ကျွန်တော်လည်း မုံရွာမှာနေစဉ်ကရော မန္တလေး ဆေးကျောင်တက်စဉ်ကပါ ခိုတောင်မုန့်တီကို သတိမထားမိပါ။
၂၀၁၈ ခုနှစ်က အခုလိုရက်တွေမှာ အလည်ပြန်တော့ မန္တလေး ညီတော်မောင်အိမ်က သေသေခြာခြာ စီမံချက်ပြုတ်ပြီး ကျွေးလိုက်တယ်။ ကောင်းတယ်။
စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်မှာရှိတဲ့ ခိုတောင်ရွာကိုအစွဲပြုပြီး ခေါ်ခြင်းဖြစ်ပါသတဲ့။ အစဉ်အဆက် ပါးစပ်ရာဇဝင်အဖြစ် မှတ်ယူလာဝကတဲ့ ခိုတောင်မုန့်တီရာဇဝင်မှာ စကြာဒေဝီ မိဖုရားခေါင်ကြီးနဲ့ ဆက်စပ်နေသတဲ့။
စကြာဒေဝီမိဖုရားကြီး နာမကျန်းဖြစ်ပြီး အစားအသောက်ပျက်နေစဉ်မှာ သမားတော်တွေက ဓာတ်စာအဖြစ် တီနဲ့တူတဲ့မုန့်ကို စားပါမှ ကျန်းမာမယ်လို့ ဆိုတဲ့အတွက် ခိုတောင်ရွာက မင်းမှုထမ်းတွေ အကူအညီနဲ့ တီနှင့်တူတဲ့ မုန့်ကို ပြုလုပ်စေရာကနေ မုန့်တီကို စတင်ကြံဆလုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိဖုရားကြီးလည်း ခံတွင်းလိုက်ကာ ကျန်းမာလာခဲ့ပါသတဲ့။ ဒိနောက်မှာတော့ လူမမာစာသာမက အမြဲတမ်း စားသောက်ဖွယ်အဖြစ် ပြုလုပ်ရောင်းချကြရာကနေ ခိုတောင်မုန့်တီ ဖြစ်ပေါ်လာတယ်။
ခိုတောင်မုန့်တီပြုလုပ်တဲ့ နည်းပညာမှာ ဟင်းချိုချက်နည်းစနစ်၊ ဆီချက်နည်းစနစ်၊ အဆာပလာ (အစာပလာ မဟုတ်) ထည့်သည့်နည်းစနစ်တွေက ထူးခြားတယ်။
ချက်ပြုတ်နည်း
မန္တလေးမုန့်တီလောက် မုန့်ဖတ်မကြီး၊ အသားဟင်းနှစ်မပါ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်) တို့နဲ့ ရိုးရိုးသုပ်ထားတာဖြစ်တယ်။ ဟင်းချိုရည်ဟာ ပိတ်စွယ်၊ တရုပ်နံနံ၊ ရိုးရိုးနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ချက်ကြပါတယ်။
ဒန်အိုးမသုံးဘဲ ဒေသထွက် စဉ့်အိုးသေး၊ စဉ့်အင်တုံများနဲ့ ထည့်ထားတတ်ကြတယ်။ ဟင်းချိုရည်အိုးကလည်း မြေအိုး။ ဟင်းချို တနေကုန်နွေးနေစေအောင် အိုးကို ဖျင်ကြမ်းသန့်သန့်နဲ့ ပတ်ထားတတ်ကြတယ်။
အရင်ကတော့ မုန့်ဖတ်ကို ကိုယ်တိုင်ညှစ်ကြတယ်။
မှတ်ရန်မှာ
စောစောက ၂-၃ ခါ တင်ပြထားတဲ့ ပိတ်စွယ်ဟင်းချိုဟာ ခိုတောင်မုန့်တီနဲ့ ဆက်စပ်နေပါတယ်။
မူရင်းစာလုံးပေါင်းက မုံ့ ဖြစ်ပါတယ်။
ကျွန်တော်တို့တိုင်းပြည်က အစစအရာရာကျဆင်းပျက်ယွင်းနေလို့ မြန်မာ့မူရင်း အစားအသောက်တွေ၊ အသုံးအဆောင်တွေ၊ ထွက်ကုန်တွေကို သူများနိုင်ငံဖြစ်ဆိုပြီး မှတ်ပုံတင်နေကြတယ်။
ခိုတောင်မုံ့တီကို တရုပ်က ယူသွားမလား၊ ထိုင်းက ယူသွားမလာ မပြောတတ်။
ကျွန်တော်တို့ ကိုယ့်စာကိုတောင် မှန်အောင်မရေးကြတော့ပါ။ ပြန်ကောင်းအောင် ကြိုးစားကြရမှာတွေက များတယ်။
ပုံကိုလည်း တွေ့တာတခုကိုသာ ယူသုံးလိုက်ပါတယ်။ ခိုတောင်မုံ့တီ ဟုတ် မဟုတ် မသိပါ။ ကျေးဇူး။ ဘယ်အရာကိုမဆို အစစ်လိုက်ရာရတာက တဒုက္ခ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment