ပိဋကတ်သမိုင်း စာတမ်းကိုကြည့်လျှင် ရှေးကျသော အဖြေကျမ်း ၂ စောင်ကိုတွေ့ရပေလိမ့်မည်။ တစောင်မှာ ပါရမီခန်းပျို့ အဖြေဖြစ်၍ အခြားတစောင်မှာ တောင်ငူဆိုရတုအဖြေဖြစ်ပေသည်။
ပါရမီခန်းပျို့ အဖြေကို “ညောင်ရမ်း ၁၀ ဆက်၊ နေမင်းလက်ထက်၊ ရှင်ဇိနာရာမစီရင်သည်” ဟု တွေ့ရသည်။ တောင်ငူဆိုရတုအဖြေကို “ညောင်ရမ်း ၁၀ ဆက်၊ စနေမင်းလက်ထက်၊ ဧရာဝတီမြစ်နား၊ ရွှေကြက်ယက်ကျောင်းတိုက်၌ သီတင်းသုံးနေသော ရှင်ဥက္ကံသမာလာ တောင်ငူဆိုရတုအဖြေ” ဟုညွှန်းထားသည်ကို တွေ့ရသည်။
ရှေးခေတ်အခြေအနေအရ ရှေးခေတ်ပညာရေးစနစ်ကိုအခြေပြုကာ ရှေးပညာရှင်တို့ စီကုံးဖွဲ့နွဲ့ခဲ့သည့် ပျို့၊ လင်္ကာ ရတုကဗျာတို့ကို ယခုခေတ်အခြေအနေအရ ယခုခေတ်ပညာရေးစနစ်ကို အခြေပြုကာ ယခုခေတ်လူတို့ လေ့လာလျှင်-
စာမျက်နှာ ၁၃၄
ကျမ်းဆရာတို့၏ အာဘော် ၈ နှစ်လုံး သွင်းကို အပြည့်အစုံ နားလည်သဘောပေါက်နိုင်ဖို့ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ရှေးပညာရှင်တို့က ရှေးခေတ်အခြေအနေအရ ရှေးခေတ်ပညာရေးစနစ်ကိုအခြေပြုကာ လေ့လာဝေဖန်ခဲ့ကြသော အဖြေများကို လေ့လာရပါမူ အကျိုးများစွာဖြစ်ထွန်းဖွယ်ရှိပေမည်။ ထို့ကြောင့် ထိုအဖြေကျမ်းတို့ကို ယခုခေတ်သုတေသီ ပုဂ္ဂိုလ်တို့က လေ့လာလိုက်စားကြပေသည်။
တောင်ငူဆိုရတုအဖြေကို ၁၉၂၂ ခုနှစ်က ရန်ကုန်မြို့ ဆူးလေဘုရားလမ်း၊ မြန်မာကြက်သရေ စာပုံနှိပ်တိုက်တွင် တကြိမ်ပုံနှိပ်ဘူးပြီ။ ကြာပြီဖြစ်၍ ထိုစာအုပ်ကို ယခုအခါ ရနိုင်ဖို့ရာ မလွယ်ကူပေ။ သို့သော် ကင်းဝန်မင်းကြီးအတွက် ၁၂၄၀ ပြည့်နှစ်တွင် ရေးကူးခဲ့သော ကိုးကြောင်းပေ မူရင်းတစောင်ကို နိုင်ငံတော်စာကြည့်တိုက်တွင် တွေ့နိုင်ပေသည်။
ရတုအဆိုကျော်ကြီး တောင်ငူဘုရင် နတ်ရှင်နောင်ကို လူအများပင်သိကြသည်။ သုဏ္ဏာဘ ဖြစ်စဉ်မှာ စိတ်ပါဝင်စားဖွယ်ကောင်းသဖြင့် ကွယ်လွန်သူ ဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီးက နတ်ရှင်နောင် ဝတ္ထုဟုရ်ပင် တစောင်တဖွဲ့ ရေးသားပြုစုခဲ့လေသည်။ စာရေးဆရာအပေါင်းကလည်း အကျွမ်းဝင် အသိများသော နတ်ရှင်နောင် လက်ရာဖြစ်ကြသည့် ရတုတို့ကိုလည်း အသျှင်ပင်ရှိပေမည်။ မြန်မာနိုင်ငံ အသံလွှင့်ရုံက အခါအားလျော်စွာ အသံလွှင့်သည်ကိုလည်း ကြားဘူးသူ ရှိကြပေလိမ့်မည်။ တောင်ငူမင်းကား ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့-
စာမျက်နှာ ၁၃၅
နည်းခံ အဓိဝါဒါ ပေးအပ်မင်းဟု ဆရာကြီးတို့ ချီးမွမ်းကြသည်ဟု သိရသော်ဘုရား လက်ထက်အခါက မင်းသုံးတော်ခံ ဆရာကြီး ရာဇနီတီးက ထပ်ဆင့် ချီးမွမ်းခဲ့ပြန်သည်။ နတ်ရှင်နောင်၏ ရတုတို့ကို “စာတော” ဟု တော်တပ်ကာ ခေါ်ဝေါ်ကြသည်။ စာတော်ဒီစုစုပေါင်း ၇၀ ခန့်ရှာဖွေတွေ့ရှိရသည်။ စာတော်တို့မှာ အချစ်ဖွဲ့၊ အလွမ်းဖွဲ့၊ အဖွဲ့အယှဉ်၊ အနုအလှတို့ဖြစ်သဖြင့် ကာလသမီး ကာလသားတို့ နှစ်သက်စွဲလမ်းကြသည်။ နက်နဲ သိမ်မွေ့ သိပ်သည်း ကျစ်လစ်သဖြင့် လူကြီး သူကြီး ပညာရှိကြီးများက လေးစားမြတ်နိုးကြသည်။
သို့သော် စာတော်တို့ကို နေရာတကျ နားလည်ဖို့ရန် မလွယ်ကူပေ။ ယခုကာလတွင် မဆိုထားနှင့်၊ ရှေးကာလကပင်လည်း ကောင်းစွာနားလည်သူ ရှိလှပုံမရပေ။ ထို့ကြောင့်လည်း နတ်ရှင်နောင်အနိစ္စရောက်၍ အနှစ်တရာခန့်ရှိလျှင်ပင် ရှင်ဥက္ကံသမာလာဆရာတော်သည် တောင်ငူဆို ရတုအဖြေကို ရေးသားတော်မူခဲ့သည်ဟု ယူမှတ်ဖွယ်ရှိပေသည်။
အဖြေရေးသားတော်မူသော ရှင်ဥက္ကံသမာလာဆရာတော်သည်လည်း သာမန်ပုဂ္ဂိုလ် မဟုတ်ပေ။ ‘ပို့ချလှည့်သည့် ရွာကြီးသား၊ သက်ငယ်ကျောင်းသား၊ ယွန်းကျောင်းသား’ ဟူသော တပိုင်နှင့် ထင်ရှားကျော်ကြားလာသော ဆရာတော်ဖြစ်သည်။ တပိုင်သင်မင်းကြီးဦးထွန်းညိုက ဆရာတော်နှင့်ပတ်သက်၍ ဤသို့ကြည်ညို သိ လေးစားစွာ မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရသည်။ “ဆရာစဉ်ထက် စာတန်းများတွင် ညောင်ရမ်းခေတ်စွာ-
စာမျက်နှာ ၁၃၆
ကြီး ရှင်ဥက္ကံသမာလာဆရာတော်သည် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျွမ်းကျင်နှံ့စပ်ကြောင်း၊ လောက၊ ရာဇ၊ နှစ်စနစ်ဖက်ထက်မြက်ကျွမ်းကျင်ကြောင်း၊ မြန်မာဝေါဟာရ ခေါ်ဝေါ်ရေးသားမှုကို စေတ္တုပ္ပါဒ် စီရင်ရေးသား ပေဆိုဖော်ပြသော ပက္ခဗေဒနသတ်အင်းသတ်ပုံလင်္ကာများကို ရေးသားတော်မူခဲ့ကြောင်းများ ကို ဆိုလျက်ရှိပေသည်။”
ဆရာတော်သည် နတ်ရှင်နောင်၏ စာတော်တို့မှ ကောင်းနိုးရာရာ တဆယ့်ငါးပုဒ်ကို ရွေးချယ်ပြီးလျှင်
နမိတ္တာန၊ သဗ္ဗဇုကို
ခွါရသုံးပါး၊ ကရိုဏ်းထားလျက်
ထူးခြားနည်းနာ၊ ရှေးလင်္ကာကို
သိသာချေချင်း၊ ဓိပ္ပါယ်ဆင်ပိမ့်
သဘင်ပွဲမှောက်၊ မကြောက်လျှင်ပင်
စံမြောက်ဘာသာ၊ မှတ်ယူနာ၍ ပညာသွေးကောက် သတည်း - ဟု အချီကာ အဖြေရေးသား ပွင့်ဆိုတော်မူခဲ့သည်။ ထိုသို့ အဖြေရေးရာတွင် အတ္တနောမတိ မိမိအထင်မျှ အမြင်မျှနှင့် ပေါ့ပေါ့ဆဆ မရေးသားပေ။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများ၊ အဘိဓာန်အလင်္ကာ၊ ဆန္ဒကျမ်းများ၊ ရာဇသတ်ကျမ်း၊ နီတိကျမ်း၊ ဗေဒင်ကျမ်းများ၊ ပျို့၊ လင်္ကာ ရတု ကဗျာများကို ကိုးကားထုတ်ဆောင်ကာ နက်နက်နဲနဲ ပြည့်ပြည့်စုံစုံ ရေးသားစီရင်တော်မူပေသည်။ ထိုသို့ကိုးကားသောကျမ်းတို့မှာ အရေအတွက် အားဖြင့်-
စာမျက်နှာ ၁၃၇
ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးမျှရှိပေသည်။ စာတော်တို့ကို ဆရာတော်မြင်သလို ယခုအခါ မြင်နိုင်ဖို့ရန် များစွာ ခဲယဉ်းပေမည်။ ဆရာတော်ကိုးကားသော အချို့ကျမ်းတို့ကို ယခုအခါ ပုံနှိပ်မူနှင့်တွေ့ရှိရန်ပင် မလွယ်ကူ။ ပေမူကိုလည်း ရှာဖွေရန် ခဲယဉ်းပေမည်။ ကာလသားသမီးတို့၏ အသုံးအနှုန်းဖြင့် ခေတ်မီအောင်ပြောရမည်ဆိုလျှင် “စံဘဲ-စံဘဲ” ဟူ၍သာ ကြွေးကြော်ရန်ရှိတော့သည်။
ဆရာတော် ဖြေပုံ ဖြေနည်းကို အနည်းငယ် သုံးသပ်လေ့လာကြည့်ကြဦးစို့။ နတ်ရှင်နောင်သည် စာတော်တစုံတွင် ဤသို့ အချီခဲ့သည်။
တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား၊
ယုဂန်လှည့်သွား၊ လရထားနှင့်
နတ်သားနိုးကြ၊ သောကကုလံ
သောကမ္ဗော၊ ဌပနာသား
သစ္စာဉာဏ်ပေါင်း၊ မရူတောင်းသည်
ညီနှောင်းနောင်စော၊ မြတ်မုဋ္ဌော။ ။
ဤစာ၏အဓိပ္ပာယ်အကျဉ်းမှာ “လပြည့်ပန်းခိုက်တွင် သီရိဓမ္မာသောကမင်းကြီး တည်တော်မူခဲ့သော ရှင်မုဋ္ဌော” ဘုရားဖြစ်သည်။ ဤတွင် နတ်ရှင်နောင်သည် စာဖတ်သူ မျက်စိလည်အောင် ပဟေဠိတခု ဝှက်ဆိုခဲ့ယောင်ရှိသည်။ အဘယ်ကြောင့်ဆိုသော် “တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား” ဝါ၊ တနည်းကား၊ ရှစ်သောင်းလေးထောင် (၈၄၀၀၀) ဆိုသော
စာမျက်နှာ ၁၃၈
သင်္ချာသည် ယုဂန္ဓိုရ်တောင်၏ အမြင့်ယူဇနာလည်းဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး တည်တော်မူခဲ့သော စေတီတော်ပေါင်း၏ အရေအတွက်လည်းဖြစ်သည်။ မည်သည်ကို ရည်ညွှန်း၍ နတ်ရှင်နောင်ရေးခဲ့သနည်း။ တခုတည်းကို ရည်ညွှန်းသလား။ တခုကို တိုက်ရိုက်ရည်ညွှန်း၍ နောက်တခုကို သွယ်ဝိုက်ရည်ညွှန်းသလား။ စဉ်းစားရန် ရှိနေသည်။ စာဆိုသည် စာဆိုဉာဏ်ဖြင့် ကွန့်မြူးဆန်းကြယ်စွာ ဖွဲ့နွဲ့ခဲ့သည်ကို အဖြေဆရာသည် ကျမ်းဂန်သဘောအားဖြင့် အတိအကျ အဆုံးအဖြတ် ပေးခဲ့သည်မှာကား - ရှစ်သောင်းလေးထောင်သည် ယုဂန္ဓိုရ်တောင်၏ အမြင့်ယူဇနာဖြစ်ပေသည်။ သို့သော် ဆရာတော်တို့ ခေတ်နှင့် ရှေးအဆက်ကျော် ကာဝီအခါကလည်း ပညာရှိများ အယူကွဲပြားရှိခဲ့သေးသည်။ ဤအချက်ကို ဆရာတော်၏ အဖြေတွင်ပင် တွေ့ရသည်။
တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား၊ ဟူ၍၎င်း၊ တသောင်းရှစ်ပြန်၊ လေးထောင်လွန်ကို ဟူ၍၎င်း၊ မူကွဲရှိနေသည်။ နောက်ဆုံး စာလုံးဖြစ်သော သား နှင့် ကို ကွဲနေချက်ဖြစ်သည်။ သား ကို နှစ်သက်သူတို့က ယူဇနာပေါင်း၊ ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော၊ ယုဂန်တောင်-ဟု အဓိပ္ပာယ်ယူလိုသည်။ ကို ကို နှစ်သက်သူတို့က ရှစ်သောင်းလေးထောင်သော စေတီတော်တို့ကို-ဟု အဓိပ္ပာယ်ယူလိုသည်။ တနည်းအားဖြင့်ဆိုသော် ယုဂန္ဓိုရ်တောင်ကို လိုသူတို့က သား ဟူသောမူကို နှစ်သက်သည်။ စေတီကိုလိုသူတို့က ကို ဟူသောမူကို နှစ်သက်သည်။ ဆရာတော်ကား “လေးထောင်လွန်ကို” ဟူ၍ ကံပုဒ်မယူသင့်။
စာမျက်နှာ ၁၃၉
လေးထောင်လွန်သား - ဟူ၍ ဝိသေသနပုဒ်သာ သင့်သည်” ဟု အဆုံးအဖြတ် ပေးတော်မူခဲ့ပေသည်။ အကြောင်းအကျိုးပြကာ အဆုံးအဖြတ်ပေးတော်မူခဲ့သော ဆရာတော်၏ နည်းစနစ်သည် စာမူဟောင်းတို့ကို တည်းဖြတ်လိုသူတို့အတွက်၎င်း၊ လေ့လာလိုက်စားလိုသူတို့အတွက်၎င်း၊ အလွန်ကျေးဇူးများသော နည်းစနစ်များဖြစ်ပေသည်။
ထို့ပြင်လည်း “ယုဂန်လှည့်သွား” ဟူ၍၎င်း၊ “ယုဂန်ရှည့်သွား” ဟူ၍၎င်း မူကွဲနှစ်ခု ရှိပြန်သေးသည်ကို ဆရာတော်သည် ဤသို့ အဆုံးအဖြတ်ပေးခဲ့ပြန်သည်။
“ယုဂန္ဓိုရ်တောင်နှင့် အမျှသော ခရီး၌ လှည့်၍ သွားသည်ဟု ဆိုလိုလျက် ရတုကဗျာဖြစ်၍ ယုဂန်လှည့်သွား ဟု ဆိုသည်။
အချို့သူတို့ကား ယုဂန်ရှည့်သွား ဟု ဆိုကုန်၏။ ယုဂန္ဓိုရ်တောင်ထွတ်နှင့်အမျှ အရှည်ရှိသော ခရီးကို သွားသည်ဟု ဆိုလိုသည်။ ထိုစကားသည် အဓိပ္ပာယ် မပျက်ရုံသာရှိသည်။ ကျမ်းဂန်တို့၌ နေလတို့ လှည့်၍ သွားကြောင်းကို အများရှိသည်။”
ဤသို့ အဆိုသွင်းပြီးနောက် ထိုအဆိုကို အခိုင်အမာ ထောက်ခံလိုသဖြင့် ဆရာတော်သည် ပါရမီခန်းပျို့၊ တန်ထွားဦးတည်မော်ကွန်း၊ တဆဲ့နှစ်ခိုင်ချီ စာတော်၊ နေလရစ်လည်ချီ စာတော်၊ ရှစ်မည်ဂြိုဟ်မူချီ စာတော်၊ ကိုးထွေမျက်ရည်ချီ စာတော်တို့ကို ထုတ်ဆောင်ဖော်ပြ တိုင်တည်ထားလေသည်။ ဤသို့ဖြင့် တသောင်းရှစ်ပြန်-ချီ ရတု တပုဒ်တည်းတွင် ပါဝင်
စာမျက်နှာ ၁၄၀
သော ခဲရာခဲဆစ်မျိုးကို ကျမ်းဂန်အကိုးအကား၊ ပြည့်စုံစွာ အဘယ်ညာလှည့်ပတ် ထုတ်ဆောင်ကိုးကား၍ ဖြေဆိုတော်မူသည်မှာ စာမျက်နှာ ၅ မျက်နှာရှိသည်။ ဤအဖြေချုပ်ကို လေ့လာကြည့်ရုံဖြင့် မြန်မာပျို့ လင်္ကာ၏ ခက်ခဲနက်နဲသိမ်မွေ့ပုံကို အကဲခတ်နိုင်သည်။ ထိုသို့ ခက်ခဲနက်နဲသိမ်မွေ့သော မြန်မာပျို့ လင်္ကာ အာဏာတို့ကို ပွင့်လင်းသော အချက်ကိုလည်း မြင်နိုင်သည်။ ရှေးဆရာတို့၏ ပျို့ လင်္ကာ ကဗျာရတုတို့ကို ထိထိရောက်ရောက်ကျကျနန လေ့လာ လိုက်စားလိုသူသည် ဤအဖြေကို လက်လွတ်၍ မဖြစ်နိုင်။ ထို့ထက်သာလွန်လေ့လာလိုက်စားလိုသူသည် ဆရာတော် ထုတ်ဆောင် ကိုးကားသော ပါဠိကျမ်းဂန်များ၊ သက္ကတကျမ်းဂန်များ၊ မြန်မာကျမ်းဂန်များကို သင်ကြားတတ်မြောက်ရပေလိမ့်မည်။ သို့သော် လောလောဆယ်အားဖြင့်ကား ဆရာတော်၏ ဖြေထုံးကို ကောက်၍ နောက်လိုက်နိုင်ဖို့ရန် များစွာ ခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့် ဆရာတော်၏ အဖြေကိုသာ အပတ်တကုတ် အားထုတ်လေ့လာရန် ရှိပေသည်။
ယခုအခါ ထိုတောင်ငူဆို ရတုအဖြေကို ထပ်မံ တည်းဖြတ် မှတ်ချက်ရေးသားကာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် တည်ရှိသည့် မြန်မာနိုင်ငံ သုတေသန အသင်းက နှစ်ငါးဆယ်မြောက် မဟာသဘင်တွင် စတင်ရောင်းချလျက် ရှိပေသည်။ ပညာလိုလား အမျိုးသားတို့သည် ဝယ်ယူလေ့လာကြည့်ရှုသင့်ပေသည်ဟု ထင်မြင်ယူဆမိပါသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment