(မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)
အုံ
အုံ¹ — ကြိ /အုန်း/
၁။ ဝိုင်းဝန်းစုပြုံသည်။ စုဖွဲ့သည်။ စုဝေးသည်။
"ဆပ်သွားဖူးတရုံနှစ်ချုံ၊ ကျေးတွေကအုံ။" သာ၊ ၅၂။
၂။ အသားအရေပေါ်တွင် ဆေးအပျစ်အခဲ အဖတ် တစုံတရာကို စုပုံတင်သည်။ အုပ်ခဲသည်။
"မိတ်သလင်တို့ကို ဆားနှင့်ကြိတ်၍ ဆီးခုံပေါ်မှာ အုံပေးရမည်။" သဘာဝ၊ ၁၇၇။
အုံ² — န /အုန်း/
၁။ အကိုင်း အခက် အညွန့်၊ ကောက်ရိုးစသည်ကို စုဖွဲ့ထားသော ခိုအောင်းရာနေရာ။
"ချုံပိတ်ပေါင်းကို ကောင်းစွာအုံပြုလျက် ပုန်းအောင်း၍နေလေ၏။" စရိယာ၊ ၁၈။
၂။ ပျား၊ ခြ၊ ပုရွက်စသည်တို့ အကန့်အကန့်စုဖွဲ့ ခိုအောင်းရာအိမ်။
"ပျားနှင့်ပပွားများသည် မိမိတို့အုံကို မခဲသာအောင် ထိပါးလာသောအခါ။" ဇာတကပျ၊ တ၊ ၁၅၉။
၃။ ပေါင်းစည်း စုဖွဲ့လျက်ရှိသော အစုအဝေး၊ အသိုက်အဝန်း။
"သူတို့က အုံကောင်းတော့ ပွဲခင်းထဲမှာ လူစွမ်းလုပ်တာပေါ့ဗျာ။"
၄။ တစုံတခု၏ ဖေါင်းကြွမို့မောက်နေသော အစိတ်အပိုင်း။
(ရင်အုံ၊ နို့အုံ၊ နားအုံ၊ လင်းကွင်းအုံ၊ အိုး၏အုံ စသည်အသုံးရှိသည်။)
အုံကြွ — ကြိ /အုန်းကြွ/
မကျေနပ်မှုကြောင့် သည်းမခံနိုင်၍ လူအများ စုပေါင်းလှုပ်ရှားထကြွသည်။
"ထိုဘုရင်သစ်ကို မလိုလားမှုကြောင့် စပိန်ပြည်သားတို့ အုံကြွပြီး တော်လှန်ပုန်ကန်ကြသည်။" စစ်သား၊ ဒု၊ ၉၁။
အုံတုံ — န /အုန်းဒုန်း/
အထွက်၊ အခေါက်တို့တွင် ချွဲပျစ်သောအစေးရှိပြီး သက်ရင်းကြီးရွက်နှင့် တူ၍ အထွက်၊ အမြစ်၊ အခေါက်တို့ ဆေးဖက်ဝင်သော ပင်လတ်တမျိုး။
(ရှေးအခါက အင်္ဂတေဖော်စပ်ရာတွင် အသုံးပြုသည်။)
အုံပွင့် — ကြိ /အုန်းပွင့်/
[ဥပစာ] မျိုသိပ် ချုပ်တည်းထားရာမှ မမျိုသိပ်နိုင်ဘဲ ပွင့်ဟပြောဆိုသည်။
"အကြီးအကျယ် အုံပွင့်ကာ ထွက်အန်၍။" ချစ်ကြွေး၊ ၂၇၉။
အုံး
အုံး¹ — ကြိ /အုန်း/
ခေါင်းကို တစုံတခု၏အပေါ်တွင် မှီတင်သည်။
"နွားကျောင်းသားသည် သစ်ပင်အောက်၌ မိမိလက်ပေါ်တွင် ခေါင်းအုံး၍ အိပ်နေ၏။"
အုံး² — န /အုန်း/
၁။ ခေါင်း၊ လက် စသည်တို့မှီရန် တင်ရန် ထောက်ရန် လဲ၊ ဝါဂွမ်းစသည်တို့ဖြင့် သွင်းချုပ်ပြုလုပ်ထားသောအရာ။
(ခေါင်းအုံး၊ လက်တင်အုံး၊ မြင်းအုံး စသည်ဖြင့် အမျိုးမျိုးရှိသည်။)
၂။ ကောက်လှိုင်းများ မတ်မတ်ထောင်နေစေရန် ဘေးပတ်လည်က ခံပေးရသော ကောက်လှိုင်း။
အုံး³ — ကြိ /အုန်း/
တစုံတခုကို မီးကျိုးမီးခဲ ပြာပူ ထမင်းပူ စသည် ဖုံးအုပ်၍ ကျက်နပ်စေသည်။
အုံးတား — န /အုန်းဒါး/
ညောင်စောင်း၊ သလွန်တို့၏ ခေါင်းရင်းဘက်တွင် ခေါင်းအုံးကို အောက်သို့မကျစေရန် တားဆီးထားသောအရာ။
အုံးလွဲ — ကြိ /အုန်းလွဲ/
ခေါင်းအုံးရာ၌ နေထားတကျ မဖြစ်၍သော်လည်းကောင်း၊ အခြားအကြောင်းတခုခုကြောင့်သော်လည်းကောင်း ဇက်၊ လည်ပင်း၊ အကြောများနာ၍ ခေါင်းမလှည့်နိုင်ဖြစ်သည်၊ ဇက်ခိုင်သည်။
ငပိအုံး (ဖြည့်စွက်)
ဒေါက်တာတင့်ဆွေ



Comments
Post a Comment