အဖိုးအိုတယောက်သည် မိမိ၏ ခြံစည်းရိုးနားတွင် မြေများကို တူးဆွကာ သရက်ပင်ပေါက်ကလေးများကို စိုက်ပျိုးနေ၏။ အိမ်ရှေ့မင်းသားသည် တောကစားထွက်လာရင်း ထို ခြံစည်းရိုးအနားသို့ ရောက်လာ၏။
အဖိုးအိုလည်း မင်းသားကိုတွေ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုပြုပြီးလျှင် လတ်ဆတ်၍ မွှေးကြိုင် ချိုမြိန်သော သရက်သီးတို့ဖြင့် ဧည့်ခံ၏။ မင်းသားလည်း အားရပါးရ သုံးဆောင်ပြီးသော် –
မင်းသား။ ။ "သရက်သီးများကို သုံးဆောင်ရသည်မှာ အလွန် အရသာ ရှိလှပါသည်။ ကျွန်ုပ်တခု မေးပါရစေ၊ ကျွန်ုပ်လာစဉ်က အဖိုးမည်သည့် အပင်ပေါက်များ စိုက်နေပါသနည်း။"
အဖိုးအို။ ။ "သရက်ပင်ပေါက်ငယ်များ စိုက်ပျိုးနေပါသည်။ အရှင်သား။"
မင်းသား။ ။ "အဖိုးအသက်မည်မျှ ရှိပြီနည်း။"
အဖိုးအို။ "ကျွန်ုပ်၏အသက်သည် ရှစ်ဆယ်ရှိပါပြီ။"
မင်းသား။ ။ "အဖိုးအသက်သည် မည်မျှဆက်၍ ရှည်နေဦးမည်ဟု အဖိုး ထင်သနည်း။"
အဖိုးအို။ ။ "ကျွန်ုပ် သေရဘို့ နေရဘို့ အရေးသည် ကုသိုလ်အတိုင်းဖြစ်သောကြောင့် မခန့်မှန်းနိုင်ပါ အရှင်သား။"
မင်းသား။ "(ရယ်သွမ်းသွေး၍) ထိုသို့ဖြစ်လျှင် ယခု အဖိုး စိုက်ပျိုးနေသော သရက်သီးကို အဖိုးစားရန် မျှော်လင့်နေပါသလား။ မိမိအတွက် အကျိုးခံစားခွင့် မရနိုင်သည့် အလုပ်ကို လုပ်ခြင်းသည် မိုက်မဲရာ မကျသလော။"
အဖိုးအို။ ။ "ယခု ဤသရက်သီးကို အသင်မင်းသား စားသုံးနိုင်ခြင်းသည် ကျွန်ုပ်၏ဘိုးဘေးများကစိုက်ပျိုးခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်ယခုစိုက်ပျိုးနေသော သရက်ပင်ပေါက်များ ကြီးပြင်းလာသောအချိန်တွင် ကျွန်ုပ်၏ သားမြေးနှင့် နောင်လာနောက်သားများ စားသုံးနိုင်ကြပါလိမ့်မည်။"
ထိုသို့ အဖိုးအိုက ဟုတ်တိုင်းမှန်ရာကို လျှောက်လဲသော် အိမ်ရှေ့မင်းသားသည် များစွာသဘောကျသဖြင့်၊
မင်းသား။ ။ "အဖိုးပြောသော အဖြေသည် မှတ်သားထိုက်ပေစွ၊ ကျွန်ုပ် မစဉ်းမစား မဆင်မခြင် ပြောမိခြင်းကို သည်းခံပါ။ ကျွန်ုပ်သည် ယနေ့မှစ၍ ကျွန်ုပ်ဘို့ တဦးထဲကို မကြည့်တော့ပါ၊ ကျွန်ုပ်နှင့် တကွ နောင်လာနောက်သားတို့ အကျိုးရှိမည့် အလုပ်မျိုးကိုသာ လုပ်ပါတော့မည်။ အဖိုးအား ပူဇော်ပါရစေ။"
ထိုသို့ဆို၍ အိမ်ရှေ့မင်းသားသည် ပတ္တမြားလက်စွပ်တကွင်း ချီးမြှင့်ပြီးလျှင် စီးတော်မြင်းကို ရှင်လန်းစွာနှင်၍ ထွက်သွားလေ၏။
အဖိုးအိုသည် ငါ့စေတနာအလျောက် စိုက်ပျိုးသော အပင်ကလေးများသည် ယခုလက်ငင်း ပတ္တမြားသီး သီးကြပေပြီ၊ ပတ္တမြားသီး သီးကြပေပြီ။ အင်း၊ စေတနာ၊ စေတနာဟု ဝမ်းမြောက်ဝမ်းသာ မြည်တမ်းလေသည်။
တတိယတန်း မြန်မာဖတ်စာသစ် (၁၉၇၇) စာအုပ်ထဲက ဖြစ်ပါတယ်။
အခုခေတ်မှာ သူငယ်တန်းစာမကျေသူတွေ များလှတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment