ငယ်ငယ်တုန်းက
ဗုံးတွေ စက်သေနတ်တွေကြား
ပြေးလွှား ပုန်းအောင်းရင်း
ဂျပန် ကျောင်းမှာစာသင်
သစ်ပင်ရိပ် စေတီရိပ်မှာ
တထိတ်ထိတ် တလန့်လန့်
မိဘရဲ့မတ်ေတာရနံ့နဲ့
ကြံ့ကြံ့ခံရဲရင့်ခဲ့ရတယ်။
လူပျိုပေါက်အရွယ်
ရွာလယ်မှာ သူပုန်စီး
ပြည်တွင်းစစ်မီးကြုံခဲ့တယ်။
လူလတ်ပိုင်း ကျောင်းဆရာဘဝ
အိမ်ထောင်လည်း ကျလေတော့
မဆလ စစ်အာဏာရှင်
စစ်ဘုရင်တွေကြီးစိုးတဲ့
ခေတ်ဆိုး စံနစ်ဆိုးနဲ့ ရင်ဆိုင်ရ
မလှမပတဲ့ ခေတ်ပြိုင်
အိုမင်းလာတဲ့ ယခုတိုင်
ကလောင်ကိုင် တိုက်ပွဲဝင်ရတယ်။
လှပတဲ့ခေတ်တစ်ခေတ်
ဘယ်တော့များမှ သစ်နိုင်ပါ့။ ။
(တင်မိုး)
၆-၁၁-၂၀၀၂
ဗုဒ္ဓဟူး နံနက်ခင်း
Photo of Myanmar Civil War
ဒေါက်တာတင့်ဆွေ

Comments
Post a Comment