Skip to main content

မျက်ဖြူတော့ ဆိုက်ပါပြီ-

(ကြပ်ကလေး)

 ကြော်ငြာကိုကြည့်၍ ကျွန်တော်အတော်ပင် ဝမ်းသာမိပါသည်။

"အလိုရှိသည်"

အင်္ဂလိပ်စကားကို ကောင်းစွာတတ်သည့် ကလေးတယောက်အား မြန်မာစာကို အတန်းမြင့်မြင့် သင်ပေးနိုင်သူ အလိုရှိသည်။ လျှောက်ထားသူသည် ရန်ကုန်ကောလိပ်ကျောင်းမှ ဝိဇ္ဇာဘွဲ့ရရှိသူ ဖြစ်ရမည့်ပြင်၊ မြန်မာစာကိုလည်း သင်ကြားလာရမည့်သူ ဖြစ်ရမည်။

သတိ ။     ။ သင်ပေးရမည့် ကလေးမှာ မြန်မာစကားကိုမူ ရေရေလည်လည် ပြောတတ်သည်။ လစာကို အရည်အချင်းနှင့် ကာလအလိုက် ပေးပါမည်။

စာတိုက်သေတ္တာနံပါတ်……… သို့ လျှောက်လွှာတင်ပါ။

ကြော်ငြာကိုကြည့်၍ ကျွန်တော် အတော်ပင် ဝမ်းသာမိပါသည်။

ထိုကြောင့်ပင် လျှောက်လွှာကို ချက်ခြင်းရေး၍ တင်လိုက်ရာ သုံးရက်ကြာသော ကာလ၌ အလုပ်ခေါ်စာကို အိမ်လိပ်နှင့်တကွ ပြန်ရပါသည်။

အိမ်ကြီးကား နှစ်ထပ်အိမ်ဖြစ်၍ ကျယ်ဝန်း တိတ်ဆိတ်လှ၏။ ပိတ်ထားသော သစ်သားတံခါးကြီးကို ကြည့်၍ ခေါက်ရကောင်းမလား၊ ချောင်းသံ ပေးရ ကောင်းမလား စဉ်းစားနေမိပါသည်။

လူခေါ် ခေါင်းလောင်း ကလေးများ ရှိလေမည်လားဟု တံခါး ပတ်ဝန်းကျင် ဟိုဟိုသည်သည် ကြည့်ပါသော်လည်း ကြိုးနှင့်တူသည့် တီကောင်ကိုပင် မတွေ့ရပါ။ တံခါးကိုပင် ခေါက်ရပါတော့မည်။

နောက်ထပ် အချိန်ဖြုန်းမနေတော့ဘဲ တံခါးကို အရှိန်ပြင်းစွာ ခေါက်လိုက်မိရာ ကိုယ့်အတတ် ကိုယ်စူးပြီး လက်ခေါက်များ နာသွားပါသည်။ သို့သော် အထဲက ဘာသံမျှ မကြားရပါ။ ထိုကြောင့် ထပ်ခေါက်ရပါဦးမည်။

ဤတကြိမ်တွင်မူ ခပ်ဖြေးဖြေးသာ ခေါက်တော့မည်ဟု လက်ကို မြှောက်လိုက်ခါမှ တံခါးကြီးမှာ ကျွီ-ကနဲ မြည်၍ ပွင့်ဟသွားလေရာ၊ ကျွန်တော်မှာ ယောင်၍ မြှောက်ထားသော လက်ဖြင့် တံခါးကြားမှ ထွက်ပေါ်လာသော အမွေးများကို ဆွဲလိုက်မိတော့၏။

"အိုး…… အား…… ရှူး……"

အမွေးများနောက်မှ မျက်နှာကြီးတခု ထွက်လာသည်တွင်မှ ကျွန်တော်ဆွဲမိသည်မှာ ကြောက်စရာကောင်းလှသော လူဝံတကောင်၏ အမွေးများ မဟုတ်ဘဲ၊ ကုလားကြီးတယောက်၏ မှုတ်ဆိတ်မွေးမျှသာ ဖြစ်ကြောင်းကို သိနားလည်လာမိတော့သည်။

“ခင်ဗျား—ဘာကြောင့် ကျွန်တော့ မေးစိက ဆံပင်တွေကို ဆွဲသလဲ” ကုလားကြီးက မြန်မာလိုမေး၏။

“အချိန်နည်းနေလို့ ဖြေရှင်းခွင့်မရတာကို ဝမ်းနည်းပါတယ်၊ ကလေးကို မြန်မာစာသင်ပေးဘို့ ကျွန်တော်လာခဲ့ပါတယ်”  မြန်မာဖြစ်သော ကျွန်တော်က အင်္ဂလိပ်လို ပြန်ဖြေပါသည်။

ကျွန်တော့ စကားကို ကြားရသောအခါ ကုလားကြီး၏မျက်နှာမှာ သြင်္ကန်တွင်းက နိုင်လွန်အင်္ကျီနှင့် ရေပက်ခံရသော မိန်းမပျို၏ ကြောကုန်းကဲ့သို့ ရှုံ့တွသွားပြီးမှ ၎င်းမိန်းမပျို၏ တင်ပါးကလေးကဲ့သို့ ချောမွတ်ကြည်လင် လာ၏။

“လာပါ လာပါ...အထဲကို၊ စကားပြောရအောင်…"

သူ့ဘိတ်ခေါ်ချက်အရ ကျွန်တော်လိုက်သွားခဲ့၏။ ဧည့်ခန်းတွင် ကောင်းကောင်းမွန်မွန် နေရာပေး၍ အေးအေးဆေးဆေးပင် စကားပြောကြပါသည်။

“ခင်ဗျား ဘယ်ဒီဝီဇံက အောင်ခဲ့သလဲ”  သူ ဘာကိုမေးသည်ကို ကျွန်တော် နားမလည်ပါ။

“ခင်ဗျာ.….ဘာကို ဆိုလိုပါသလဲ”

“ခင်ဗျား ဘီအေအောင်တာ ဘယ်ဒီဗီးရှင်းက အောင်လာသလဲလို့ မေးတာ”

“အော်… ဒီဗီးရှင်းကို ပြောတာလား”

“ဟုတ်တယ်လေ… ဒီဗီးရှင်းကို မြန်မာလို ဒီဗီလို့ခေါ်တယ် မဟုတ်လား”

“ဟုတ်တော့ ဟုတ်တာပေါ့၊ ဒါပေမဲ့… စကားတလုံးကို နေရာတိုင်းမှာ အင်္ဂလိပ် အသုံးအနှုန်းနဲ့ယှဉ်ပြီး လိုက်သုံးယင် မှားတတ်တာပေါ့၊ ဥပမာ- ဘတ္တားဆိုတာ ထောပတ် မဟုတ်လား၊ ဖလိုင်းဆိုတာ ယင်ကောင်ပေါ့… ဒါပေမဲ့ ဘတ္တားဖလိုင်းကို မြန်မာလို “ထောပတ်ယင်ကောင်” လို့ ပြန်ဆိုလိုက်ယင် မြန်မာ မပြောနဲ့ ကျွန်တော်တောင် နားမလည်ဘူး..''

 ကုလားကြီးမှာ ကျွန်တော့ စကားကြောင့် ကြောင်တောင်တောင် ဖြစ်သွားရှာပါသည်။

“နေပါအုံး...ခင်ဗျာကကော..မြန်မာ မဟုတ်ဘူးလား''

 “ဟုတ်တယ်လေ... မြန်မာစစ်စစ် ပေါ့၊ တပေါင်ယူရင် ခုနစ်ကျပ်ခွဲ၊ နှစ်ပေါင်ဆိုတော့ ဆယ်လေးကျပ် ပဲတင်းနဲ့ ရမယ်ဆိုတဲ့ မြန်မာစစ်စစ်ပေါ့'

"ဘယ်က ပေါင်တွေ ခြေသလုံးတွေ ပါလာတာလဲ။ ခင်ဗျား စောစောကပြောတော့ မြန်မာ မပြောနဲ့ ကျွန်တော်တောင် နားမလည်ဘူးဆို”

"အင်း...ကျွန်တော် ရှာလည်ပြီး စကားတွေ မှားကုန်လို့ပါ''

ဤတွင် ကုလားကြီးမှာ ကျွန်တော့ပခုံးကို လာပုတ်ပြီး ရယ်လိုက်ကာ- 

“ခင်ဗျားကို အလုပ်ခန့်လိုက်ပြီခင်ဗျာ သိပ်တော်တယ် .. ခင်ဗျားပြောတဲ့ စကားတွေဟာ သိပ်အဆင့်အတန်းမြင့်တယ်၊ ကျွန်တော် ဘာမှနားမလည်ဘူး၊ လခတော့ နှစ်ရာယူပါ၊ ညခုနစ်နာရီက ကိုးနာရီအထိ လာလာသင်ပါ၊ ကျေနပ်ရဲ့ မဟုတ်လား''

“ကျေနပ်ပါတယ်ဗျာ...ဒါထက် သင်မဲ့ကလေးကော...''  ကုလားကြီးမှာ သူ့ရင်ဘတ်ကို ပုတ်ပြပါ၏။

“ခင်ဗျားရင်ဘတ် ဘယ်မှာ ကျန်ရစ်ခဲ့သလဲလို့ မေးတာမဟုတ်ဘူးဗျ၊ မြန်မာစာသင်မဲ့ ကလေးကို မေးတာဗျ… "

“ဟုတ်တယ်လေ...အဲဒါကို ဖြေနေဒါပေါ့…. ကျွန်တော်သင်မယ်လေ ဆရာ…''

 ကျွန်တော့မျက်နှာမှာ ပေါက်သွားသော ဘောလုံးကဲ့သို့ ရှုံ့ခွက်သွားသည်ဟု ထင်မိပါတော့သည်။

“ခင်ဗျားက ကလေးလား''

“ကလေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြော်ငြာရမှာ ရှက်လို့ ကလေးလို့ ကြော်ငြာတာပါ။ အခု မြန်မာစာ ရုံးသုံးဆိုတော့ ကျွန်တော် တတ်ချင်လာရတာပေါ့၊ ကျွန်တော်နံမည်က ဒေးဗစ်လေ... အဲဒီနံမည်ကို မြန်မာလို ပြန်ပေးစမ်းပါ''

အဲဒါမှ ကြပ်လှပါတော့သည်။ ဘာသာပြန်စာပေ အသင်းကတောင် နာမည်ကို ဘာသာပြန်ရိုး ထုံးစံမရှိပါ၊ တခါတရံ တရားဟော ဓမ္မကထိကပုဂ္ဂိုလ် အချို့သာ ပါဠိအမည်များကို မြန်မာလိုပြန်လေ့ ရှိကြပါသည်။

"ဒေးဗစ်ကို မြန်မာလို ပြန်ရမယ်လား'"

“ဟုတ်ကဲ့”

“ဒေးဗစ်ပေါ့ဗျာ"

“ဟာ...ဒါ အင်္ဂလိပ်နာမည်ဘဲ၊ တော်တော်ကြာ မြန်မာအစိုးရက နာမည်တွေ မြန်မာလိုပြန်ရမယ်ဆိုရင် ခက်နေမယ်...ပြန်ပေးစမ်းပါ”

ကျွန်တော် လခနှစ်ရာကို အလွတ်မခံနိုင်ပါ။ ကြိုးစားရပါတော့မည်။

“ဒေးဗစ်ကို မြန်မာလိုပြန်ရင် ငတိပေါ့”

“ဟင်..ဘယ့်နှယ် နာမည်လဲ၊ မြန်မာလူမျိုး ကျွန်တော်သိသမျှထဲမှာ ဒီနာမည်မျိုးလဲ မပါပါလားဗျ''

“ဘယ်ပါမလဲ….မြန်မာတွေက မွေးကတည်းက မြန်မာနာမည် မှည့်ထားတာ၊ ခင်ဗျားနာမည်က ဘာသာပြန် နာမည်ကြီးဘဲ''

“ဒါဖြင့်….ဘာသာမပြန်ပါနဲ့တော့၊ ကျွန်တော့ကို မြန်မာနာမည်စစ်စစ်သာ မှည့်ပေးပါဆရာ...”

ကုလားကြီးမှာ လေပြေသွားရှာပါသည်။

“သြ... မြန်မာ နာမည် စစ်စစ်လား၊ ရမယ်.….

မြန်မာနာမည်စစ်စစ်မှ တပေါင်ခုနစ်ကျပ်ခွဲ''

“တော်ပါတော့ဆရာ...နာမည်ကိုသာ ပြောပြပါ”

“ခင်မောင်ရင်လို မှည့်ပေါ့”

“နာမည်က သုံးလုံးတောင်လား… သုံးလုံးဟာ ရခိုင်နာမည်ဆို”

“တူတူပေါ့ဗျ..ရခိုင်လဲ မြန်မာဘဲဟာ… ဒါပြည်ထောင်စုဗျ''

ကျွန်တော်မှာ နိုင်ငံရေးတရားဟောဆရာ ဂိုက်ပါပါ စားပွဲကို ပုတ်ရင်းပြောလိုက်ပါသည်။

"ဒါ-ပြည်ထောင်စု မဟုတ်ပါဘူး... ကျွန်တော့စားပွဲပါ'' ကုလားကြီးက တပန်းသာသွားပါတော့သည်။

နောက်ဆုံးတွင် သူ့နာမည်သူရွေးကာ ယဉ်ယဉ်ကျေးကျေး “နောင်ဒိုင်း'' ဟု ကင်ပွန်းတပ်ခြင်း ခံယူလိုက်ပါတော့သည်။

ဒေးဗစ်ခေါ် နောင်ဒိုင်းမှာ မြန်မာစာကို တော်ရုံတန်ရုံမျှသာ တတ်ချင်သူ မဟုတ်ပေ။ ဆရာကြီးလု(စ်) တို့လောက် တတ်ချင်နေသူတယောက် ဖြစ်လေသည်။ မြန်မာလင်္ကာများ၊ စကားပြေများ၊ လင်္ကာစပ် စကားပြေများကို ကောင်းစွာထုတ်ချောက် တတ်မြောက်ချင်သူ ဖြစ်ရကား၊ ကကြီး ခကွေး တည်းဟူသော သင်ပုန်းကြီးမှ စ၍ သင်ပေးရသော ကျွန်တော်မှာ များစွာပင် အခက်တွေ့နေရပါတော့သည်။

သို့သော် “ဦးနောင်ဒိုင်း'' ကလည်း အတော်ပင် ကြိုးစားရှာပါသည်။ ဤသို့ဖြင့် တနေ့တလန် ပန်းကန် မီးဖိုချောင်ရောက် ဟူသောစံနစ်ဖြင့် သင်ကြား လာခဲ့ပေရာ၊ ကျွန်တော့တပည့်မှာ များစွာပင် တတ်မြောက်လာပြီဖြစ်၍ ကမ္မဝါစာကိုပင် ဖတ်နိုင်လာပြီဟု ယူဆလာခဲ့ရပါတော့သည်။

ခြောက်လမျှ ကုန်ဆုံးခဲ့ပြီးနောက် ကျွန်တော် စာမေးပွဲလုပ်မည်ဟု ရက်ချိန်းပေးလိုက်ပါသည်။ ဦးနောင်ဒိုင်းမှာ ကျွန်တော်၏ ဂရုစိုက်သင်ကြားမူကြောင့် စာလုံးပေါင်းတွင် များစွာသေချာ မှန်ကန်သူ ဖြစ်သည့်ပြင် များစွာသော သမာသ်နာမ်တို့၏ လုံးချင်း အဓိပ္ပာယ်များကို နားလည်ထားပြီဟု ယူဆရပါ၏။

မည်သို့ပင်ဖြစ်စေ စာပေလုပ်ကြည့်မှ အရည်အချင်းကို သိရမည်ဖြစ်သဖြင့် စာမေးပွဲ လုပ်ရခြင်းဖြစ်ပါသည်။

ကျွန်တော်၏ မေးခွန်းစာရွက်မှာ တရွက်သပ်သပ်၊ သူ့အဖြေစာရွက်မှာ တရွက်သပ်သပ်ပင်

ဖြစ်သော်လည်း စာရှုသူတို့ ရှင်းစေရန် မေးခွန်းတလှည့် အဖြေတလှည့် ဖော်ပြလိုက်ရပါသည်။

မေးခွန်း(၁)။   ။ အောက်ပါတို့ကို ရှင်းလင်းပြပါ။

(က) ကံ

(ခ) မူလ၊ မူလီ

အဖြေ ။   ။

(က) ကံ ဆိုသည်မှာ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ လှော်ကားကန်နှင့် သူပုန်တို့ မကြာခဏ ဖျက်ဆီးခြင်းခံရသော ဂျိုးဖြူကန်အပြင် များစွာ ရှိပါသေးသည်။

(ခ) မူလဆိုသည်မှာ သစ်ပင်ရင်းဖြစ်၍၊ မူလီမှာ အိမ်များ၏ တိုင်ခြေများတွင် အများအပြား စုတ်ထားသည်ကို တွေ့နိုင်ပါသည်။

မေးခွန်း (၂) ။   ။ အောက်ပါတို့ကို တိုတိုဖြေပါ။

(၁) လင်္ကာဒီပ ကျွန်းပေါ်၌ ဝိဇယနှင့် ချစ်ကြိုးသွယ်သော ဘီလူးမ အမည်ကို ရေးပါ။

အဖြေ။     ။ မင်းသုဝဏ် ဖြစ်ပါသည်။

(၂) မဏိမေခလာ ဟူသည် အဘယ်နည်း။

အဖြေ။      ။ မာရ်နတ်၏ ဆင် ဖြစ်ပါ သည်။

မေးခွန်း (၃)။    ။ သူတော်ကောင်းဥစ္စာ ခုနစ်ပါးကို ဖော်ပြပါ။

အဖြေ။     ။

ပရိက္ခရာရှစ်ပါးမှ အပ်ကို နှုတ်လိုက်လျှင် သူတော်ကောင်းဥစ္စာ ခုနစ်ပါးကို ရပါသည်။

မေးခွန်း (၄) ။      ။အောက်ပါကဗျာကို ပိဏ္ဍတ္ထပြန်ဆိုပါ။

စက်ရှင်ပတ်လည်၊       ဝင်းဝင်းကြည်သား

ကိုးမည်ရတနာ၊          တည်ရာအောင်ချက်

ကျွန်းသန်လျက်ဝယ်၊   ရှေးဆက်မြတ်ကျော်

လောင်းရှင်တော်လျှင်၊ သိမြော်သစ္စာ

ပွင့်ဆုရှာ၍၊  နတ်ရွာလူ့မြေ

ကိုးကွယ်စေဟု၊           ဘုံနေနတ်သား

ရေချမ်းဖျားက၊           နဂါးဗိမာန်

လှူသောဟန်လျင်၊        သဏ္ဌာန်မပြား

ရွှေစင်သားဝယ်၊

ထွားထွားပွင့်သစ်၊        ပုလဲနှစ်သို့

သနစ်လျှံပြောင်၊          မွှေရှင်ရောင်နှင့်

တောက်ပြောင်မဆုံး၊    နေ့ညဉ့်ဖုံးသည်။

သောင်းလုံးပတ်လည်   ရွှင်တော့သည်။   ။

အဖြေ။        ။

ဝင်းဝင်းကြည် မည်သော မြန်မာမိန်းမ၏ သား၊ စက်ရှင်မည်သော တရုပ်ကလေးသည် ပတ်ချာလည်နေသဖြင့် ရတနာသုံးပါးကို ခိုကိုးမည်ဟု ကြံစည်လေ၏။

အောင်ချက်ဆိုသူ တည်နေရာဖြစ်သော သံလျက်ကုန်ဆုံးသည့် ဌာနဝယ် ရှေးအဆက်ဆက်က မြတ်ကျော်မည်သော ဘုရားအလောင်းတော်သည် သစ္စာပန်းပွင့်သည့် ဆုကို ရှာဖွေသိမြင်၍ နတ်တို့၏ ရွာဖြစ်သော လူတို့၏ မြေကြီး၌ ကိုးကွယ်ပါစေဟု ဘုံကလေးနှင့်နေသည့် ရေချမ်းအမည်ရှိသော နတ်သား ဖျားစဉ်က နဂါးများဖြင့် ပြုလုပ်ထားသော တရုပ်ဗိမာန်ကို လှူသကဲ့သို့ ပုံသဏ္ဌာန်မပြားသော (ဝါ) လုံးသောရွှေစင်ဖြင့် ပြုလုပ်သော သားကို ဝယ်လေ၏။

ထိုသားသည် ပွင့်သစ်စပန်းကဲ့သို့ ထွားထွားကြီး ဖြစ်နေသော ပုလဲနှစ်လုံးကဲ့သို့ အဖြစ်သနစ်များ တောက်ပကုန်စင်နေသည့် မြွေအရှင်၏ အရောင်ကဲ့သို့ မသေမချင်း တောက်ပ ကုန်စင်နေလေရာ နေ့ရောညဉ့်ပါ သူ့ကို ဖုံးအုပ်ထားလိုက်မှ ပတ်ဝန်းကျင်၌ နေထိုင်ကြသော လူတသောင်းလုံး ပျော်ရွှင်ကြရ လေတော့သည်။

မေးခွန်း (၅) ။      ။ "လသာသော ည” အကြောင်းကို စာစီကုံးပါ။

အဖြေ။ ။    ။ “လာသောည”

လသည် ကောင်းကင်၌ အမြင့်ကြီး ဖြစ်နေသည်။ သူသည် တိမ်တို့၏ ရှောင်ကြဉ်ခြင်းကို ခံရသဖြင့် ကြည်လင်သန့်ရှင်းနေလေသည်။ လေသည် ထင်းရှူးပင်များကြား၌ ညည်းညူနေ၏။ ငွေပြားကြီး ခင်းထားသကဲ့သို့ ဖြစ်နေသော ကန်ရေပြင်၏ ဆံပင် အကောက်ကလေးများသည် မြင်ခြင်းကို ခံနေရလေသည်။

ငှက်ကလေးတကောင်သည် မိုးကောင်းကင်၌ အမြင့်ကြီးပျံသန်းနေရာမှ အောက်သို့ ဒိုင်ဗင်ထိုး ဆင်းလာခဲ့သည်။ လရောင်ခြည်သည် ကန်ရေပြင်ကို နှုတ်ခမ်းချင်းစုတ်နေသောနေရာ၌ ငါးကလေးသည် လျောတိုက်၍ သွားနေသည်။

ည၏ တိတ်ဆိတ်ခြင်းသည် ငါ၏ တယောက်တည်းနေခြင်းနှင့် တွဲဖက်အဖော်ပြုလှာသည်။

အိုး.…… ဘယ့်ကလောက် နှစ်သက် အားရစရာကောင်းသည့် လသာသောည ဖြစ်ပါသနည်း။

ဤကား ဦးနောင်ဒိုင်း၏ အဖြေများပေတည်း။

မျက်ဖြူတော့ ဆိုက်ပါပြီ…

သို့သော်… ဆရာ မကြိုက်ပါ။

အဘယ့်ကြောင့်ဆိုသော် - မျက်ဖြူဆိုက်သည်မှာ လူနာမဟုတ်ပါ ဆရာသာ ဖြစ်ပါသည်။

နိုင်ငံတော် အစိုးရခင်ဗျား ……!

မြန်မာစာကို ရုံးသုံးသာ ပြုတော်မူပါ။

ရုံးရှိ လူမျိုးခြားများကို မြန်မာစကား မသင်ရဟု အမိန့်ထုတ်တော်မူပါ။

မျက်ဖြူတော့ ဆိုက်ပါပြီ…

သို့သော်… ဆရာ မကြိုက်ပါ။

လူနာအစား ဆရာက မျက်ဖြူဆိုက်နေရပါပြီ။

[ကြပ်ကလေ။ (ဘီအေ)]

၂၄-၄-၁၂

#ရှေးစာကဗျာများ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ