Skip to main content

နှစ်ဆန်းတရက် ကို မည်သို့ရေးရသနည်း




နှစ် – နဝိ / နှစ် / တစ်နှင့် သုံးအကြားရှိ အရေအတွက်။

နှစ် – ကြိ / နှစ် / ၁။ ရေစသည်တွင် နစ်စေသည်၊ မြုပ်စေသည်။ "မြစ်မီးရှူးကို ရေ၌နှစ်နှစ်သကဲ့သို့။" ကံကုဏ်။ ၂၃၁။ ၂။ [ဥပစာ] ဒုက္ခပေးသည်၊ နှိပ်စက်သည်။ "မိမိကိုယ်ကို နှစ်ရာကျလေ၏။" စာဏကျ၊ ပ။ ၁၂၂။ ၃။ [ဥပစာ] စွန့်စားအားထုတ်သည်။ "ကြောက်လွဲ ရဲမင်းဖြစ်၊ နှစ်လိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်ခါ။" မေမည်း။ ဂဝ။ ၄။ အဆုံးရှုံး အနစ်နာခံသည်။ "နောင်ခါလာ နောင်ခါဈေး၊ ဆွေးဆွေးမြမြ တရာ နှမြော စုံမက်တတ်သည်။"

နှစ်ကူး – ကြိ / နှစ်ကူး / နှစ်ဟောင်းမှနှစ်သစ်သို့ ပြောင်းသည်။

နှစ်ကိုယ်ကြား – ကြိဝိ / နှစ်ကိုဂျား / လူနှစ်ယောက်တည်းကြားရရုံ။ "လျှို့ဝှက်အပ်သောစကားတို့ ကို နှစ်ကိုယ်ကြား ပြောဆိုလျက်။" ဟိတော။ ၁၈၆။

နှစ်ကိုယ်ခွဲ – န / နှစ်ကိုဂွဲ / လူတယောက်တည်းက နှစ်မျိုးနှစ်သွင် ရုပ်ဆောင်ခြင်း။

နှစ်ကိုယ်တစိတ် – ကြိဝိ / နှစ်ကိုဒရိတ် / စိတ်သဘောချင်း တူညီစွာ။ "ခမ်းပတ်မင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့မှာ ရွှေပြည်ဝန်ကြီးနှင့် နှစ်ကိုယ်တစိတ်ဖြစ်ကြ၍။" ရာဇဝင်၊ နိဒါန်း။ 

နှစ်ကုန်းတကော့ – နဝိ / နှစ်ကုန်းဒဂေါ့ / ခန္ဓာကိုယ် မဖြောင့်မတန်း ကုန်းကော့သော။

နှစ်ကျိပ်ရှစ်ဆူ – န / နှစ်ဂျိပ်ရှစ်ဆူ / မဟာကပ်ပေါင်း လေးအသင်္ချေနှင့် ကမ္ဘာသိန်းအတွင်း ပွင့်တော်မူသော တဏှင်္ကရာမြတ်စွာဘုရားမှ ဂေါတမမြတ်စွာဘုရားအထိ ၂၈ ဆူသော ဘုရားများ။

နှစ်ကြီးသမား – ကြိ / နှစ်ကြီးသမား / တရားဥပဒေအရ ဆယ်နှစ်အထက် ထောင်ဒဏ်အပြစ်ပေးခြင်းခံရသူ။

နှစ်ကြေး – န / နှစ်ကြေး / နှစ်အလိုက် ပေးဆောင်ရသော အခွန်ငွေ စသည်။

နှစ်ကွင်း – န / နှစ်ကွင်း / သစ်ပင်ကြီးအချို့၏ ပင်စည်အတွင်းသားတွင် အသက်တနှစ်ပြည့်တိုင်းပြည့်တိုင်း ဗဟိုမူ စက်ဝိုင်းသဏ္ဌာန် ပေါ်လာတတ်သော အပိုင်း။

နှစ်ချို့ – နဝိ / နှစ်ချို့ / တနှစ်ကာလ အပိုင်းအခြားကို ကျော်လွန်တည်ရှိသော။ "ချင်းတို့နယ်တွင် အရသာအရှိဆုံး ဖြစ်သော နှစ်ချို့ ခေါင်ရေများနှင့် အသားဟင်းများကို ယူဆောင်ကာ ကျွေးမွေးလေ၏။" ထိး၊ စ။ ၉၇။

နှစ်ချက်သင်္ချာ – န / နှစ်ချက်သင်္ချာ / နည်းစနစ်မျိုးလုံးနှင့်ပင် သင့်လျော်သော အရာ။

နှစ်ချင်း – ကြိဝိ / နှစ်ချင်း / တနှစ်ကာလ အပိုင်းအခြားအတွင်း။ တနှစ်တည်းနှင့်။ "နိုင်ငံခြားမျိုးစေ့များမှ နှစ်ချင်းဆေး အမြောက်အမြားမရနိုင်။" ဆေးရွက်။ ၁၅၆။

နှစ်ချင်းဖွဲ့ – ကြိ / နှစ်ချင်းဖွဲ့ / တနှစ်တည်းနှင့် ပြီးမြောက်သည်။

နှစ်ချင်းပေါက် – ကြိ / နှစ်ချင်းပေါက် / နှစ်ချင်းဖွဲ့ – ကြိ၊ နှင့် အတူတူ။ "နှစ်ချင်းပေါက် တက္ကသိုလ်ဝင်နိုင်စေမယ်ဆိုပြီး။" တင်းစာ။

နှစ်ချင်းသီး – ကြိ / နှစ်ချင်းသီး / စိုက်သည့်နှစ်တွင်ပင် အသီး သီးသည်။

နှစ်ချောင်းငင် – ကြိ / နှစ်ချောင်းငင် / ဥဿရစ် ထွက်လာအောင် အက္ခရာအောက်တွင် မျဉ်းမတ်နှစ်ချောင်းရေးသည်။

နှစ်ချောင်းပုဒ် – န / နှစ်ချောင်းပုတ် / မြန်မာစာတွင် မျဉ်းမတ်အတိုနှစ်ချောင်းကို ယှဉ်ကပ်ရေးရသော ပုဒ်မ။ ပုဒ်ကြီး။

နှစ်ချုပ် – န / နှစ်ချုပ် / တနှစ်ကာလ အပိုင်းအခြားအတွင်း

နှစ်ချုပ်စာရင်း – န / နှစ်ချုပ်စရင်း / တနှစ်လုံးအတွက် လုပ်ဆောင်ချက်များကိုချုပ်၍ ပြုစုထားသောစာရင်း။ "မြူနီစီပယ်များ၏ နှစ်ချုပ်စာရင်းတွင် ဖော်ပြထားလေသည်။" ဒေအုပ်။ ၁၆၉။

နှစ်ချုပ်ရှင်းတမ်း – န / နှစ်ချုပ်ယွင်းတန်း / တနှစ်လုံးအတွက် လုပ်ဆောင်ချက်များကိုချုပ်၍ ပြုစုထားသော ရှင်းတမ်း။ "ကျွန်ုပ်တို့သည် အလုပ်ဌာနတွင် အကြမ်းရေး၍လည်ခဲ့သော နှစ်ချုပ်ရှင်းတမ်းကို အိမ်သို့ယူလာခဲ့လေသည်။" မြဝတီ၊ ၁၊ ၃။ ၄၆။

နှစ်ချုပ်အစီရင်ခံစာ – န / နှစ်ချုပ်အစီရင်ခံစာ / တနှစ်လုံးအတွက် လုပ်ဆောင်ချက်များကိုချုပ်၍ ပြုစုထားသော အစီရင်ခံစာ။ "တိုင်းပြည်ဌာနအသီးသီးတို့၏ နှစ်ချုပ်အစီရင်ခံစာများ စသည်တို့မူ။" သင်နည်း။ ၃၀၇။

နှစ်ခြိုက် – ကြိ / နှစ်ခြိုက် / သဘောကျနှစ်သက်သည်။ "ဒဂုန်ဆရာတင်၏ လူပျိုပါဘဲနှင့် အပျိုပါဘဲ ပြဇာတ်များကို ပရိသတ်များ အလွန်နှစ်ခြိုက်ကြလေသည်။" ယဉ်ကျေး၊ ပ။ ၅၆။ "တရားတော်လာ ဘိမ္မာကို နားနာနှစ်ခြိုက် နှလုံးပိုက်၍။" သံဝေ* ၆။

– ကြိဝိ / နှစ်ခြိုက် / အားပါးတရ။ အားရပါးရ။ "လက်ကောက်လက်ကျပ်၊ လက်စွပ်ပုံခတ်၊ လက်တော်ဝတ်လည်း ဆွတ်ဆွတ်နှစ်ခြိုက်ပူဇော်လိုက်သည်။" တန်ရ* ၃၅။

နှစ်ခြင်းမင်္ဂလာ – န / နှစ်ချင်းမင်ဂလာ / လူကို ရေတွင်နှစ်ခြင်းဖြင့် ခရစ်ယာန်ဘာသာတွင်းသို့ သွတ်သွင်းသည့် မင်္ဂလာ။

နှစ်ခွ – န / နှစ်ခွ / အယူဝါဒ၊ စကား၊ စိတ် စသည်တို့ နှစ်မျိုးဖြစ်နေခြင်း။ "မြတ်စွာဘုရား၏စကားတော် နှစ်ခွကဲ့သို့ဖြစ်သည်ဟု ထင်မှတ်၍။" ကာနု။ ၈၉။

နှစ်စဉ်ကြေး – န / နှစ်စင်ဂျေး / နှစ်ကြေး – န၊ နှင့် အတူတူ။

နှစ်ဆန်းတရက် – န / နှစ်ဆန်းတယက် / နှစ်သစ်၏ ပထမဆုံးရက်။

နှစ်ဆွေ့ဆွေ့တပွေ့ – န / နှစ်ဆွေ့ဆွန့်ဒဗွေ့ / စပါးပင် တပွေ့ရအောင် နှစ်ဆွေ့ဆွေ့၍ ရိတ်သောနည်း။

နှစ်တိုး – န / နှစ်တိုး / တနှစ်အတွက် တိုး၍ရသော လစာငွေ အစိတ်အပိုင်း။ "နှစ်တိုးပေးခြင်းနှင့် ရာထူးတိုးပေးခြင်းသည် ဤနေရာတွင် ကွာခြားသည်။" သစ်ညွှန်း၊ ပ။ ၄။

နှစ်တန်းအစား – န / နှစ်တန်းဗား / အမြင့်ညီတိုင်နှစ်တိုင်စီအပေါ်၌ အလျားလိုက် မျဉ်းပြိုင်တပ်ဆင်ထားသော အားကစားလေ့ကျင့်ရာတွင် အသုံးပြုရသည့် တန်းစင်စုံ။

နှစ်ထောင်းအားရ – ကြိဝိ / နှစ်ထောင်းအားယ / ဝမ်းသာအားရ။ ဝမ်းပန်းတသာ။ "ရွာအတွင်းရှိ ကလေးအပေါင်းတို့မှာလည်း နှစ်ထောင်းအားရ ဝမ်းမြောက်လျက် ရှိနေကြကုန်၏။" သုံးပွင့်။ ၄၃။

နှစ်ထပ်ကိန်း – န / နှစ်ထပ်ကိန်း / [သင်္ချာ] ဂဏန်းတခုကို ယင်းဂဏန်းနှင့်ပင် နှစ်ကြိမ်မြှောက်၍ရသော ကိန်း။

နှစ်ထပ်ကွမ်း – ကြိ / နှစ်ထပ်ဂွမ်း / ၁။ ကက်ကစားရာတွင် ကက်ဖြစ်စေ၊ ယင်းဖြစ်စေ၊ ထပ်ဖြစ်စေ နှစ်မျိုး ကွမ်းသည်။ ၂။ [ဥပစာ] နှစ်ကြိမ်ထပ်၍ ဖြစ်သည်။ "မိန်းကလေးက ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတော့ နှစ်ထပ်ကွမ်း ရှုံးမနေဘူးလား။" ဗြူ၊ ၇။

နှစ်ထပ်တိုး – န / နှစ်ထတ်တိုး / အရင်းငွေပေါ်တွင်လည်းကောင်း၊ အတိုးငွေပေါ်တွင် လည်းကောင်း တွက်ယူသော ငွေတိုး။ "ဖဲရှုံးသောသူထံမှ မြေကို မြေရှင်များက နှစ်ထပ်တိုးဖြင့် အပိုင်ခံသည်။" ခေတ်ဟောင်း၊ ၂၈။

နှစ်ထပ်သက်န်း – န / နှစ်ထတ်သင်္ကန်း / ဒုကုဋ် – န၊ နှင့် အတူတူ။

နှစ်နှစ်ကာကာ – ကြိဝိ / နှစ်နှစ်ကာဂါ / ၁။ နှစ်နှစ်သက်သက်။ ၂။ နက်နက်နဲနဲ။ စွဲစွဲလမ်းလမ်း။ လေးလေးနက်နက်။ "ဟုတ်ရာမှန်ရာကို နှစ်နှစ်ကာကာ တွေးတောခြင်းမပြု။" ကိုယ်။ ၂၂။

နှစ်ပရိစ္ဆေဒ – န / နှစ်ပရိတ်စေဒ / နှစ်ကာလ အပိုင်းအခြား။ "ဒါပေမယ့်လို့ နှစ်ပရိစ္ဆေဒက ကြာတော့ ဝမ်းဂါတ်းပါးဖြစ်နေပါတယ်။" မြန်ချစ်။ ၂၆။

နှစ်ပါးစုံ – န / နှစ်ဗားစုံ / ၁။ လင်မယားစုံ။ "အပျိုလူပျိုချင်း မိဘနှစ်ပါးထိမ်းမြား၍ နှစ်ပါးစုံဖြစ်ပွားသော သားသမီးအရင်းသည် သြရသမည်၏။" သုတာ။ ၁၉၀။ ၂။ နှစ်ဘက်၊ နှစ်မျိုးစုံ။ "ထိုကောင်းကင် မကောင်းသော နှစ်ပါးစုံ ရောရှက်သော မိဿကကံကြောင့်။" ဓမ္မရာသီ။ ၁၃။

နှစ်ပါးသွား – န / နှစ်ဗားသွား / မြန်မာ့ဇာတ်သဘင်တွင် မင်းသမီးနှင့်မင်းသား ချစ်ခန်းကြိုက်ခန်းအမူအရာဖြင့် သီဆိုကခုန်ခြင်း။ သစ္စာထား။ မြိုင်ထ။ "ဇာတ်အတွက် ပြည်တယ်မိရုံသဘက နှစ်ပါးသွားပင် ထွက်ခဲ့နိုင်ပြီ ဖြစ်ခြင်းကြောင့်။" ကေသာ။ ၁၉၄။

နှစ်ပတ်လည် – နဝိ / နှစ်ပတ်လည် / နှစ်တပတ်လည်သော။ "နှစ်ပတ်လည်နိုင်ငံပေါင်းစုံ စိုက်ပျိုးရေးဆိုင်ရာ စာတမ်းမူ။" မြန်သွေး။ ၁၆၁။

နှစ်ပတ်လျှို – န / နှစ်ပတ်လျှို / ၁။ မိန်းမဆံထုံး ထုံးနည်းတမျိုး။ "နှစ်ပတ်လျှိုမူရာမူ ရှေးနည်းတူ တပတ်ရစ်ထားသော ကွင်းသဏ္ဌာန်ကိုထပ်၍... ဆံကို ထုတ်လိုက်ခြင်း ဖြစ်၏။" စွယ်ကျမ်း၊ ၄။ ၂၇၇။ ၂။ မိန်းမချည် ခေါင်းချည် ကြိုးချည်နည်း။ "နှစ်ပတ်လျှိုမိန်းမချည်။" လူထုသိပ္ပံ၊ ၄။ ၁၀၈။

နှစ်ဘက်ချွန် – န / နှစ်ဖက်ချွန် / ၁။ လက်ဖြင့်လွှဲ၍ ရန်သူကို ပစ်ခတ်ရန် အစွန်းနှစ်ဘက်ကိုချွန်ထားသော သစ်သားချောင်း။ တုတ်ချွန်။ "လေး၊ မြား၊ နှစ်ဘက်ချွန်၊ တုတ်၊ ဓားတို့ ကို။" ငရဲ။ ၆၄။ ၂။ [ဥပစာ] (နှစ်ဘက်ချွန်ကဲ့သို့) နှစ်ဘက်လုံးကို မထောက်မညှာပြုမူလေ့ရှိသူ။ "အနုမြူဗုံးခေတ်တွင် နှစ်ဘက်ချွန်ဝါဒ တွင်ကျယ်နိုင်မယ်။" ငရဲ။ ၂၄၄။

နှစ်မည်ဆင် – န / နှစ်မည်ဆင် / ၁။ အသွေးအရောင်နှစ်မျိုး ဖက်တွဲပြုလုပ်ထားသော အဝတ်အထည်။ ၂။ [ဥပစာ] နှစ်မျိုး။ နှစ်ပုံ။ နှစ်ခွ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ