Skip to main content

ဇရာ ဆည်းဆာ

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)

ဆည်းဆာဟူသညနေ့၏အစနှင့် အဆုံးချိန်၊ နေမွန်းတည့်ချိန်နဲ့ ညဉ့်နက်သန်ကောင်လို့ရှိတယ်။ ကဗျာ၊ စာရေးတတ်သူတွေက ဆည်းဆာအလှအပကို ဖွဲ့ဆိုရေးသားကြတယ်။ ပန်းချီဆရာတွေကလည်း ရေးဆွဲခြယ်မှုန်းကြတယ်။ ဂီတသများတွေက သီချင်းသီကုံးစပ်ဆိုကြတယ်။

ဘဝဆည်းဆာလည်း ရှိတယ်။ ဘဝတခုရဲ့အစနဲ့ အဆုံးကာလတွေဘဝဆည်းဆာကိုလည်း စိတ်ကူးနဲ့ တင်စားပြီး ရေးသားကြ၊ ပြောဆိုကြ၊ ဆိုဆုံးမကြတယ်။

ဘဝဆည်းဆာ နေဝင်ချိန်ပန်းချီကားထဲမှာ ကိုယ်တိုင်ရောက်နေသူတွေက ဘယ်လို တွေးတော ပြောဆိုကြသနည်း။ လှတယ်လို့ ပြောမှာလား။ ကျပြီလို့ သံဝေဂယူမှာလား။

တကယ်ကျနေသူတွေကမူ အသံထွက်တိုးတိုးညင်သာကြလိမ့်မည်။ တချို့က ဘာတခွန်းမှ မဟတော့။ လက်နဲ့လည်း ရေးသားကြတော့မည်မဟုတ်။ အဆိုတော် သူအိုတို့သည်လည်း တိတ်တဆိတ်သာ ဆိုနေကြပေလိမ့်မည်။

နှစ်ပေါင်း ခြောက်ဆယ်ကိုလည်းကောင်း၊ ခုနစ်ဆယ်၊ ရှစ်ဆယ်ကိုလည်းကောင်း ပြန်ပြောင်း အောက်မေ့နေကြပေလိမ့်မည်။ အတိတ်ဇာတ်စုံတချို့ ဝိုးဝါးနေပေပြီ။ အများစုကိုတော့ မေ့ကုန်ကြပေပြီ။

မျက်လုံးတွေက စကားပြောဆိုနေကြပေလိမ့်မည်။ ရင်ထဲမှာ အပြည့်။

ကိုယ်တိုင် ဆင်ခြင်ခြင်း

အမေ ဆိုတဲ့စကားလုံးကို အရင်ဆုံးတတ်မြောက်သည်။ ပုဆိုးဝတ်တတ်အောင် အဖေက သင်ပေးသည်။ လမ်းလျှောက်တတ်အောင် လူကြီးမိဘတွေက သင်ပေးသည်။ လောက်စာလုံးလုံးနည်း ဘတ်ခွပစ်နည်း သူငယ်ချင်းတွေဆီကနေ သင်ယူရသည်။

ကကြီး ခခွေး၊ ၁-၂-၃-၄။ အေ-ဘီ-စီ-ဒီ။ ကမ္ဘာကြီးသည် လုံးဝန်း၏။ အနော်ရထာ။ ရေသံသရာလည်ပုံ။ ဦးပုညဝတ္တုလေးပုဒ်။ ရှိတ်စပီးယားပြဇာတ်။ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ သားဖွားမီးယပ်၊ ခွဲစိတ်ကုပညာ။ ဆရာဝန်ဖြစ်ပြီ။

လူငယ်ဘာဝ ဘဝလက်တွဲဖေါ်ရပြီ။ သားသမီးတွေ တယောက်ပြီးတယောက် မွေးဖွားကြီးပြင်းလာကြသည်။

ဆေးခန်းဆိုင်းဘုတ်ကို ကိုယ်တိုင်ရေးသည်။ ဟိုမြို့ ဒီရွာ တာဝန်အရပြောင်းရသည်။ မုံရွာ၊ မြို့သာ၊ စစ်ကိုင်း၊ ပုလဲ စသည်။

ရှစ်လေးလုံးအရေးအခင်းကြီး မျက်စိအောက်မှာ ဖြစ်လာသည်။ မတိုင်ခင်မှာ မြန်မာဆိုရှယ်လစ်ခေတ်ကို အစကနေ အဆုံးထိ နဖူးတွေ့ ဒူးတွေ့ တွေ့ပါသည်။

အစိုးရခန့်ဆရာဝန်အဖြစ်ကနေ နှုတ်ထွက်ပြီး နိုင်ငံရေးထဲရောက်သွားသည်။ ရွေးကောက်ခံတော့ နိုင်သည်။ သို့သော် မကြာမီမှာ အိမ်ကိုလာဖမ်းတော့ ထွက်ပြေးလွတ်မြောက်ပါသည်။ ကြာကြာပုန်းအောင်နေလို့မဖြစ်နိုင်။ တိုင်းပြည်ကနေပါ ထွက်ပြေးရသည်။ ဒုတိယနိုင်ငံမှာ ၂၄ နှစ်နေပြီးနောက် တတိယနိုင်ငံရောက်သည်။ အခုထိ။

ဒီလောက်ထိ မမေ့သေးပါ။ ချရေးထားတာတွေလည်း တိုတိုပြတ်ပြတ်လေးတွေ ရှိသေးသည်။ ကြာရငမေ့မည်။ အခုတောငအကုနမမှတ်မိတော့ပါ။

အနာဂတ

ဘယ်သူမဆို အနာဂတ်ဆို ပိုမသိချေ။ သင်ယူနာကြားဖတ်ထားခဲ့တာတွေနဲအဖြေရှာကြည့်ကြသည်။

ပြင်ဆင်ပြီးပြီးလား ကိုယ့်ကိုယ်ကို မေးကြသူရှိပါမည်။

တချို့က အသက်အာမခံ။ တချို့က နာရေးကူညီမှုအသင်းဝင်ထားကြသည်။ ကျန်ရစ်တဲ့မိသားစုအပေါ် ဝန်မပိစေချင်ကြ။ တချို့မူကား ငါမရှိတဲ့အခါ ဘယ်လိုစီမံရစ်လေလို့ မှာကြားထားခဲ့တတ်သည်။

သို့တစေ ဘယ်တော့မှာ၊ ဘယ်လိုဘယ်ပုံနဲ့ ဘယ်အရပ်ဒေသမှာကို ကြိုမသိနိုင်ဟု တရားစကား ရှိသည်။ ဘယ်ကိုလဲဆိုသည်ကိုပါ မသိနိုင်ချေ။

အိုသော် လက်စောင်းမထက်၊ နှုတ်စွမ်းမသွက်၊ နာခံလိုသူ နည်းပြီခေတ်လည်း မတူတော့ချေ။ ကျွန်ုပ်တို့၏ မိဘဘိုးဘွားများကလည်း ထိုသ်ို့ပင် ဆိုသွားခဲ့ကြမည်ဟု ထင်ပါသည်။

အပြီးသတ်တော့မည့် ပန်းချီကား မပြီးသေးတကားဆေးကား အရောင်အသွေးစုံလင်ပါ၏။ ရွှေရောင်၊ ငွေရာင်၊ ပတ္တမြားနီလာနှင့် စိန်ရောင်တို့မူကား ကင်းမဲ့ချေ၏။

ရင်ထဲ စိတ်ထဲရှိတိုင်း ထုတ်ဖေါ် မပြော မရေးသားခြင်းဟူသည် ဇရာ၏ ကလောင်စွမ်းပင်တည်း။

(ဦးဘကြည်ရေးဆွဲတဲ့ပုံအတွက် ကျေးဇူး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ