လယ်ကညို့ငယ်နှင့်၊ မယ်တို့ရဲ့တောရွာ၊
ကောက်ငန်းငယ်သာ၊ သင်းပြာပြာ ဝေခတောင်ကယ်နှင့်၊
လေသောက်ရာ ထုံကြူ။
မစုံသူ ဖော်မလွမ်းသော်ကော့၊
ကန်စွန်းငယ် ရေဖေါင်ဆင်လို့ရယ်၊ ယဉ်လှတယ်လေး။
စစ်စလီငယ်၊ ပြာပီရေကြက်၊ မောက်တင်ငယ်တို့၊
လယ်ကွက်တခို၊ ရိုးကျလျှိုက၊ လူလိုဘဲကြင်၊
မယ်နှစ်မ လွမ်းစထွင်လို့၊ မရွှင်နေကုန်၊
သည်တဝှမ်းမှာလှ၊ အလွမ်းသာဆုံတော့၊
ဖော်မစုံတကိုယ်မှာ၊ ရွှေမိုးညို ပတ်ကာချုန်းပါလို့၊
ပြုံးမိတယ်လေး။ (ဦးကြီး)
စာဆို ဦးကြီးဟာ အမရပူရမြို့စံ ဟံသာဝတီမင်း (၁၈၃၇-၁၈၄၆) လက်ထက်မှာ ထင်ရှားခဲ့ပါတယ်။
လယ်ကွက်တစ်ခို၊ မဟုတ်ပါ။ ဖော်မစုံတစ်ကိုယ်မှာ မဟုတ်ပါ။
စစ်စလီဆိုတာ Teal ရေဘဲ။ ရေကြက်ဒုံလို့လည်းခေါ်တယ်။ Coot မောက်တင်ကို သင်္ဘောရေကြက်လို့လည်းခေါ်ကြတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment