ဝတ္တရားများ
(၂၀၁၅ ခုနှစ်က ရေးထားတာ)
ဆရာခင်ဗျာ မိဘဝတ် ဆရာဝတ် တပည့်ဝတ် လင်ဝတ် မယားဝတ်တင်ပေးပါဦးခင်ဗျာ။
မေးလို့သာ ထပ်တင်ရာမှာ အားတော့နာတယ်။ ဆောရီး။ လွန်ခဲ့တဲ့ ၄ နှစ်က ရေးထားတယ်။
အထက (၁) သာယာဝတီ ပထမတန်း လပတ်စစ်ဆေးခြင်း၊ မြန်မာစာမေးခွန်း = အောက်ပါကဗျာကို လက်ရေးလှ ကူးရေးပါ။
တပည့်ဝတ် = ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။
စာမေးပွဲမေးခွန်းက မှားနေတယ်။ အဲတာက သားသမီးဝတ်သာဖြစ်ပါတယ်။
၁။ တပည့်ဝတ်
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်ထွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။
၂။ သားသမီးဝတ်
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။
၃။ မိဘဝတ်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။
၄။ ဆရာဝတ်
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။
၅။ မိတ်ဆွေဝတ်
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။
၆။ မယားကျင့်ဝတ်
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။
၇။ လင့်ကျင့််ဝတ်
မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။
၈။ အကြီးအကဲဝတ်
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှူ၊ ဤခြောက်ခု၊ ကြီးသူ့နာယက ဂုဏ်ခြောက်ဝ။
၉။ ရှင်ရဟန်းဝတ်
မကောင်းမြစ်တား၊ ကောင်းရာကိုလှစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ။
၁ဝ။ လူဒါယကာကျင့်ဝတ်
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ကျင့်လေဒါယကာ။
၁၁။ အလုပ်သမားကျင့်ဝတ် (တချို့က ကျွန်ကျင့်ဝတ်လို့ရေးပါတယ်)
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်ကျွန်ကျင့်ရာ။
သိင်္ဂါလသုတ်လာ ကျင့်ဝတ်များကို သင်္ဂဇာဆရာတော်ကြီးကနေ ဆောင်ပုဒ်များအနေနဲ့သီကုံးထားတာဖြစ်ပါတယ်။
Photo from Zayar Phyo
ဒေါက်တာတင့်ဆွေ

Comments
Post a Comment