ကာမဘောင် ရှုပ်အထွေးကိုလှ
ပျိုလေးမောင် မခင်လို့
ရုန်းချင်ပြီ ဆုပန်ကြားသူရဲ့
တားမြစ်ဖို့ ခွင့်မသာ။
နှစ်ကိုယ်တွဲကာပ
ဒီဝဲ သံသရာက
သောင်ခေမာ ဟိုတဖက်ဆီသို့
ဖောင်မဂ္ဂင် ဆင်ကာကူးမယ်လို့
ဆုထူးကို ပန်ညီသော်လဲ့
ပါရမီ မောင်မရင့်သော်ကြောင့်
သွားနှင့် သက်လျာ။
ဇာတ်မတူ အမူကြမ်းသူဖြင့်
သောင်ကမ်း မမြင်နိုင်လို့
တပင်တိုင် နာဝါပျက်လိုပ
သံသရာ သည်ဂယက်မှာလှ
စုန်တခါ ဆန်တချက်ကယ်နဲ့
မျောလိုက်ကွဲ့ ယောင်ချာချာ
တွယ်ရာဖြင့် ရှိနိုင်ဘူး။
သို့အကြောင်းရယ်ကြောင့်
ချစ်ဟောင်းနွယ်သာကီရဲ့
ပါရမီ ပြည့်လျှံဖြိုးကာပ
တန်ခိုးတွေ တလူလူနဲ့
ဘိက္ခူနီ ထေရီဖြစ်တော့ခါ
မောင်ချစ်ကို မယ်သနားတာဖြင့်
တရားမွန် မှန်သဘောကို
ဟောလှဲ့ပါဦး။ ။
မင်းသုဝဏ်၏ ခေတ်စမ်းကဗျာ
ဂန္ဓလောက ၁၂၉၆ ခု။ ဒုတိယဝါဆိုလ
နာဝါ = လှေ၊ ၁၂၉၆ = ၁၉၃၄
မြန်မာစာသင်္ဘောပျက်ကြီးကို ဝါးဖေါင်နဲ့ ကယ်ကြပါကုန်။
ဒေါက်တာတင့်ဆွေ
၁၄-၈-၂၀၁၆

Comments
Post a Comment