မြိုင်မြို့နယ်အမတ်ကတော့ ဆရာကိုပို့ဖို့ ထမင်းကြမ်းနဲ့ငရုတ်သီး အဘိုးအိမ်မှာစားရတာ မမေ့ဘူးလို့ ပြောသွားတယ်တဲ့။
ကျွန်တော်ငယ်ငယ်က နွေရာသီ ရွာအလည်ပြန်ရင် လင်းအားကြီးအချိန် ယာထွန်သွားတဲ့ဆီလိုက်သွားပြီး ကစားတယ်။ နေမြင့်ချိန်မှာ တည်းအိမ်ကနေ ထမင်းကြမ်းလှုံ့နဲ့ ရေနွေးကြမ်းကို ခံတောင်းမှာထည့်ရွက်ပြီး လာပို့တဲ့အခါ ကန်သင်းဘေး သစ်ပင်ရိပ်မှာ ထိုင်စားခဲ့ရတယ်။ ဘာအသားမှလည်း မပါ။ ထမင်းကြမ်းကြော်တာကို ကျွန်တော့်မွေးဇာတိမင်းရွာမှာ ထမင်းကြမ်းလှုံ့တယ်လို့ ခေါ်တယ်။
တည်းခိုတဲ့အမျိုးအိမ်မှာ ရွယ်တူတွေနဲ့အတူ ငရုပ်သီးထောင်းကြတယ်။ တဖက်ခြံထဲက သံပရာသီးခူးပြီး ငရုတ်သီးထောင်း နီရဲရဲမှာ အရည်ရွှဲရွှဲညှစ်ကြတယ်။ ဆော့ကြတာပါ။ အဲဒီဟင်းစပ်ကိုတော့ ခုထိ နှစ်သက်ပါတယ်။ တောအရပ်ကို မမေ့ပါ၊ တောအစပ်ကို မမေ့ပါ။
ကျွန်တော်ကြီးတော့ ပြည်ပနိုင်ငံရေးမှာ ဥရောပနိုင်ငံတွေကိုသွားရတိုင်း ငရုတ်သီးတမျိုးမျိုး အိမ်ကနေယူသွားလေ့ရှိတယ်။ သူတို့ဆီမှာ အစပ်မရှိ။ ဆွီဒင်နိုင်ငံက ဟော်တယ်မှာ ကျူနာဆင်းဒဝှစ်ချ်ကို ငရုတ်သီးကြော်နဲ့ စားခဲ့ပါတယ်။
အခုတော့ ငရုတ်သီးကို အတန်အသင့်တော့ ထောင်းတတ်နေပြီ။
(၂) Ghost pepper ရွှေလံဗိုလ်ငရုပ်
လှတောသား စကားကြွယ်မှန်းသိထားတဲ့ လှေစီးဘုန်းကြီးက လှသေမားကို စကားမပြောနဲ့လို့ ကြိုတင်တားထားတယ်။ သရက်သီးဘုဉ်းပေးရင်း မှည့်တဲ့အသီးများတယ်ချိုလို့ မိန့်တော့ လှတောသားက မနေနိုင်။ ပါးစပ်မဟပဲ ငရုပ်သီးမှည့် ထောင်ပြတယ်။
ငရုပ်သီးအမျိုးမျိုးထဲမှာ ဗမာတွေက ရွှေလံဗိုလ်ငရုပ်ကို အစပ်ဆုံးလို့ သတ်မှတ်တယ်။ အဲဒီငရုပ်သီးကို ကသည်း ခေါ် မဏိပူလူမျိုးတွေက U-morok အူးမရုတ်လို့ခေါ်တယ်။ နာဂတွေကတော့ Naga Jolokia နာဂဂျိုလိုကီယာလို့ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Ghost chili pepper ခေါ်တယ်။ တစ္ဆေငရုပ်။
ကနေ့နေ့လည် ရွှေလံဗိုလ်ငရုပ်သီးထောင်းတယ်။ ဥပုသ်စောင့်တဲ့ ဒေါ်မြမြအေးက တာဝန်ပေးလို့ပါ။ ငရုပ်သီး မထောင်းရသီလပါ စောင့်တာလား။
ရွှေလံဗိုလ်ဆိုရင် လေးစားရတယ်။ လက်နဲ့ ဘာနဲ့မှ ထိလို့မရ။ ဘေးစင်လို့ မဖြစ်။ စနစ်ကျရတယ်။ ဆားတည့်ပြီး တချက်ချင်းထောင်း၊ စိတ်ကလည်း ရှည်ရတယ်။ တဝက်လောက်ကျတော့ ပုစွန်ခြောက် နည်းနည်း၊ ပြီးကာနီးတော့ ကြက်သွန်ဖြူ နည်းနည်းထည့်၊ ဆီမလို။ တဆုံဆို ၄-၅-၆ ရက်စာလောက်တယ်။ ထောင်းပြီးသားငရုပ်ဆုံကို ရေကျနေတဲ့ ပိုက်အောက်မှာ ထားရသေးတာ။ အတော်ဗိုလ်ကျတဲ့ငရုပ်။ တချို့ဗိုလ်တွေကို တစ္ဆေလိုကြောက်ရတယ်။ တချို့သာပါ။
(၃) ငရုပ်သီးထောင်းဋီကာ
ငရုတ်သီးဆားထောင်း၊ ငရုတ်ပု၊ ဆီမပါဟင်း၊ ကိုင်းသီး၊ မာလာ စတဲ့အသုံးစကားတွေကို နေ့တိုင်းလိုလို တွေ့နေရတယ်။ ဟုတ်ပါရဲ့လား။ စစ်စစ်ပေါက်ပေါက်မေးတော့ မဟုတ်ကြပါ။ သူများဆားလို့ လိုက်ဆား၊ သူများကိုင်းလို့ လိုက်ကိုင်း၊ သူများက ဘာဆိုလို့ လုပ်ဘာသူက များတာတွေ့ရတယ်။
ငရုတ်သီးထောင်းရင် ဆားပါရစမြဲ။ မပါတာ ၂ နေရာမှာ တွေ့ခဲ့တယ်။ အိန္ဒိယမှာ မီဇိုငရုတ်သီးထောင်းနဲ့ တိဘက်တွေရောင်းတဲ့ ဖက်ထုပ်နဲ့တွဲစားရတဲ့ ငရုတ်သီးထောင်း။
ငရုတ်သီးထောင်းရင် ဆားအရင်ထည့်ထောင်းမှသာ စင်တာဖိတ်တာ သက်သာတယ်။
• ရိုးရိုးငရုတ်သီးခြောက်ထောင်း။
• ငရုတ်သီးခြောက်လှော်ထောင်း။
• ငပိဖုတ်နဲ့ ထောင်းတဲ့ ငရုတ်သီးခြောက်ထောင်း။
• ဂျင်းနဲ့ ထောင်းတဲ့ ငရုတ်သီးခြောက်ထောင်း။
• ငါးခြောက်နဲ့ ထောင်းတဲ့ ငရုတ်သီးခြောက်ထောင်း။
• အမဲသားပြုတ်နဲ့ ထောင်းတဲ့ ငရုတ်သီးခြောက်ထောင်း။
• ဆားနဲ့ ကြက်သွန်ဖြူသာပါတဲ့ ငရုတ်သီးခြောက်ထောင်း (အထားခံတယ်)
• ဆားနဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီပါတဲ့ ငရုတ်သီးခြောက်ထောင်း (တရက်ကျော်ရင် ညည်းနံ့ရမယ်)
• ငရုတ်သီးအစိုနဲ့ ကယန်း မက်ခါသီးရော ငရုတ်သီးထောင်း။
• ငရုတ်သီးအစို မီးကင်ထောင်း (ငရုတ်သီးအစို လှော်တာလည်း ရတယ်။ ငပိဖုတ်၊ ဆား၊ ကြက်သွန်နီ ထည့်ပြီးမှ အပေါ်ကနေ နံနံပင်ထည့်ရတယ်။ သံပုရာသီးညှစ်တာနဲ့ မညှစ်တာလို့ရှိတယ်။ ကျွန်တော်က မညှစ်တာကို ကြိုက်တယ်။)
(၄) ငရုတ်သီး အမျိုးအစား
- ငရုတ်သီး
- ငရုပ်သီး
- ငြုပ်သီး
- စပ်သီး
- မိုးမျှော်ငြုပ်သီး
- ရွှေအပ်သီး
- ငရုတ်ပွ
- ငရုတ်ကောင်း
- ရွှေလံဗိုလ်ငရုတ်
- ချီလီးစ်
- ဟော့ပက်ပါး
ငရုတ်သီး အမျိုးအစား များတယ်။ အခေါ်တွေကလည်း မတူပါ။ အမညမှန်မတူတာတွေအပြင် အထင်နဲ့ ရမ်းခေါ်ကြတာတွေလည်း တွေ့ရတယ်။
ရွှေလံဘိုငရုတ်သီးကို ကုလားအော်လို့ခေါ်နေကြတာ မမှန်ပါ။ ရွှေအပ်သီး၊ မိုးမျှော်ငရုတ်သီးကိုသာ ကုလားအော်လို့ ခေါ်ပါတယ်။ သီးတော့လည်း မိုးပေါ်ထောင်သီးပြီး စားရင် ဗမာတွေသာမက ကုလားတွေပါ စပ်တယ်။ အရွယ်အစားသေးလို့ ရွှေအပ်သီးလို့ခေါ်တာ။
ခေတ်ကပျက်နေတော့ အမှန်အတိုင်းပြောရောင်းရင်လည်း ဝယ်သူနည်းမယ်။ အမှန်အတိုင်းရေးရင် အကြောက်အကန် အတင်ငြင်းကြမယ်။
နန်းတော်ရှေ့ဆရာတင်က ကသည်းပြည်ကလာတဲ့ ရွှေလံဘိုကို စာဖွဲ့ခဲ့တာ မဟုတ်ပါ။ အညာမှာရှိတဲ့ ရွှေအပ် ခေါ် မိုးမျှော်ငြုပ်သီးသာ ဖြစ်ပါတယ်။
ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမဲ မိုး ရွာမလိုလိုနဲ့ဘဲ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။
တောရွာသူတို့အိမ်မယ် မြိန်ဘွယ်ပါ့ထမင်း မိုးမျှော်ငြုပ်သီးထောင်းနဲ့ ကိုဗိုကေရယ် ဒေါင်းလန်းကြီးရဲ့အလယ်
Chili ငရုတ်သီး အရသာ https://dr-tint-swe.blogspot.com/2021/07/chilli.html
Chili Chili Chili ငရုတ်သီးဋီကာ https://dr-tint-swe.blogspot.com/2022/07/chili-chili-chili.html
Chili plant ငရုတ်ပင် https://dr-tint-swe.blogspot.com/2022/08/chili-plant.html
Umorok ရွှေလံဗိုလ် https://dr-tint-swe.blogspot.com/2022/08/umorok.html
ငရုပ် ငရုတ် တရုပ် တရုတ် https://burmese-spelling.blogspot.com/2022/12/blog-post_333.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment