Skip to main content

"ဧည့်သည်ကြီး" အကြောင်း ဆရာတင်မိုး ပြောပြချက်

ဆေးလိပ်လည်းတို

နေလည်းညိုပြီ

ငါ့ကို ပြန်ပို့ကြပါလေ။

ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။

၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာ၀င်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာ၀င်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။

ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာ၀န်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။

ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာ၀င်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်၀င်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။

သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်၀င်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်း၀နဲ့မန္တလေး ယိုးဒယားစျေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။

ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။

သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။

တနေ့တော့ အင်း၀က ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။

ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။

စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။

ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။

ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။

ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။

အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။

ဆေးလိပ်လည်းတို

နေလည်းညိပြီ

ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့

ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။

ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။

“ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က …

“ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။

မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။

“ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။

ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။

ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။

“ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။

“လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦး၀င်းတင်က မြင်တယ်။

ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး … ။    ။

တင်မိုး (ခေတ္တ ဝါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀

မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀

ဒီ သုံးကြောင်းကဗျာကို မှန်အောင်ကူးတင်သူ ရှားတယ်။ အကြောင်းအရာကိုလည်း ဆရာတင်မိုးရေးတဲ့အတိုင်း ကူးတင်၊ ကူးထုတ်သူလည်း ရှားတယ်။ အခုစာ မှန်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ