Skip to main content

၁၂ လမိုး

မုံရွေးဆရာတော်ရေးတာလို့ တင်တာတွေ့ပါတယ်။ ကျေးဇူး။ သတ်ပုံတွေလည်း မှန်တယ်။ 

၁။ တန်ခူးမည်မှတ်၊ ဖက်ဆွတ် ရေတိုး၊ သင်္ကြန်မိုး။

၂။ ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့။

၃။ နယုန်မိုးသေး၊ မြက်သားမွေး။

၄။ ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးဧဧ။

၅။ ဝါခေါင် တကြောင်း၊ ထနောင်း ကျောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။

၆။ တော်သလင်းတိမ်ညို၊ စဖိုသည်ဆင်းရဲ၊ မိုးမစဲ။

၇။ သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး။

၈။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတပြိုက်၊ မိုးတလိုက်။

၉။ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။

၁၀။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှံးပုံဖျက်။

၁၁။ တပို့တွဲ၊ နွဲ၍ရွာခြင်း၊ သံမိုးကြွင်း။

၁၂။ တပေါင်းလည်းကူး၊ မိုးသားကြူး။

မိုးရွာသည်ကို သိနှင့်သည်ကား

စောင်းဆရာနှင့်၊ ယားနာပွေးကွက်

ပါဒရက်က၊ ပရွက် ပလူ

အနူပြဒါး၊ ပေါင်းရှစ်ပါး။ (တောင်သူလူဟောင်းတို့အမှတ်)

လေမိုးသီးနှံ ကောင်းမကောင်းအမှတ်

၁။ ရှားပင်ကို သင်္ကြန်ကျသည့်နေ့ တထစ်စီ ထစ်၍ထား၊ ပဌမ မှတ်သည့်အရာ အရည်ထွက် အစီးများလျှင် မိုးဦးကောင်းမည်။ အရည်နည်းလျှင် မိုးနည်းမည်။ အရည်မရှိလျှင် မိုးမကောင်း ဟူ၍ သုံးထစ်ကိုကြည့်၍ မိုးဦး မိုးလယ် မိုးနှောင်း မှတ်ရမည်။

၂။ ဖျံချေးအလုံးသည် တတန်းတည်းတွင် အရည် တစက်စက် ရှိလျှင် မိုးကောင်းမည်။ အရည်မရှိလျှင် မိုးမကောင်း မှတ်ရမည်။

၃။ သင်္ကြန်ကျသည့်နေ့ အိမ်ကြက် အလျင်တွန်လျှင် မိုးဦးကောင်းမည်။ တောကြက် အလျင်တွန်လျှင် မိုးလျင်မိုးနှောင်း ကောင်းမည်။ အိမ်ကြက်၊ တောကြက် ပြိုင်တွန်လျှင် မိုးလယ်ကောင်းမည်။

၄။ မိုးဦးလခွဲကို သင်္ကြန်တက်ပြီးနောက် ရွာသည့် မိုးရည်ကို လျှာနှင့်တို့စမ်း၊ ခါးလျှင် ပိုးမွှားကျ၍ ပျက်မည်။ ချိုလျှင် အသီးအနှံ ဖွံ့မည်။

၅။ ပေါက်သီးသုံးစေ့အနက် လက်ရင်းစေ့ မာရင့် အောင်လျှင် မိုးဦးကောင်းမည်။ မကောင်းလျှင် မိုးဦးညံ့မည်။ ၎င်းနည်း သုံးစေ့ကို ယူရမည်။

၆။ ဗိလားကောင် သစ်ပင်ထက်မှာ ဥရာတိုင် ရေရောက်မည်။ မြင့်လျှင် မိုးကောင်းမည်။ နိမ့်လျှင် မိုးနည်းမည်။

၇။ ပုစွန် ကုန်းမြင့် တွင်းလုပ်လျှင် ရေကြီးမည်။ နိမ့်လျှင် ရေနည်းမည်။

၈။ ကျီးသိုက်မြင့်လျှင် လေနည်းမည်။ ကျီးသိုက်နိမ့်လျှင် လေထန်မည်။

၉။ ဗိလုံးငှက် ကျင်းမှာဥလျှင် မိုးကောင်းမည်။ ကုန်းမှာဥလျှင် မိုးမကောင်း။

၁၀။ ၎င်းအသိုက် မျက်နှာအပေါက်ပြုသည့် အရပ်က မိုးမလာ။ မပြုသည့်အရပ်က မိုးလာမည်။

၁၁။ လယ်ကျင်းကုန်းကျင်းမှာ ကင်းအိမ်ခေါကျင်လျှင် မိုးကုန်ပြီ ယူရမည်။

၁၂။ တော်သလင်း၊ သီတင်းကျွတ်လတွင် ဆိုသည်။ ခေါကျင် ဆိုသည်လည်း အိမ်ဘွဲ့သည် ဆိုသည်။

၁၃။ ငှက်အသိုက်မြင့်လျှင် မိုးကောင်းမည်။ ငှက်အသိုက် နိမ့်လျှင် လေထန်မည်။

၁၄။ ပုစွန်တွင်းဝ ကျင်းသို့ပြုလျှင် လေထန်မည်။ တွင်းဝ တောင်သို့ပြုလျှင် မိုးကောင်းမည်။

တစ်ကြောင်း မဟုတ်။ တစ်ပြိုက် မဟုတ်။ တစ်လိုက်မဟုတ်။ တစ်တန်းတည်း မဟုတ်။ တစ်စက်စက် မဟုတ်။ တစ်ပေါင်း မရောက်မီ မိုးရော သတ်ပုံပါ မှန်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၉-၆-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ