းပြောင်သည်
တောင်သူ ယာခုတ် စကားတည်း။ ။
၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း-
ကြက်ဆုတ် ခွပ်ပစ်၊ ပြောလစ်ဝစန
ရက္ခပူရံ၊ တိုင်းနိုင်ငံက
ဉာဏ်ပညာရှိ၊ မတ်ကဝိနှင့်
ပြည်ကြီး့ အင်းဝ၊ နာဂရတွင်
မတ်လုင်တို့၊
နိုင်ဘို့ စကား၊ စစ်ထိုးငြားသော်
နှစ်ပါးပြည်ရွာ၊ စည်ပင်သာဟု
နှစ်ဖြာ နှစ်ဝ၊ ပြောကြလေရာ
ရာသီဆယ့်နှစ်လ၊ လူထိုမျှတို့
ပွဲမှ မချဉ်း၊ အင်းဝ ကဝိ
ဆိုလတ်ဘိက၊ ဓညဝတီ
တိုင်းရွှေပြည်မှ၊ မတ်ကျော်လှလည်း
များစွာ့ လူပေါင်း၊ သောင်းသောင်းအုတ်အုတ်
ကျွန်ုပ်တို့ကို၊ ကြည့်သည်ဆိုသော်
ထိုအင်းဝမတ်၊ ပညာတတ်လည်း
ကြီးလတ်ငယ်စု၊ ကြည့်ရှုဆိုရာ
ဟုတ်ပါလိမ့်မည်၊
နောက်ဆုတ်လည်ရွေ့၊ အချက်တွေ့ကို
ကြိုး၍ တခါ၊ တို့ပြည်ရွာမှာ
ဂဇာပြောင်ဆင်၊ ကကြိုးပြင်၍
တနေ့ သုံးခါ၊ ရေချပါလည်း
ကြည့်လာ မရောက်၊ တောဆင်ပေါက်တို့
ရောက်လတ်သောခါ၊ ကြည့်တို့ပါ၏
ပမာပုံသွင်၊ အမတ်သင်လည်း
တောဆင်အလား၊ မယဉ်ပါး၍
အများအားထုတ်၊ ကြည့်လိမ့်ဟုတ်သည်
ကြက်ဆုတ် ခွပ်ပစ် စကားတည်း။ ။
၉။ ရေစစ်ကရား ပြောနည်း-
ရေစစ် ကရား
စကား ရုဠှီ၊ ပြောကြမည်ဟု
ကြံစည်ပြုငြား၊ လေးယောက်သားနှင့်
တပါးသူအို၊ သစ္စာဆို၍
အလို မတူ၊ မယုံသူကို
ကျွန်မူ မသွေ၊ စေစားလေဟု
အပြိုင်ပြုက၊ လေးဝ ယောက်ျား
သူငယ်များတို့၊ စကားပေါ့သွတ်
မပြောတတ်လျှင်၊ ထပ်၍တဘန်
မြွက်ပြန်လေတုံ၊ စကားပုံမှာ
ဝါပင်က ပေါက်၊ လေးယောက်သင်တို့
ဆိုလေမြို့သော်၊ မယုံတို့ပါ
ပြန်ပြောခါလည်း၊ ကျွန်သာ အစစ်
ယုံသည်ဖြစ်လည်း၊ နစ်အံ့ကျွန်တွင်း
အရင်း အဖျား၊ ဘိုးသက်ကြားလျှင်
ဆီးတားပတ်ရစ်၊ စကားမြစ်သည်
ရေစစ် ကရား ပြောနည်းတည်း။ ။
၁၀။ ခက်တင်မောင်းနင်း ပြောနည်း-
ခက်တင် မောင်းနင်း၊ ပြောဆိုရင်းမှန်
ယမန်ရှေးခါ၊ မတ်ဗိုလ်ပါတို့
ယုတ်မာဆိုးညစ်၊ သူခိုးစစ်ကို
သတ်ပစ်အံ့ငှါ၊ ဘမ်းယူရာတွင်
သာမညသူ၊ မဟုတ်မူ၍
တောင်ဘလူဆရာ၊ တူရင်းချာဟု
ဆိုရှာအတွင်း၊ မတ်ခပင်းလည်း
ကပ်ချဉ်းဆရာ၊ လျှောက်တို့ပါသော်
ဆရာတော်လည်း၊
မြွက်ဘော် ငါ့တူ၊ ပြောလိုက်မူက
ငါ့မှာ မုသား၊ မလွတ်ငြားချေ
မပြောနေလည်း၊ သေအံ့ လုင်
ဉာဏ်ဆင်ခြင်၍၊ လုင်တူရင်း
မဟုတ်ခြင်းကို၊ ဘယ်သူဆိုဟု
မြွက်လို မိန့်ဟ၊ မျက်မှောင်ချ၍
မကျ မတင်၊ ပြောသောသွင်သည်
ခက်တင် မောင်းနင်း စကားတည်း။ ။ (မောင်ရှုမောင်)
(ရှေးစာကဗျာများ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment