စာအိတ် ပြာတွင်
ကဗျာ တိုစ၊ ပန်းညွန့် လွကို
အလှဆုံးထိ၊ လက်ရေး ညှိနှင့်
ပုန်းနီ ထဲသို့ ထည့်လိုက်သည်။
ကဗျာ ချိုမြ၊ တို တစမှာ
ဝေးခွ ရပ်မြေ၊ မွေး မေမေသို့
ပန်းချွေ ခူးဆဲ၊ သား ရွှေခဲက
လှိုက်လှဲ ပြုံးပြ၊ လွမ်းဆွတ် တ၊ သည်
ရသ စာငယ် တို့သာတည်း။
ကျွန်ုပ် မွေးမိသည့်
ကဝိဥစ္စာ၊ ဤ ကဗျာ၏
ဝေဟာရ နက်၊ ခွဲစိတ် ဝက်၍
အချက် မိမိ၊ သူ မသိချေ
မသိ သော်လည်း၊ ဝမ်း မနည်းချေ
သိပ်သည်း တိုထွာ၊ ဤ ကဗျာကို
ပါမောက္ခကို၊ မမေး လိုချေ
ချိုသည်ဟုထင်၊ သူ့ဘဝင်နှင့်
သူ မြင်သလောက်၊ အနက် ကောက်၍
မိုးသောက် နေဝင် ဖတ်မည်တည်း။
(တင်မိုး)
“အိမ်ပြေး”
တိတ်တဆိတ်
အိမ်ရိပ် တကိုယ် ခွါလျက်
တေးကဗျာ ဆိုလို့ ညည်းပါလို့
ဧရာပြင် ရေ ခရီးမှာလ
လှေ စီး၍ လွှင့် ခဲ့တယ်။
တိမ်တွေကြား
ပြန့်ကား အတောင်ပံနဲ့
လေ ဆန်ကာ သူပျံ မြန်းပြီမို့
အိတ်တန်းမှာ အတူ ဆုံလို့
သားစုံ သမီးစုံ ပွေ့ကာပ
ဗျိုင်းရွှေဖြူ ဘာသာ ဓလေ့ ရယ်နဲ့
အေး မွေ့ တော့မယ်။
ကိုရွှေဗျိုင်း
မြက်ကိုင်း သောင်ညိုညိုက
ငါးချိုချို သူလျှင် ချောင်းကာပ
ငေါင်းစင်း လည်တံ ရှည်နဲ့
အချိန်မှီ အစာ ကောက်ပါလို့
အိမ်ရောက်အောင် သူပြန် မြဲပါကလာ့
ခွဲပါပေ့-သူ့နယ်ပယ်၊
တွယ်ပါပေ့-သူ့နှောင်ကြိုး။
လှေ တစင်းရယ်နဲ့
မြစ်တွင်း စုန် အဆန်ပေါ့
သီချင်းသံ ဘယ်မဆိတ်ပါလဲ
အိမ်ရိပ် ဘယ်ဆီမှာဟု
လွမ်းမျှော်ကာ ကိုယ်မနင်းပြီဟု
တစင်း လှေကိုလှော်၍
မြစ်ပေါ်မှာ ငှက်ကလေးတွေနဲ့
ပန်းဗေဒါ ပွင့်ပြာကလေးတွေနဲ့
တေးဖွဲ့ကာ ပျော်ပျော်နေမိ
လှော်ပါလေ အိမ်ခြေဦးဆီသို့
ကိုယ့်စိတ်ကို တန်တန်နှူါ်သော်လဲ
ကြည်နူးရာ ခိုလှုံနေလျက်
တကိုယ်ရေ စိတ်လေတွေးရာသို့
သည်မြစ်မှာ သည်ဆိုတေးတွေနဲ့
ဝေးခဲ့ မြစ်ရိုး။ ။
(တင်မိုး)
“လှေတစင်း နှင့် သီချင်းသည်”
(၁၉၆၃)
ဒေါက်တာတင့်ဆွေ


Comments
Post a Comment