ကွန်မင့်တခု = ဆရာတို့ပြည်နယ်ဖက်တွေ အခုဆို ဆောင်းရာသီအ၀င်ကာလ အေးရောပေါ့ ကြေးအိုး နဲ့ ဟော့ပေါ့ အလိုက်ဖက်ဆုံးရာသီတခုပါဆရာ ကျန်းမာပါစေ ဆရာ။
ဟုတ်။
ကျွန်တော်ကတော့ မုံရွာ(အလုံ) ကျိတ်ခေါက်ဆွဲ၊ မန္တလေးမုံ့တီ၊ မြီးရှည်၊ ဘုတလင်မုံ့ဟင်းခါးတွေကို ပိုကြိုက်တယ်။
ထိုင်းကို ခဏခဏရောက်လို့ ထိုင်းက ဟော့ပေါ့လည်း ကြိုက်တယ်။
ကြေးအိုးနဲ့ မာလာဆိုတာတွေကို တယ်မကြိုက်လှပါ။
ရခိုင်မုံတီဆိုရင် အသုပ်ကို ပိုကြိုက်တယ်။
ခေါက်ဆွဲဆိုရင် ခေါက်ဆွဲသား အမျိုးအစား ရွေးရတယ်။ ဒေလီမှာတုန်းက အရှာရခက်တယ်။
အမျိုးအစားကောင်းတဲ့ ခေါက်ဆွဲနန်းပြားလည်း ကောင်းတယ်။ ဆန်နန်းပြားလည်း ရွေးတတ်မှ။
အိမ်မှာ မုံ့တီလုပ်ရင် ဒီတိုင်းပြည်မှာရတဲ့ မုံတီဖတ် အတော်ရွေးရတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုပ်၊ ကိုရီးယား ကောင်းတဲ့အမျိုးအစား ကောင်းပါတယ်။
အီတလီခေါက်ဆွဲမှန်သမျှ ကောင်းတယ်။ ဒါပေမဲ့ နည်းနည်း မာတယ်။
အစားအသောက်တွေတိုင်းမှာ ပြုလုပ်နည်းမူရင်းဖေါ်မြူလာတွေရှိတယ်။ ကောင်းမယ်ထင်ပြီး အစုံထည့်တော့ စားမကောင်းတော့ပါ။
ဆန်ပြုတ်ဆို မုံရွာ ကိုသန်းဆန်ပြုတ်က အကောင်းဆုံးလို့ ဘက်လိုက်ပြီး ထင်ပါတယ်။
ဝက်အူတောင့်ဆိုလည်း မုံရွာနဲ့ ရေဦး။ အေးလမုံ့၊ ထိုးမုံ့ဆို မန္တလေး။
ရေစကြို ထန်းသီးမုံ့။ ဆားလင်းကြီး မုံ့ပေါင်းနဲ့ ထန်းပင်မြစ်။ ဘုတလင် စည်ပါ ခရမ်းသီး၊ မုံရွာ-ချောင်းဦး ကျွန်း(ကိုင်း) ခရမ်းသီး၊ ခရမ်းချဉ်သီး။
ဒန်ပေါက်လည်း ရွေးတတ်ရတယ်။ အိန္ဒိယ၊ နယူးဒေလီမှာ အူသမ်နဂါးနဲ့ ကွန်းနော့ပလေ့စ် တို့ကနေ ဝယ်ရတယ်။ ဟိုက်ဒရာဘတ်မြို့က အကောင်းဆုံတဲ့။
စမူဆာဆိုရင် မဒရပ်စ်က မြန်မာစမူဆာနဲ့ အတူတူ။ အရွယ်အစားတော့ သေးတယ်။ ကောင်းတယ်။ ဒေလီမှာရတာတွေ မကြိုက်ပါ။ မကြိုက်ဆိုတာ မကောင်းပါလို့ပြောတာတော့ မဟုတ်ပါ။
အစားအသောက်ဆိုတာ အမေချက်ကျွေးတာ၊ ငယ်ငယ်က စားဘူးတာ၊ အချိန်ကာလကြာကြာ စားခဲ့ဘူးတာတွေက ပိုကောင်းတယ်။
ခုခေတ်မှာ စားစရာကို နာမည်ရွေးစားကြသတဲ့။
အစားအသောက် ကောင်းကောင်းစားတတ်သူက သိပ်မများဘူးထင်ပါတယ်။
ကောင်းကောင်း ချက်ပြုတ်ကြော်လှော်တတ်သူမျိုးက ပိုရှားတယ်။
ကျွန်တော်ကတော့ ရေနွေးသာတည်တတ်တယ်။ ကော်ဖီလည်း ဖျော်တတ်ပါသေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment