Skip to main content

ကာရန်ပါ ကဗျာမဟုတ်

ကွန်မင့်တခု = ကာရံတွေပါရက်နဲ့ ကဗျာမဟုတ်ဆိုတော့ ဘာပါလဲ (ကဗျက်) လို့… See more

နဘေ ကာရန် နဲ့ရေးမိရင် ကဗျာကြိုက်သူတွေက ကဗျာလည်း မဟုတ်ဘူးတဲ့ ဆုံးမကြတယ်။

ကလေးတိုင်းဟာ မိခင်တွေက သီဆိုချော့သိပ်တဲ့ ကဗျာလေးတွေနဲ့ ကြီးပြင်းလာကြတယ်။ နားထောင်ကောင်းကောင်းနဲ့ အိပ်ပျော်ကြတယ်။

“ပုခက်လွှဲသီချင်း” 

မုန်တိုင်းကထန်၊ ချောင်းကလျှံ၊ ဝဲသံကကြွေး၊ လှိုင်းကဖွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ 

မိုးပေါက်ကနာ၊ ဖြုတ်ကလာ၊ လမ်းတာကဝေး၊ လေကအေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ 

ဖော်ချင်းတို့ရေ၊ တို့တတွေ၊ လှော်လေအပြေး၊ ယက်ဖွေးဖွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ 

နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ၊ အိပ်ပါ လူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ 

ငှက်မငှက်ဖို သိုက်မြုံခို၊ သံချိုမကြွေး၊ အိပ်ပြီလေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။ 

ယနံ့မထုံ၊ ပန်းဝတ်မှုံ၊ ပန်းငုံမှာကွေး၊ အိပ်ပြီလေး၊ လမင်းသော်တာ၊ ရောင်ခြည်ဖြာ၊ အိပ်ပါလူလေး၊ မေ့ရင်သွေး၊ ရည်းလေလေ့၊ ရည်းလေလေး။ ။

“သားချော့တေး”

လူကလေးတဲ့ ချော့စရာ။

မိတ္ထီလာ ကန်တော်အောက်က 

ဖါးကောက်ခဲ့ပါ။

ဖါးပါရင် တကောင်ပေးပ။ 

မျက်လုံး ကြောင်တောင်တောင်နဲ့ 

ဖါးကောင် ကသေး။

(ဒေါက်တာ-တန်ဂွမ်လျောင်၊ ပဌမတန်း၌ တပည့်ကိုင် ပြဋ္ဌာန်းသည့် သားချော့သီချင်းဖတ်စာ)

နည်းနည်ကြီးလာတော့ ဆိုဆုံးမစာတွေကလည်း အသံသာပြီး ကာရန်ပါတယ်။

- မိဦး ဘဦး၊ ဆရာ့ဦးကို ခူး၍အလျင် မစားနှင့်။

- မင်းသွား ငါသွား၊ ငြင်းခုံပွားအောင်၊ စကားတောက်ဆတ် မဆိုအပ်။

သူငယ်တန်း သင်ပုန်းကြီးမှာ ကာရန်ထပ်မိတာတွေ သင်ပေးတယ်။

က ကစွန်းပင် ရေမှာရွှင်

ခ ခရမ်းသီး ဓားနဲ့လှီး

ဂ ဂဏန်းကောင် လက်မထောင်

င ငပုဏ္ဏား ဟင်းချက်စား

ရှစ်တန်းမတက်ရင် နွေကျောင်းပိတ်မှာ ဦးကြင်ဥရေးတဲ့ ဒေဝကုမ္ဘာန်ပြဇာတ်ကို အလွတ်ကျက်တယ်။

၁၉၆၅ မတိုင်ခင် ရှစ်တန်းမှာသင်ရတာကို ဦးကြင်ဥ၏ ပဒေသာသီချင်းများလို့ ခေါ်တယ်။ ကဗျာ မဟုတ်။

“မိုးဖွဲ့”

အော် - မှုံတနွဲ့နွဲ့၊ လွမ်းနယ်ချဲ့လို့စုံတဲ့ကန္တာ၊ မြေထရံဆင့်၊ ကမ်းခုံမြင့်က၊ စွင့်စွင့်ငယ်ငြာသည်၊ ဘုတ်ဝါရွှေချိုးက ကူတော့တယ်။

သဇင်ဆော်လွင့်၊ ပင်တံမြင့်မှာ၊ ပွင့်ပန်းရည်စုတ်၊ ခါသံသဲသဲ၊ ညံမစဲ၊ ပဲတောင့်ပြုတ်တို ့၊ ရွှေစလုတ်ချီ၊ ခွန်းသံငယ်စီသည်၊ ပြည်သည်ခေါင်ဖိုး၊ လူလိုကပက်။ နှုတ်ခွန်းဆက်တယ်၊ ငှက်မယ်မျိုးတို့၊ ဆော်နှိုးငယ်ခေါ်သည်၊ မြိုင်မော်သစ်နန်းကလဲ ဆူတော့တယ်။

ကသယ်မြေမွ၊ ကြေပွပွနှင့်၊ မြသလင်းပြင်၊ မိုးနွေမခန်း၊ ယိုစိမ့်စမ်းနှင့်၊ အိုင်ကမ်းခွင်မှာ၊ ရွှေသမင်တောက်၊ စာမရီငွေ၊ တိုးအောင်ခြွေ၊ ရေမိုးသောက်လို့၊ တောမျောက်ကယ်ငြာ၊ ကန္တာတာမြိုင်ကြီးကလဲ ပူဖို့ဘွယ်။ 

ဦးပုည၊ ဦးကြင်ဥစာတွေ အထက်တန်းမှာသင်တယ်။ ကာရန်တွေနဲ့ ဖတ်လို့ အလွန်ကောင်းပြီး မမေ့တော့ပါ။

ဆင်မင်းသခင်၊ ထိပ်ခေါင်တင်။ လူအိုမူဆိုး၊ ကျွန်တော်မျိုးသည်၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စကြောင့်၊ သတ်ရသည် မဟုတ်ပါ။ ကာသိမင်း၏၊ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြ မရှား၊ စိန်မရှား၊ အလွန်ပင်များသည်ကို၊ နားလေး လေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်မခံ၊ ညှီစော်နံ၍၊ ရွံသတဲ့ဘုရား။ 

အဆွေတော် သောနုတ္တိုရ်၊ မောင်မင့်သခင်၊ ပလ္လင်ညာရံ၊ ရွှေဘုံပျံမှာ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်း ပြောပါလေ၊ တောဟေမဝန်ချောင်၊ အိုင်သာခေါင်တွင်၊ ငွေတောင်ကြီး့သွင်၊ ခင်မ-လင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍ သတ်ခဲ့ပြီ။ စွယ်တော်မြတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေမီ ဖြတ်လှီး၍၊ သွေးစီးယိုထွက်၊ နာကျင်အောင် နှိပ်စက်ပြီးလျှင်၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို၊ ရွှေဘုံသူ့ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် ဆက်သပါမည်၊ အားရ စိတ်ရွှင်၊ ကျေနပ်အောင် စီရင်၍၊ ပြုချင်တိုင်း ပြုတော်မူပါတော့ဘုရား ဟု၊ မောင်မင့်သခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်ရွေ့မှ၊ မပြေနိုင် ငြိုးတတ်သည့်၊ မူဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ငါမှာတိုင်း ပြောပါလေ။ ။

ရေဒီယိုခေတ်က အပတ်စဉ် ကွက်စိပ် ဟောပြောတာတွေလာတယ်။ နဘေထပ်တွေများတယ်။

လယ်တီဆရာတော်ကြီးက သံပေါက်တွေ ရေးခဲ့တယ်။ 

ယီးတီးယားတား၊ သေ၍သွားလည်း၊

တရားမကြွယ်၊ အထုပ်ငယ်လျက်၊

အပါယ်စခန်း၊ သွားမြဲ လမ်း၌၊

တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊

တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊

ထိုထိုဘဝ၊ အနန္တလျှင်၊

အစမဆုံး၊ အများထုံးတည်း၊

အနှုန်းမပျက်၊ အောက်နရက်ဝယ်၊

တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊

အပါယ်ထိုထို၊ ဥဒဟိုသည်၊

နင်လိုလူမိုက်၊ သွားလမ်းတည်း။

လူကြီးတွေက လင်္ကာတွေနဲ့ ဆုံးမကြတယ်။ မြောင်းမြမြို့၊ နေရှင်နယ်ကုန်း၊ တိုက်သစ် ပဇ္ဇောရုံ အရှင်ကုမာရ ရေးသားတဲ့ အလင်္ကာပန်းကုံး ၁၉၈၃ ခုနှစ်ထုတ်စာအုပ် လက်ထဲမှာရှိတယ်။

အဲဒီခေတ်မှာ ကဗျာတွေလည်း ထွန်းကားတယ်။ ကဗျာရေးနည်းတွေလည်း သင်ကြားပို့ချတယ်။

ကဗျာ၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သဖြန်၊ ခွန်းတောင်၊ သံချို၊ ရတု၊ လွမ်းချင်း၊ မေတ္တာစာ၊ ဧချင်း စသည်။

၄-၃-၂ ကဗျာတွေနောက်မှာ သုံးကြောင်းကဗျာတွေလည်း ခေတ်စားတယ်။ 

“ကျောင်းဆရာ”

တပည့်မရှား

တပြားမရှိ

ပီတိကိုစား အားရှိပါ၏။ (မောင်ရိုးဂုဏ်၊ ၁၉၈၇ သင့်ဘဝမဂ္ဂဇင်း)

သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေလို ဖတ်လို့ကောင်းတာဘဲ။

နောက်တော့ ကာရန်မဲ့ကဗျာ ပေါ်လာတယ်။ ကောင်းတဲ့ဟာတွေ ကောင်းပါတယ်။ အကုန်တော့ နားမလည်။ မလိုက်နိုင်။

ဘာသာပြန်ကဗျာတွေမှာလည်း ကာရန်နည်းတယ်။ ကြိုးစားပြီး နားလည်ယူရတယ်။ 

မော်ဒန်ကဗျာ လို့ ခေါ်တာတွေ။ တချို့ကိုတော့ သဘောပေါက်ပါတယ်။

ဆူပါမော်ဒန်ကဗျာ လည်း ပေါ်နေပြီ။ စာလုံးပေါင်းသတ်ပုံမဲ့ကဗျာ တဲ့။

စာလုံးပေါင်းသတ်ပုံမဲ့စာတွေကိုတော့ ဟိုက်ပါမော်ဒန်စာလို့ ခေါ်တယ်။

မဖတ်ပါ။ ဆောရီး။

အဲလိုစာတွေနဲ့ကြီးပြင်းလာတော့ စာရေးရင် အသံအဆင်ပြေတာလေးတွေ ရှာချင်တဲ့အကျင့်ရှိတယ်။ 

- ကိုဗစ်နဲ့ ကင်ဆာ စားစရာ မမေးနဲ့။

- ဆီးချိုသမား ထန်းလျက် သကြား မစားနဲ့။

- သွေးတိုးရှိလျှင် ဆားဆင်ခြင်၊ အစဉ်သွေးတိုင်းပါ။

- ဗမာဆေး ကုလား တရုပ်ဆေး ဆရာဝန်မမေးနဲ့။

ကာရန်ပါ ကဗျာမဟုတ်လို့ မရေးရင် ကဲ့ရဲ့ပြစ်တင်တော်မူကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ