နှင်းစက်ကြွေဆင်း၊ ညှင်းညှင်းခမ်းသွေ့
မြန်လွန်း၍လည်း၊ နောက်နေ့မိုးသောက်
နှင်းဖျောက်ဖျောက်စွေ၊ စိုပြန်ချေမည်…
သေရွာသို့ရောက်၊ သူတယောက်မူ
တခေါက်ပြန်မလာနိုင်တော့ဘူး။ ။
သစ်ကိုင်းငေါထွက်၊ သစ်ရွက်ဝါရွှေ
မောသူ့နွေတွင်၊ မြေသက်ခွေဆွေ့
ကြွေကာဝေ့လည်း၊ ထိတွေ့ရေစင်
မိုးသခင်စေ၊ ရွက်သစ်ဝေမည်…
သေရွာသို့ရောက်၊ သူတယောက်မူ
တခေါက်ပြန်မလာနိုင်တော့ဘူး။
လူ့ကမ္ဘာသည်
ဝေးကွာပင်လယ်၊ ဘယ်လောက်ကျယ်ဝန်း
စာမှာညွှန်းစေ၊ ယွန်းခရီးဖြတ်
လှည့်ကာပတ်လျှင်၊ မှတ်တိုင်ဟောင်းမြေ့
ရက်များရွေ့ကြာ၊ ဆိုက်ပြန်ပါလည်း
သေရွာသို့ရောက်၊ သူတယောက်မူ
တခေါက်ပြန်မလာနိုင်တော့ဘူး။
ဆိုစမ်းချင်သည်၊ ရက်ရှည်သံသရာ
လည်ပတ်ပါငြား၊ လှိုင်း,သောင် စားလည်း
သက်ထားသည်းလွှာ၊ ပြန်မလာမို့
သံသရာမလည်နိုင်တကား။
မည်သို့ဖြစ်လည်း
ကွေ့ ရစ်လမ်းများ၊ ချန်ရစ်ထားပြီး
တံတားရင်လွှာ၊ ငါ့လင်္ကာမှာ
သက်လျာတယောက်၊ ငါ့မျက်မှောက်သို့
တခေါက်ပြန်လာပြီတကား။ ။
တက္ကသိုလ်-မိုးဝါ (ခေတ္တ-လောပီတ)
သွေးသောက်မဂ္ဂဇင်း ၁၉၆၀ စက်တင်ဘာ
GONE FOREVER QUOTE TEMPLATE | PosterMyWall
ဒေါက်တာတင့်ဆွေ
Comments
Post a Comment