(၁) ဘဝတလွှာ
ဘဝဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍ အိုင်းစတမ်းဆိုပါလျှင် ... တရိုးတံအလွှာငယ် တဆယ်မကနှင့် ကြွယ်လှသော စိန်ပန်းရွက်နှယ် ဘဝမျိုးလည်း ရှိသည်။
တညှာတွင် တလွှာရှိ၍ ဤတလွှာပင်တရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘဝမျိုးလည်း ရှိပါ၏။
ခိုင်နှင့် ကျွန်တော် ဘဝမှာမူ ... နှစ်လွှာပေါင်းမှ
တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် ...
“ချစ်ရိပ်ပွင့် ကို
လုလင် ဘာသာ
ပျူငှာဆန်းဆို
လွမ်းလိုလိုနှင့်
သံချိုမြမြ
နှမပြာဝင်း နေရစ်မင်းဟု ...”
နှမပြောဝင်း နေရစ်မင်းဟု ... နေရစ်မင်းဟု ... နေရစ်မင်းဟု .. ကျွန်တော့်ရင်တွင် ဟိုတောင်ယံမှ ရိုက်ခတ်တုံ့ပြန်လာသော ဥသြငှက်၏ နွေတေးပမာ ဤကဗျာ၏ နောက်ဆုံးစာပုဒ်များ ပဲ့တင်ထပ်နေသည်။
စာပေ၊ ကဗျာ၊ လင်္ကာကို မြတ်နိုးရကောင်းမှန်း ... သိစ။ စာပေ၊ ကဗျာ၊ လင်္ကာကို မြတ်နိုးရ ကောင်းမှန်း သိသော်လည်း စာပေ၊ လင်္ကာ၊ ကဗျာဆိုသည်မှာ သမုဒယသစ္စာ အရင်းတည်၍ ဒုက္ခသစ္စာ ကြွင်းလေသည်သော ဘဝလမ်းဌာနေ၌ သောကဝဋ်ကြိုး နှောင်ပတ်ချည်မိလေရာမှ ပေါက်ဖွားခြင်းကို ရှင်းလင်း မသိစဉ် သမယ ... ဟိုစဉ်ကာလများကတည်းက “ရှင်အဂ္ဂသမာမိ”၏ “နေမိဘုံခန်းပျို့”လာ ဤစာပိုဒ်များကို အကြောင်းမဲ့တ,သ အကြိမ်ကြိမ် နှုတ်မှ ခုံခုံမင်မင် စိတ်ကူးယဉ် ရေရွတ်ခဲ့ဖူးသည်။
ယခုမူ ... နှုတ်မှ မရွတ်သာ။ ရင်မှာသာ ပဲ့တင်ထပ်ရသော ဤကဗျာသည် ခိုင့်အတွက် ဖြစ်ရပါလေ ပြီကော ...။
“မောင့်ကို ခွင့်လွှတ်ပါလေ ခိုင်၊ နောင်ဘဝဆိုသည်လည်း ရှိပါစေ ခိုင် ...။ ဘဝတို့ အကြိမ်ကြိမ် ပြန်လည်ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ ပြန်လည်တွေ့ဆုံတတ်သော ရေစက် ဆိုသည်လည်း ရှိပါစေ ခိုင် ...။ သံသရာလမ်းဘုံဘဝ ကွန်းထောက်တစခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင်နှင့် မောင် ပြန်တွေ့ဆုံလျှင် ... မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင် ...”
မရှိတော့ပြီဖြစ်၍ မကြားနိုင်လေသူတဦးကို စကားဆိုသူတဦးအား ရူးသွပ်သူဟု ဆိုကြပါလေ။ ဆိုကြစမ်းပါလေ။ ကျွန်တော်သည် ရူးသွပ်နေသူတဦး အမှန်ဖြစ်ပါ၏။ အကြောင်းမှာ အထက်ပါ ကျွန်တော် စကားတို့ကို ချစ်လှစွာသော
ခိုင်တယောက် မကြားနိုင်တော့ပါလေ ...။ ကျွန်တော် မည်မျှကြားစေချင်ဦးတော့၊ ချစ်သောခိုင် မကြားနိုင်တော့ပါလေ။ ခိုင်မကြားနိုင်မှန်း သိလျက်နှင့် ... ။
“နှမပြာဝင်း၊ နေရစ်မင်းဟု ...” ဤစကားကို ကျွန်တော့်နှုတ်မှ မရေရွတ်ရဲ၊ ရေရွတ်ခဲ့သော် ... မမြင်နိုင်သော တောင်လေရူးသည် မသိနိုင်သည့် နွေတိမ်ခိုးတို့ နောက်ဆွယ်ရှိ ဝိညာဉ်လောက၏ မှောင်ခိုးရိပ်မှ ဆိတ်ဆိတ်သုဉ်းသုဉ်း ရပ်နေရလေရမည့် ခိုင့်ဆီ သယ်ဆောင်သွားသည် ဆိုပါအံ့။
ခိုင် အထင်မလွဲစေလိုပါ ...။
“နှမပြောဝင်း၊ နေရစ်မင်း ...”ဟု ကျွန်တော်မပြောရက်ပါ။ တတ်နိုင်လျှင် မပြောချင်ပါ။
နွေ၏ပင်အိုကို စွန့်ခွာမြေသက် လေထက်ပါလေသူ ရွက်ဝါတို့အား ပင်အိုသည် နှုတ်ဆက်စကား မဆိုနိုင်သကဲ့သို့ ကျွန်တော်လည်း မဆိုနိုင်ချင်ပါ။
ခက်သည်မှာ ... ခိုင်သည် ရွက်ဝါမဟုတ်။ ကျွန်တော်သည်လည်း ပင်အိုမဟုတ်။
ကြုံရချက် နာသမျှမှာ ... ရွက်ဝါနှင့် ပင်အိုပမာပင် မနိုင်းသာခဲ့။ ပင်အိုအတွက်မူ ညိုသောရွက်တို့ ကြွေစင်လေလျှင် ပျိုသောရွက်တို့ ဝေလွင်ပေမည်။
နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်လျှင် တလွှာကြွေခဲ့ပြီမို့ တရွက် မမည်လေ သကဲ့သို့ မပြည့်စုံတော့သော အထီးကျန် ဤဘဝဝယ် ဘယ်အချိန်ထိ ရပ်တည်နေရမှန်း မသိနိုင်သည့် ကျွန်တော်နှင့်စာလျှင် ပင်အိုသည် ကံကောင်းလေပါသည်။ ခံစားမှု မရှိ၍လည်း ပို၍ကံကောင်းလေပါသည်။
ခံစား စံစားမှုရှိသော သုံးပါးလောကဝယ် .. ဒုလ္လဘဟူ၍ အမြင့်မြတ်ဆုံးဆိုသော အတိတ်ကိုလည်း မမေ့။ ပစ္စုပ္ပန်ကိုလည်းသိ။ အနာဂတ်ကိုလည်း ကြိုမြင်တတ်သောလူ ဖြစ်နေရသည့် ကျွန်တော်သည်သာ ကံအဆိုးဆုံး ဖြစ်နေရပါ၏။ လူတယောက်အနေနှင့် ပိုင်ဆိုင်ထားရသော ထက်မြက်သည့် အာရုံတရားတို့နှင့် ဥပါဒါန် ဖုတ်၊ တစ္ဆေ ခိုအောင်းမှီတွယ်ရာ သက္ကာယဒိဋ္ဌိ မနောစိတ်ဂူ ငါစွဲဟူသည်တို့ကိုပင် မုန်းတီးရလေမည်လား မပြောတတ်။
“ပတ်ဝန်းကျင်ကိုလည်း မမြင်ချင်၊ မကြားချင်၊ မသိချင်ပါ ခိုင် ..။ အတိတ်ဆိုတာကိုလည်း မေ့ချင်ပါသည် ခိုင် ..။ ပစ္စုပ္ပန်မှာလည်း မောင်မပျော်ပါဘူး ခိုင် ..။ အနာဂတ်ဆိုတာကိုတော့ တွေးမိတိုင်း ကြောက်လန့်မိတယ် မိခိုင်ရယ် ...”
မမြင်ချင်သော်လည်း ပတ်ဝန်းကျင်ကို ကျွန်တော် မြင်နေရသည်။ | ကျွန်တော် မြင်နေရသော ပတ်ဝန်းကျင်မှာ လေဝင်တိုင်း ရိုင်းရိုင်းသဲသဲ ဝဲဝဲလွင့်လွင်၊ ဆင့်ဆင့် ဆက်ဆက် ကြွေသက်နေသော ရွက်ဝါရွှေ မြေခသည့် နွေလရက်ဆည်းဆာရိပ် ပြာရီရီတည်း။ ကျွန်တော် ရပ်တည်နေရာမှာ မြေပုံမို့မို့ အုတ်ဂူပျိုအချို့တို့ဖြင့် မြို့ အသရေ မရှိပါလေသော သချိုင်းမြေသာတည်း။
ရွက်ဝါဆိုသည်မှာ ဇာတ်လမ်းဆုံးခန်းတွင် လွမ်းတေးမဆိုဘဲ ငိုပွဲကို ဟန်အမူအရာဖြင့် သယ်ယူ တတ်သည့် ရာသီ၏ ကချေသည်များသာဖြစ်ပါ၏။
ရာသီကချေသည်တို့၏ ငိုပွဲကို အသည်းကြွေလုဖြင့် ရှုမြင်နေရင်း ကျွန်တော်သည်သာ မငိုရဲပါ။
“ငိုချင်ပါရဲ့ ခိုင် ....။ ဒါပေမယ့် ဆိတ်ငြိမ်တဲ့ ခိုင်ရဲ့ ဝိညာဉ်လောကဟာ မောင့်ရဲ့ ငိုရှိုက်သံ တွေကြောင့် နှောင်းဘဝသောက ပဲ့တင်ချက်နဲ့ မပျက်စီးစေလိုဘူး မိခိုင် ...”
မိခိုင်တယောက် ဖြစ်ရာဘဝမှာ ငြိမ်းချမ်းနိုင်ပါစေ ...။
“မောင့်ဘဝတော့ မငြိမ်းချမ်းနိုင်တော့ပါဘူး မိခိုင်ရယ် ...။ မောင့်အပေါ် ခိုင် ချစ်သမျှ၊ ဖြစ်ခဲ့ရတဲ့ အကြောင်းကံဆိုးကို အငြိုးနဲ့ မုန်းမိလေသမျှ မောင့်ဘဝမှာ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်တော့ပါဘူး ခိုင်ရယ်”
သိလျက်နှင့်လေ၊ ချစ်ဝိပါက်ဟု ဆိုများ ဆိုကြပါစေ။ ကျွန်တော် ဖြစ်ရသည်မှာ ကြယ်ကြွေကို လည်ကာကောက်သည့် တယောက်သော သူရူးပမာသာ ဖြစ်ပါ၏။
ကျွန်တော် ရှာဖွေကောက်သော ကြယ်ကြွေများမှာ မရှိတော့ပြီဖြစ်သော အတိတ်ကာလမှ လွမ်းဆွတ် တမောဖွယ်ရာများသာ ဖြစ်ပါ၏။
ခိုင်နှင့် ကျွန်တော် အတူကျင်လည်ခဲ့ရသည့် အတိတ်ကာလမှာ လွမ်းဆွတ်တမောဖွယ်ရာများသာ ဖြစ်ပါ၏။
---
မှတ်ချက် -
ဝတ္တုအမည်မှာ 'ဘဲ' နဲ့ 'ပဲ' မှားနေသည်။
ကူးယူ တင်ပြထားတာထဲမှာ တစ် ၂ လုံးပါနေသည်။
တဝမ်းပူကို မှန်အောင်ရေးတာလည်း ၁၇ လုံးတွေ့ပါသည်။ ကွန်ဂရက်ကျူလေးရှင်း။
ဘဝ’တ’လွှာ
‘တ’ရိုးတံအလွှာငယ် ‘တ’ဆယ်မကနှင့်
‘တ’ညှာတွင် ‘တ’လွှာရှိ၍ ဤ’တ’လွှာပင် ‘တ’ရွက်မည်သော
‘တ’ရွက်ဖြစ်ရသည့်
‘တ’လွှာကြွေခဲ့လေပြီမင့် ‘တစ်’ရွက်မမည်လေတော့သော
ကွန်းထောက်’တစ်’စခန်းမှာ
မကြားနိုင်လေသူ’တ’ဦးကို စကားဆိုသူ’တ’ဦးအား
ချစ်လှစွာသော ခိုင်’တ’ယောက်
နှစ်လွှာပေါင်းမှ ‘တ’ရွက်ဖြစ်ရသည့် စွယ်တော်ရွက်လျှင် ‘တ’လွှာကြွေခဲ့ပြီမို့ ‘တ’ရွက် မမည်လေ သကဲ့သို့
လူ’တ’ယောက်အနေနှင့်
မိခိုင်’တ’ယောက်
ကြယ်ကြွေကို လည်ကာကောက်သည့် ‘တ’ယောက်သော သူရူးပမာသာ
တအုပ်လုံးဆိုရင် 'တ' ကို မလိုအပ်ဘဲ 'တစ်' ထားတာ အလုံးတသိန်းလောက်ပါနေနိုင်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment