မလှတလှနဲ့
ညတညရဲ့
မြနှင်းဆီ ရင်ပြင်မှာ
မပျော့်တပျော် မှေးတခဏ
ကလေးဘဝ လွမ်းမိတယ်။
ကျားလျှာချုံ ဆူးချုံနိမိတ်
ဆီးချိုရိပ် တလင်းသာမှာ
ငြင်းကာ ခုန်ကာ မောင်နှမ
ပြောင်စ၊ လိုက် ရန်ဖြစ်လိုက်
ကုန်းကိုက်လို့ အမေ့တိုင်
မနိုင် နိုင်ရာမဲလို့
ခွေးဝဲစား ကန်ချင်ကန်
ရန်စယွင်း ပြန်ခေါ်လို့
ပျော်ပျော်ပင် ဆိုသီချင်းတွေနဲ့
အမေ့ကို နှိပ်နယ်နှင်းကြ
မောင်ရင်း နှမငယ် ။
နောင်အခါ မောင်ဘာဖြစ်မှာလဲ
စိတ်ညစ်ဖွယ် နောင်အရေးကိုဖြင့်
မတွေးပေါင် တို့မောင်နှမ
မိဖရဲ့အရိပ်ဝယ်
ရယ်သံက လျှံဆဲ ။
စစ်မီးတွေလောင်
ပစ္စည်းတွေ အကုန်ပြောင်ရော့
ဟိုရှောင် သည်ရှောင် ပုန်းယင်း
အရွယ်နု ဆယ်စုနှစ်တွေ ပြုန်းယင်း
အမေရယ် အဖေဆုံးတော့
ပခုံးပေါ် ဝန်ကိုယ်စီနဲ့
ကသီကရီ မနိုင်တနိုင် လှမ်းပါလို့
ဘဝတခွင် အလှအယဉ် မလွမ်းနိုင်ဘု
လခြမ်းလှေကမောက်
မြစ်ဝမ်းရေကနောက်
အကောက်တွေ အကွေ့တွေ ရာထောင်နဲ့
အမှောင် သန်းခေါင်ညတွေကြောင့်
သည်မောင် သည်နှမတို့
ဘဝမညီဘဲဟာမို့
တစစီကွဲ ။ ။
(၁၄၊၁၂၊၇၃ - ၂၃-၀၅-၇၅)
ရှုမဝမဂ္ဂဇင်း
ပုဂံကျောင်းမှ ခေါင်းလောင်းသံ ၁၉၇၇
မှတ်ရန်
ဆရာတင်မိုး ရေးသီတဲ့ ကဗျာ မူရင်းအစစ်သာ မှန်ရင် စာလုံးပေါင်းသတ်ပုံပါ မှန်တယ်။
သတ်ပုံမမှန်ရင် အတု။ ဆရာတင်မိုးကို စော်ကားရာကျတယ်။
မှန်အောင် ပြင်ထုတ်၊ အမှန်အတိုင်းသာ ကိုးကားတော်မူကြပါခင်ဗျား။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment