စံနစ်တကျသင်ပေးတဲ့ဆရာတွေက ခက်ဆစ်အဓိပ္ပါယ်ဖွင့်ပေးကြပါတယ်။ ကဗျာစာအုပ်တွေမှာ ဝေါဟာရအနက်၊ ဝေါဟာရ လေ့လာချက်၊ စကားပြေ၊ လိုရင်းအချုပ်၊ ဝေဖန်ချက်ပါထည့်တယ်။ ဦးကြီးရေးတဲ့ စပ်ဟင်းချို လွမ်းချင်းကို တင်ပြပါရစေ။
စပ်ဟင်းချို
တခါလေလိုက်ခဲ့တော့၊ စရိုက်ကယ်ဘာသာ၊ တို့တောရွာမှာ၊ စားစရာဆန်ထမင်းမှာလ၊ မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။
စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်၊ ကင်ပလင်း ဂုံမင်းဖက်လို့၊ ငပျက်ကယ်ရောရီ၊ လောရွှေပီနှင့်၊ ပတီရုံးပြုံး စပ်ကာ ကျိုပြီးလျှင်၊ ဇီးချိုပင်ရိပ်သာမှာ၊ နှစ်မျက်နှာ ယှဉ်ပြိုင်ပြုံးလို့၊ သုံးရအောင်လေး။ ။
ဝေါဟာရအနက်
နီတျာ = နီရဲသော
သီတာဆန် = ကောက်ကြီးဆန်တမျိုး။
ပြက်ပြက် = အနည်းငယ်။
ငပျက် = ငါးအငယ်စားတမျိုး။
ရောရီ = ရောနှော၍။
ပြုံးစပ်ကျို = ရောမွှေ၍ကျိုသည်။
ထမင်းကို မုရင်းဆန်နီနီနှင့် သီတာဆန်ရောချက်တယ်။
ဟင်းချိုကို ကင်ပလင်းရွက်၊ + ဂုံမင်းရိုး + ပီလောရွက် + ရုံပတီးသီး ရောမွှေပြီးကျိုတယ်။
မှတ်ချက်
၁။ တောဓလေ့ရေးတဲ့ ဦးကြီးကတော့ တခါလေကို တစ်ခါလေလို့ မရေးပါ။ မြို့ဓလေ့ ဆရာကြီးဆရာမကြီးတွေကသာ ရေးကြတယ်။ နိုင်ငံခြားရောက်တွေလည်း ပါတာပေါ့။
၂။ ရှေးကစာတွေသာ မဟုတ်ပါ။ ခေတ်ဆိုပြီး မှားရေးနေတာတွေကိုလည်း နားမလည်ပါ။ မှားအောင်ရေးတာ ခေတ်တဲ့။ ခေတ်စာလုံးကို အားနာစရာကောင်းတယ်။
ဒေါက်တာတင့်ဆွေ
၇-၂-၂၀၁၉

Comments
Post a Comment