အာမိတ်နှင့် လွေဇောတို့ကို ချင်းတောင်မှ ယူခဲ့သည်မှာ ကိုးလကျော် ဆယ်လနီးလာလေပြီ။ ထိုကိုးလကျော် ဆယ်လနီးပါးအတွင်း သူတို့နှစ်ကောင်မှာ ဘာမျှအပူအပင်မရှိ။ စားချိန်တန် စားရ၊ သောက်ချိန်တန် သောက်ရ၊ ကစားချိန်တန် ကစားရ၊ အိပ်ချိန်တန် အိပ်ရ၊ အပျော်ကြီး ပျော်ခဲ့ကြလေပြီ။ မည်သူ ဘာဖြစ်ဖြစ် သူတို့ တပဲသား ဂရုမစိုက်ကြချေ။ သူတို့ကဲ့သို့ လွတ်လပ်သောစိတ်မျိုး၊ သူတို့ကဲ့သို့ ပျော်ရွှင်သောစိတ်မျိုး၊ သူတို့ကဲ့သို့ အပူအပင်ကင်းသော စိတ်မျိုးကို လိုချင်စမ်းပါဘိတော့ဟု မောင်လူအေးက ခင်သန်းမြင့်အား ခဏ ခဏ ပြောကြားဘူး၏။
ယခုကား အာမိတ်နှင့် လွေဇာတို့သည် ယခင်ကကဲ့သို့ အပူအပင်မကင်းကြတော့ပြီ။ သူတို့နှလုံးသားအတွင်း အချစ်မီးက ဝင်၍တောက်နေလေပြီ။ ပျော်ရွှင်ခြင်း ကင်းနေကြလေပြီ။ ပူပင်သောကများ ရောက်နေကြလေပြီ။ ယခင်က ဖျတ်ဖျတ်လတ်လတ် ပြေးလွှား ကစားလေ့ရှိသော မလွေဇောမှာ ယခုအခါ ခွေကာ ယိုင်နေလေပြီ။ မောင်အာမိတ်ကား မလွေဇောလောက်မဖြစ်။ အဖိုတို့သည် အမတို့ထက် အချစ်၏လောင်ကျွမ်းခြင်းကို ပိုမိုသည်းခံနိုင်ကြောင်း ထင်ရှား၏။
လွေဇော၏အချစ်ကို သိမ်းကြုံးကာ ယူလိုက်သူကား အာမိတ် မဟုတ်ချေ။ မောင်လူအေးတို့၏ အိမ်နောက်ဖေး အစေခံတန်းလျားတွင် ခိုကပ်ကာစားနေသော ခွေးနက်ကြီးဖြစ်လေသည်။ ထိုခွေးနက်ကြီးမှာ အာမိတ်လောက် အဘယ်မှာ လှပါအံ့နည်း။ သို့သော် အာမိတ်ထက် ခွန်အားဗလသန်စွမ်း၏။ အကင်းပါး၏။ အဆွယ်ကောင်း၏။
ထိုကြောင့် ထိုခွေးနက်ကြီးအပေါ်တွင် လွေဇော မေတ္တာပုံလိုက်ဟန် တူလေသည်။ ဤကဲ့သို့ ပါလရာ ခွေးနက်ကြီးနှင့် လွေဇာတို့ ချစ်ကြိုက်ကြ၍ မကြာမီပင် ထိုအကြောင်း ခင်သန်းမြင့်၏နားသို့ ပေါက်သွားလေ၏။ ခင်သန်းမြင့်မှာ များစွာ မကျေမနပ်ဖြစ်လေတော့၏။ မိမိဂရုစိုက်ကာ ကောင်းစွာကျွေးမွေးပြုစုထားသော လွေဇာသည် အုတ်ကြားမြက်ပေါက်၊ ကလေကလွင့် ပါလရာ ခွေးနက်ကြီးနှင့် အဘယ်ကြောင့် သွား၍ကြိုက်ရပါသနည်း။ လွေဇောကိုလည်း ဒေါသထွက်၊ ခွေးနက်ကြီးကိုလည်း မျက်မာန်ပွါးလျက်နေ၏။
ခွေးနက်ကြီး အိမ်နား မကပ်ဝံ့အောင် ဈေးထဲမှ ဗျောက်အိုးများကိုဝယ်ကာ ဖောက်၏။ ခမျာ ခွေးနက်ကြီးမှာ ဗျောက်အိုးသံကြားလျှင် ကြောက်လွန်းလှသောကြောင့် သေပြေးရှင်ပြေး ပြေးရှာ၏။ သို့သော် ဝေးဝေးမသွားနိုင်ရှာ။ အချစ်တည်းဟူသော ဓာတ်ငွေ့က လှုံ့ဆော်သောကြောင့် ကြောက်ကြောက်နှင့်ပင် ခင်သန်းမြင့်အလစ်တွင် အိမ်အောက်မှလာ၍ ချောင်းရှာ၏။ လွေဇောခမျာမှာလည်း ခင်သန်းမြင့်က အခန်းတခန်းထဲတွင် လှောင်ထားသောကြောင့် နေမထိ ထိုင်မတတ်၊ ဟိုဖက်ပြေးလိုက်၊ သည်ဖက်ပြေးလိုက်၊ အော်လိုက်ဟစ်လိုက်နှင့် မောင်တော် ခွေးနက်ကြီးအား အသံပေးရှာလေသည်။
လွေဇာ၏အသံကို ကြားရသော ခွေးနက်ကြီးမှာ အိမ်အောက်ဖက်တွင် မနေတတ်တော့ပြီ။ ဝင်းခြံထဲ ပတ်၍ပြေးလိုက်၊ လှေကားအောက်မှ လာမျှော်လိုက်နှင့် ဖြစ်နေရှာပေ၏။ သို့သော် ခင်သန်းမြင့်ကို မြင်လိုက်သည်နှင့်တပြိုင် နက် တင်ပါးနှင့်ဖဝါး တသားတည်းကျအောင် ပြေးလေတော့သတည်း။ ဗျောက်အိုးကို ကြောက်ပေသကိုး။
ဤကဲ့သို့ အခန်းထဲတွင် လှောင်ထားသောကြောင့် မိမိ၏အသက်ဗူး ခွေးနက်ကြီးနှင့် မတွေ့ရသောအခါ လွေဇောမှာ ခွေကာယိုင် လက်မှိုင်ချရှာ၏။ အစာကျွေးလည်း မစားတော့ပြီ။ လက်ဖက်ရည် ကာဖီတိုက်လည်း မသောက်တော့ပြီ။ ယခင်ကကဲ့သို့ အာမိတ်နှင့်လည်း မကစားတော့ပြီ။ လွမ်းနာကျကာ ကြမ်းပြင်တွင် လှဲ၍နေရှာတော့၏။ လွေဇော၏အဖြစ်အပျက်ကို မြင်ရသောအခါ အာမိတ်မှာလည်း ယခင်ကကဲ့သို့ မရွှင်ပျတော့ပြီ။ ယခင်ကကဲ့သို့ လွေဇောအား သွား၍ မစတော့ပြီ။ သူလည်း တမှိုင်မှိုင်နှင့် နေတော့၏။ အာမိတ်မှိုင်သည်မှာ လွေဇောအတွက်ချည်းမဟုတ် သူ့အတွက်လည်း ပါလေသည်။ သူလည်း အိမ်နောက်ဖေး စစ်တန်းထဲမှ ခွေးပိန်ကလေးတကောင်နှင့် ရည်းစားဖြစ်နေလေသည်။ ခင်သန်းမြင့်က သဘောမတူ။ လွေဇောနှင့်အာမိတ်တို့ ကံတူအကျိုးပေးနေကြလေပြီ။
ဤသို့ လွမ်းနာကျ၍ သုံးလေးရက်ကြာသော် လွေဇောမှာ အတော်ပင် ပိန်ချုံး၍သွား၏။ လွေဇော၏အဖြစ်အပျက်ကိုမြင်သောအခါ ခင်သန်းမြင့် သနားစပြုလာ၏။ သို့သော် ခွေးနက်ကြီးနှင့်ကား မည်သည့်နည်းနှင့်မျှ သဘောမတူနိုင်။ အကြံကောင်းတခု ရလာသည့်အတိုင်း လွေဇောနှင့် အာမိတ်တို့ကို သံကြိုးတချောင်းတည်းနှင့် ချည်ကာ ဝင်းအတွင်းတွင် လွှတ်၍ထား၏။ လွေဇောက တရားခံ၊ အာမိတ်က တရားခံကိုဖမ်းလာသော ပုလိပ်နှင့် တူလှပေသည်။ အိမ်အောက်သို့ လွှတ်လိုက်သည်နှင့်တပြိုင်နက် လွေဇောက နောက်ဖေးတန်းလျား ခွေးနက်ကြီးရှိရာသို့ ပြေးလေ၏။ အာမိတ်က ပေကပ်ကပ်လုပ်ကာ လှဲအိပ်လိုက်၏။ လွေဇော တန်းလျားသို့ မရောက်နိုင်။ ခွေးနက်ကြီးလည်းမောင်လူအေးတို့အိမ်နားသို့ မကပ်ဝံ့ရှာပေ။ တခါတခါ အာမိတ်ကပါ အလိုတူ အလိုပါ လွေဇောနှင့်အတူ အစေခံတန်းလျားသို့ ပြေးသည်ဖြစ်အံ့။ ခင်သန်းမြင့်က အိမ်ပေါ်မှနေ၍ ငေါက်လိုက်လျင် အာမိတ်ကြီးမှာ မနေဝံ့၊ အိမ်ဖက်သို့ ငေါက်ကနဲ ကော့၍ပြန်လာရှာ၏။ လွေဇောကား ရုန်းကန်ရုန်းကန်နှင့် လိုက်ပါရလေသည်။ တရားခံကို ပုလိပ်ဖမ်းလာသည်နှင့် တူလှပေသည်။ လွေဇော၏ရည်းစား ခွေးနက်ကြီးကား အဝေးမှနေကာ အာမိတ်အား စားမယောင် ဖြစ်နေလေပြီ။
တခုသောည မောင်လူအေးတို့ အိပ်ပျော်နေကြခိုက် သန်းခေါင်ကျော်အချိန်တွင် လွေဇာသည် အတက်အဆင်းရှိ တံခါးကလေးကို ကျော်ကာ အိမ်အောက်ထပ်သို့ဆင်း၏။ ခါတိုင်းမူကား လွေဇော မကျော်နိုင်။ ယခုမှာမူ အချစ်၏ဇောကြောင့် ကျော်နိုင်ဟန်တူလေသည်။ အိမ်အောက်ထပ်သို့ ရောက်သောအခါ တံခါးများကို ခေါင်းနှင့်တိုက်၊ လက်နှင့် ပုတ်သောကြောင့် မောင်လူအေးနှင့် ခင်သန်းမြင့်တို့ အိပ်ရာမှ လန့်၍ နိုးကြကုန်၏။ လက်နှိပ်ဓာတ်မီးကို ခေါင်းအုန်းအောက်မှ ယူကာ နှစ်ယောက်သား အိမ်အောက်သို့ ဆင်းလိုက်ကြလေသည်။ အာမိတ်လည်းနောက်မှ ပါလာ၏။
ခင်သန်းမြင့်က လွေဇောအား အပေါ် ထပ်သို့ ခေါ်ဆောင်လေသည်။ လွေဇော မလိုက်ချင်၊ ရုန်းကန်ရုန်းကန် လုပ်နေ၏။ မောင်လူအေးက လွေဇော အခင်းသွားချင်သောကြောင့် အပြင်ထွက်ချင်ဟန်တူသည်ဟု ပြော၏။ ခင်သန်းမြင့်ကား များစွာမသင်္ကာသောကြောင့် အာမိတ်အား ပုလိပ်အဖြစ်နှင့် သံကြိုးနှင့် တွဲကာ အပြင်သို့ လွှတ်ပြီးလျှင် တံခါးဝတွင် စောင့်စားနေကြကုန်၏။ ချမ်းကလည်းချမ်း၊ အိပ်ကလည်းငိုက်။ သည်ခွေးတွေအတွက် ဒုက္ခရောက်ရပေသည်။
လွေဇာတို့လည်း အပြင်ရောက် ခွေးနက်ကြီးကလည်း ဘယ်က ပေါက်လာသည်မသိ၊ လွေဇောအနားသို့ ရောက်လာတော့၏။ ခင်သန်းမြင့် လက်ထဲတွင် ဗျောက်အိုးမရှိခိုက် ဖြစ်သောကြောင့် မည်သို့မျှမတတ်နိုင်၊ ခွေးနက်ကြီးသည် လွေဇောကို သွေးဆောင်ကာ အတင်းခိုးပြေးလေတော့၏။ လွေဇောလည်း ခွေးနက်ကြီးနောက်မှ ကောက်ကောက်ပါအောင် ပြေးလေသတည်း။ ပုလိပ်အဖြစ်ဖြင့် ထည့်လိုက်သော အာမိတ်ကလည်း ကိုယ့်လူ သူ့ဖက်သား ဖြစ်သွားပြီးလျှင် ယောက်ဖနောက်မှ လိုက်၍ပြေး၏။ ခင်သန်းမြင့် မည်သို့မျှမတတ်နိုင်။ အာမိတ်.. အာမိတ်..လွေဇော ...လွေဇောဟူ၍ အော်ကာသာ ကျန်ရစ်၏။
သို့သော် ဤသို့ မိမိတို့၏ကိတ္တိမသမီးအား အုတ်ကြားမြက်ပေါက် ပါလရာ ခွေးဝင်စားက ခိုးပြေးရပါမို့လားဟု ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီးလျှင် ဓာတ်မီးကိုထိုးကာ ကောက်ကောက်ပါအောင် ပြေးလိုက်၏။ မောင်လူအေးကလည်း မနေနိုင်တော့ပြီ။ ခင်သန်းမြင့်နှင့်အတူ ထွက်၍လိုက်ရ၏။
ဝင်းအပြင်ဖက် ပေသုံးလေးဆယ်လောက်ရောက်သောအခါ သူတို့အား တွေ့ရ၏။ ခင်သန်းမြင့်က အာမိတ်အား ငေါက်၍ခေါ်လိုက်ရာ အာမိတ်ကြီးမှာ ကြောက်ပြီးသားဖြစ်သောကြောင့် မနေဝံ့တော့ပြီ။ ခင်သန်းမြင့်ရှိရာသို့ အမြီးကုပ်ကာ ကြောက်ရွံ့စွာ ပြေးလာ၏။ လွေဇောလည်း တန်းလန်း တန်းလန်းနှင့် ပါလာရရှာလေသည်။ ခွေးနက်ကြီးကား လွေဇောအား ပြေး၍ဆွဲရတော့မလို၊ ရပ်ပြီးဘဲနေရတော့မလို၊ အတော်ပင် စိတ်အိုက်နေရှာ၏။ ခင်သန်းမြင့်က လွေဇောအား ချော့၍ ခေါ်လာသောအခါ ခမျာခွေးနက်ကြီးမှာ ဒေါသဖြစ်ကာ ဟောင်၍မဆုံးတော့ပြီ။ အင်း -အချစ်မီးဆိုတာ တယ်လောင်ကျွမ်းပါကလားဟု မောင်လူအေး တွေးတောမိလေသတည်း။
အိမ်အတွင်းသို့ ရောက်လာကြသောအခါ မောင်လူအေးက သူတို့သဘောအတိုင်းပင် ရှိပါစေတော့ဟု ခင်သန်းမြင့်အား ပြောရှာ၏။ ခင်သန်းမြင့်က သဘောမတူနိုင်။ သူတို့ချစ်ကြိုက်သည်မှာ ကိစ္စမရှိ။ တော်တော်ကြာ အမျိုးမစစ် ပါလရာကလေးတွေ မွေးလာလျှင် မကြည့်နိုင်၊ မကြည့်ရက်၊ ပစ်နိုင်မှာလည်းမဟုတ်ဟု ခင်သန်းမြင့်က ပြန်ဖြေသောအခါ ဒါလဲ ဟုတ်ဟုတ်ဘဲဟု မောင်လူအေး တွေးတောမိပြန်လေသည်။
ချင်းတောင်မှ အာမိတ်နှင့် လွေဇောတို့ကို ယူလာခဲ့စဉ်က သင်းတို့နှစ်ကောင် ကြီးပြင်းလာသောအခါ နေရာချမည်ဟု ခင်သန်းမြင့် စိတ်ကူးထားခဲ့၏။ ယခုမူကား လွေဇောကလည်း ပါလရာနှင့် ရည်းစားဖြစ်၊ အာမိတ်ကလည်း ပါလရာနှင့် ရည်းစားဖြစ်၊ သူတို့အချင်းချင်းကား တကောင်နှင့်တကောင် မောင်နှမကဲ့သို့ ငါးရာနှစ်ဆယ့်ရှစ်သွယ်သော အချစ်မျိုးဖြင့် ရိုးရိုးချစ်နေကြလေသည်။ ခင်သန်းမြင့် အဘယ်မှာလျှင် သဘောကျနိုင်ပါအံ့နည်း။ ခင်သန်းမြင့်၏စိတ်ထဲတွင် သင်းတို့နှစ်ကောင်ကို ဆင်စီး၍ မြင်းရံတာကို မြင်ချင်၏။ သင်းတို့ကား ထင်တိုင်း မပေါက်ကြချေ။
အာမိတ်နှင့် လွေဇာတို့ကား ခေတ်သမားများ ဖြစ်ကြကုန်၏။ လူကြီးများ သဘောတူသည်ကို အလိုမရှိ။ မိမိတို့ချစ်သူနှင့်သာ အတူနေချင်ကြလေသည်။ ကမ္ဘာလောကကြီးအတွင်းတွင် ရှေးသမားနှင့် ခေတ်သမား သဘောမတူနိုင်ကြချေ။ ခေတ်သမားက ကောင်းသည်ထင်သောအရာကို ရှေးဟောင်းတို့က သဘောမကျနိုင်။ ရှေးဟောင်းတို့ သဘောကျသောအရာကို ခေတ်သမားတို့က နှာခေါင်းရှုံ့ကြကုန်၏။ ခေတ်သမားများ အရွယ်လွန်၍ ရှေးဟောင်းများဖြစ်လာလျှင် သူတို့ထက် ခေတ်ဆန်သူတို့က သူတို့၏အထင်အမြင်ကို မနှစ်သက်နိုင် ဖြစ်ကြပြန်၏။ ဤနည်းအတိုင်းသာလျှင် ကမ္ဘာလောကကြီးအတွင်း တဆူဆူ တညံညံ တကျက်ကျက်နှင့် ဖြစ်ခဲ့လေသတည်း။ ယခုလည်း ဖြစ်ဆဲ၊ နောင်လည်း ဖြစ်မည်ပင်။ ။
သိပ္ပံမောင်ဝ
ဂန္ထလောက၊ ၁၂၉၈ ခု၊ ပြာသိုလ။
သတ်ပုံတွေကို မူရင်းအတိုင်း မှားအောင်မပြင်ဘဲ တင်ပေးထားသူ #ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment