စက္ကန့်အနည်းငယ်အတွင်း
သူတို့ဖာသာ အလိုလိုပင်
ပျောက်ဆုံးသွားကြ၏။
တံခါးလက်ကိုင်ပေါ်က
မိတ်ဆွေများ ချိတ်ထားခဲ့သော မှတ်စုများ၊
ထင်လင်းပါးလွှာသော အရောင်ပါ စက္ကူများသည်
ပိုးလိပ်တောင်ပံများကဲ့သို့
တရှူးရှူး မြည်လျက်
လေထုထဲတွင် ပေါင်းလုံးဝင်သွားကြ၏။
နှစ်တနှစ်အတွင်းရှိ အရာအများစုသည်
လောင်လွယ်ကြ၏ —
ဈေးဝယ်ရန် စာရင်းများ၊
မပြီးစီးသေးသော ကဗျာအပိုင်းအစများ။
နေ့ရက်များ၏ လိမ္မော်ရောင် မီးလျှံများသည်လည်း
လှည့်ပတ် လောင်ကျွမ်းနေပြီး
ကျောက်တုံးတခုအဖြစ်
ကျန်နိုင်သည့် အရာကား
အလွန်နည်းပါးလှ၏။
ရှိခဲ့သော အရာတခုသည်
ရုတ်တရက် မရှိတော့သည့်အခါ
မရှိခြင်းသည်ပင်
အော်ဟစ်ကာ
ပွဲတော်တခုလို ကျင်းပသွားပြီး
လွတ်လပ်နေရာတခုကို ချန်ရစ်သွား၏။
ကျွန်ုပ်သည်
အနည်းဆုံး ကိန်းဂဏန်းများမှစ၍
ဘဝကို ထပ်မံ စတင်လိုက်၏။
လျင်မြန်သော ကခုန်မှုတခုလို
ဆုံးရှုံးမှုများနှင့် ရွက်ခြောက်များသည်
တရှဲရှဲ လှုပ်ရှားသွားကြ၏။
မီးလျှံများ သေလွန်သွားပြီးနောက်
တရွတ်ရွတ် အသံထွက်နေဆဲ အရာကား
ကျွန်ုပ် မလုပ်ခဲ့နိုင်သော အရာများသာဖြစ်ပါ၏။
By Naomi Shihab Nye နာအိုမီ ရှီဟပ် နိုင်း
ဒေါက်တာ တင့်ဆွေ

Comments
Post a Comment