စာမျက်နှာ ၉၆ (ဘယ်ဘက်စာမျက်နှာ)
၉၆ --- သဒ္ဒါနှင့် နေတ္တိဆိုင်ရာ ကဝိလက္ခဏာ သတ်ပုံ သံပေါက်အဖြေ
အချို့က တယောက်၊ တကောင်၊ တစီးစသည်တို့ကို ‘မျိုးပြပစ္စည်း’ ဟု ဆိုကြ၏။ မသင့်ချေ။ ပစ္စည်းလည်းမဟုတ်၊ မျိုးပြလည်းမဟုတ်ပေ။
ဝေါဟာရတ္ထ ပကာသနီဆရာတော်ဘုရားက ‘မြန်မာသဒ္ဒါပစ္စည်း’ အကြောင်းကို ဤသို့အနက်ဖွင့်ထား၏။
ပစ္စည်းတမူကား - ပုဒ်နှင့်ကင်း၍လည်း မတည်၊
ပုဒ်၏ အနက် ဓာတ်၏ အနက်ကို လွှတ်၍လည်း မဟော၊
ပုဒ်၏ ရှေ့ ဓာတ်၏ ရှေ့၌လည်း မတည်၊ နောက်၌ သာ တည်၏။
ဤပစ္စည်း လက္ခဏာနှင့် စိစစ်လျှင် ဤသို့တွေ့ရ၏။
လူတယောက်၊ ခွေးတကောင်၊ ကားတစီး စသည်ဖြင့် ပုဒ်နှင့် အမြဲ တွဲစပ်မနေဘဲ တယောက်၊ တကောင်၊ တစီး စသည်ဖြင့် ပုဒ်နှင့် ကင်း၍ သူ့ချည်းလည်း တည်၏။ ထို့ပြင်မျှမက အယောက်၊ အကောင်၊ အစီး ဟူ၍ပင် ထီးထီးနေနိုင်သေး၏။
ယင်းသို့ ပုဒ်နှင့်ကင်း၍ တည်နိုင်သောကြောင့် ပုဒ်အနက်ကိုလွှတ်၍ အနက်ကိုဟော၏။ သုံးပါးလောက၊ လောကသုံးပါး စသည်ဖြင့် ပုဒ်၏ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း တည်နေနိုင်၏။ ထို့ပြင် လူနှစ်ဆယ်ယောက်ဟူ၍ လည်းကောင်း၊ လူအယောက် နှစ်ဆယ်ဟူ၍ လည်းကောင်း ရှေ့နောက်တည်၏။
ထိုသို့ ပစ္စည်းလက္ခဏာနှင့် မညီညွတ်သောကြောင့် ယောက်၊ ကောင်၊ စီး စသည်တို့ ပစ္စည်းမဟုတ်သည်မှာ ထင်ရှားပေ၏။
‘မျိုးပြ’ဆိုသည်လည်း မဟုတ်ချေ။ ဘုန်းကြီးတပါး၊ လူတယောက် စသည်ဖြင့် ပြောဆိုရေးသားခြင်းသည် သုံးရိုးစွဲရိုး (USAGE) မျှသာ ဖြစ်၏။ တပါးက ဘုန်းကြီးဟူသောအမျိုးအစားကိုပြသည်။ တယောက်က လူ ဟူသော အမျိုးအစားကို ပြသည်မဟုတ်ပေ။ ထို့ကြောင့် အင်းဝ
စာမျက်နှာ ၉၇ (ညာဘက်စာမျက်နှာ)
နန္ဒပန်းကေတု၊ ငဲတုံ့လတ်၊ သမသ်သိရုပဒံ --- ၉၇
ခေတ်၌ ခုံတော် မောင်ကျပန်းက ပဉ္စာနန္တရိယလေးယောက်၊ ဖလဋ္ဌာန် လေးယောက်ကို ကိုးကားပြီး ဘုန်းကြီးတယောက်၊ ဘုန်းကြီးနှစ်ယောက် ဟုပင် သုံးနှုန်းခဲ့ဖူးလေပြီ။
အချုပ်ကား ကဝိလက္ခဏာဆရာ ဖော်ပြထားသော ပါဠိဝိဂြဟသမသ်မှ မြန်မာဘာသာအတွက် သဒ္ဒါဥာဏ်ရ၏။ ထိုဥာဏ်ကို အသုံးပြုကြည့်သောအခါ မြန်မာဘာသာ၌ ‘ဝိဂြဟသမသ်’ရှိသည်ကို တွေ့ရ၏။ မြန်မာဝိဂြဟသမသ်များတွင် ပါရှိသော ယောက်၊ ကောင်၊ စီး စသောစကားလုံးတို့သည်လည်း ပစ္စည်း စကားလုံးမဟုတ်ကြ။ သမသ်ဝင် နာမ်ပုဒ်များသာဖြစ်ကြောင်း မှန်ကန်စွာ တွေ့ရပေမည်။ ဤကား ဦးသြ သတိပေးသည့် ကျေးဇူးပေတည်း။ ။
ပုံ #ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment