ကျွန်တော်တို့ ကျောင်းနေစဉ် ၁၉၆၀ ဝန်းကျင်မှာ နိုင်ငံရေးနဲ့ ဗဟုသတလေ့လာမှု မပြုနိုင်ကြပေမဲ့ ကျောင်းသားတိုင်းသိကြတဲ့ ဆိုစကားတွေ ရှိခဲ့ပါတယ်။
ဂျာမဏီနဲ့ အင်္ဂလန်လုပ် လူသုံးကုန်တွေက ကောင်းတယ်။
ဥပမာ အင်္ဂလန်ကလာတဲ့ ရာလေး၊ ဟမ်းဘား စက်ဘီးတွေ၊
ဂျာမဏီလုပ် ခွေးမြီးတို ခေါ် Sphinx ခဲတံ တမတ်တန် အကောင်းဆုံး။
မြန်မာပြည်လုပ် ကြက်ဆင်ဖဲထီး၊ ပွင့်ကောင်း ငပိ၊ ငန်ပြည်ရည်၊ ဟန်သာအေးနိုင်လွန်၊ ရွေဘို ဆိတ်ခွန်ထည်၊ မုံရွာ ဂျစ်ကားထည်၊ အမရပူရထည်၊ အင်းလေးထည်၊ ရခိုင်လုံချည် စသည် အလွန်ကောင်းသည်။
အဲဒီကာလမှာ ဂျပန်လုပ်တွေ ညံ့တယ်။ ညံ့တာကို “ဂျပန်ပစ္စည်း” ဆိုတဲ့ ဘန်းစကားရှိတယ်။
နောက်တော့ -
မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်း၊
ပြည်သူပိုင်လုပ်ရာကနေ ဥရောပကုန်တွေ မဝင်တော့။
တရုပ်ကနေလာတယ်။ ညံ့တယ်။
ကျောင်းသားတွေသိကြတာက ဂရိတ်ဝေါလ် ခဲတံ ချွန်တိုင်းကျိုး၏။
ဆယ်စုနှစ်တွေကြာလာတော့ -
ဥရောပနဲ့ အမေရိန်ကန်လုပ်ပစ္စည်းတွေ အကောင်းဆုံးဆက်ဖြစ်နေ။
ဂျပန်ပစ္စည်း အကောင်းဆုံးအတန်းအစားထဲပါလာ။
မြန်မာပြည်ထုတ် မရှိ။ ရှိလည်း အဆင့်မမီ။ မလုံလောက်။
မှောင်ခိုစီးပွားရေး ဖြစ်လာ။ မှောင်ခိုရှိလို့သာ သုံးစရာတွေနဲ့ ဆေးဝါးတွေ ရ၏။
အခုတော့ “မိဒ်တင်ဘာမား နိုင်ငံရေး” ကို ပြောကြတော့မည် -
တရုပ်ကပြောမည် လက်ခုပ်ထဲကရေလို မှောက်လိုမှောက် လှန်လိုလှန်ရသဖြင့် ကောင်း၏။
ထိုင်းကပြောမည် မြန်မာညံ့လေ ဒို့အမြတ်ရလေ။ ကောင်း၏။
အိန္ဒိယကပြောမည် တက်နေတဲ့သူကို မျက်နှာချိုသွေးရေး အင်ဒီယားအရေး။ ကောင်း၏။
မလေးရှား၊ စင်္ကာပူ၊ အာရတ်နိုင်ငံတွေ ပိုက်ဆံနည်းနည်းပါးပါးပေးခိုင်းလို့ရတဲ့ ရွှေမြန်မာ အလုပ်သမားတွေ အလုပ်သမတွေခေါ်လို့ရ၏။ ကောင်း၏။
စစ်အာဏာသိမ်း တတိယမျိုးဆက်တက်လာပြီ။
ကောင်း၏ဆိုသည့်နိုင်ငံတွေက ပိုကောင်း၏ဟု ဆိုကြပါလိမ့်မည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment