ဘုရားဆင်းတုတော်တွေကို ပန်းချီမျက်စိ၊ ပန်းပုမျက်စိ၊ ဗိသုကာမျက်စိနဲ့ အတော်ကိုအချိုးအစားမကျတာတွေက မနည်းပါ။ မျက်မှန်တပ်ပေးထားတာ၊ နှုတ်ခမ်းမွေးထည့်ထားတာ၊ သင်္ကန်းတော်ကို ဂျိန်းဘုရားလိုလိုဖြစ်နေတာတွေက အတော်ကို အမြင်မတော်ပါ။ တချို့ဗုဒ္ဓဝင် ပန်းချီကားတွေလဲ အဲလိုဖြစ်နေကြတာတွေရှိပါတယ်။
သိဒ္ဓတ္ထမင်းသားဟာ မြန်မာလူမျိုးမဟုတ်တာ သိကြပြီးဖြစ်ပါတယ်။ မြန်မာဆန်ရမယ်လို့တော့ မဆိုလိုပါ။ ကနေ့ နီပေါနဲ့ အိန္ဒိယနယ်စပ်မှာ နေထိုင်ကြသူတွေနဲ့ တူမယ်ဆိုရင်လဲ မှန်လောက်မယ်မထင်ပါ။ ဘယ်ရုပ်တုတော်ကသာ မှန်တယ်လို့ မေးရင် ကိုယ့်ဖက်ကိုယ်သာ မှန်တယ်လို့ပြောကြပါမယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်မှာ ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီသုံးမျိုးကို ကိုးကွယ်စရာလို့ သတ်မှတ်ထားပါတယ်။ ရည်စူးမှုကအဓိကဆိုပေမယ့် ကြည်ညိုဖွယ်ရာလည်း ဖြစ်သင့်ပါတယ်။
မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ထုဆစ်ကိုးကွယ်တဲ့ဆင်းတုတော်တွေက တမျိုးတဘာသာဖြစ်တယ်။ ဂရိအနုပညာ လွှမ်းမိုးစဉ်က ထုလုပ်တာတွေကလဲ တမျိုးဖြစ်ပါတယ်။ တာလီဘန်တွေဖြိုခွဲဖျက်ဆီးခဲ့တဲ့ အာဖကန်နစ္စတန်က (ဘာမီယန်) ဆင်းတုတော်ကြီးတွေဟာ (၆) ရာစု၊ ပါရှားယဉ်ကျေးမှုခေတ်ဖြစ်လို့ ကျွန်တော်တို့ဆီက ရုပ်ပွါးတော်တွေနဲ့ မတူကြပါ။
ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့နဲ့ အသင့်မြတ်ဆုံးကိုသာ ရွေးကြရမှာပါ။ ကျွန်တော်တို့ အနုပညာသည်တွေကနေ ထုလုပ်သွန်းလောင်းကြပါတယ်။ ကျွန်တော်က အနုပညာသည် မဟုတ်ပေမဲ့ အမြင်မတော်တာတော့ ကြည့်တတ်ပါတယ်။ အချိုးအဆစ်ကျကျ ကြည်ညိုဖွယ်ဖြစ်သင့်ကြပါတယ်။
ဘုရားမျက်နှာတော်ကို လှနေအောင်ဆိုပြီး ချယ်သပေးတတ်ကြလို့ ပြည်ပမှာ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေက ခင်ဗျားတို့ဘုရားက Feminine figure ဣတ္တိလိင်နဲ့တူပါလားလို့ ပြောတာကြုံရဘူးပါတယ်။
၂၀၀၃ စက်တင်္ဘာလတုန်းက ဝဘ်ဆိုက်တခုမှာ မြတ်စွာဘုရား လျောင်းတော်မူပုံကို ဒေါ်စုမျက်နှာ ကပ်ပေးထားတာ တွေ့လို့ ကန့်ကွက်ခဲ့ပါသေးတယ်။ ပြုလုပ်သူက ဒေါ်စုနေအိမ်အကျဉ်းကျခံနေရစဉ် အစာငတ်ခံ ဆန္ဒပြသတင်းအတွက် အားပေးတဲ့ ရည်ရွယ်ချက်ကောင်းတော့ရှိပါတယ်။ Harpeau Crapaud ဆိုသူနဲ့ အပြန်အလှန်ရေးဖြစ်ခဲ့ပါသေးတယ်။ သူကလည်း တလေးတစား ပြန်ဖြေပါတယ်။ http://www.xtywebworks.ns.ca/week3.html လင့်ခ်မှာပါ။
တင်ထားတဲ့ပုံကို မန္တလေးကနေလှမ်းတောင်းလို့ရပါတယ်။ ဆင်းတုတော်ကို ဦးလေးဘုန်းကြီးတွေ ကိုယ်တိုင် ရွေးချယ်ပြီး ဝယ်ကတည်းက သိပါတယ်။ ၁၉၉ဝ မတိုင်ခင်ကတည်းကပါ။ အလွန်ကြည်ညိုစရာကောင်းတယ်လို့ မြင်ပါတယ်။
ဒီစာရေးခဲ့တာ ၄-၅ နှစ်ရှိပြီ။ မနေ့က အီမိုဂျီအရုပ်နဲ့တူတဲ့ ဆင်းတုတော်တွေ ဖယ်ရှားသင့်လို့ ရေးသေးတယ်။ တယောက် ဘုရားဟောနဲ့ ကိုးကားပြပါတဲ့။ ဘုရားဆင်းတု ဘယ်လိုထုလို့တော့ ဘုရားက ဟောခဲ့မယ်မထင်။
ဖြည့်စွက်ချက် - ဣတ္တိလိင်နဲ့တူအောင်ခြယ်သထားတဲ့ ဘုရားပုံကို ဘယ်သူကတင်တင်တင်ရင် ဖျက်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၄
.jpeg)
Comments
Post a Comment