ကွန်မင့်တခု = တတ်သည့်ပညာမနေသာဆိုရိုးစကား ရှိသော်ငြား တပ်မက်ခြင်းကြောင့် မဖြစ်သင့်မဖြစ်ထိုက်သည့် မတတ်ကောင်းသည့်အချင်းအရာများကို တစ်တစ်ခွခွ တတ်ကျွမ်းတတ်လာ၏။ ဒေါသများကို ငြိတွယ်ခြင်းကြောင့် ရန်ဘက်များနှင့် ညှိနှိုင်းရလိမ့်မည်။ ပဓာန ကျသည်မှာဖြင့် မိမိကိုယ်ကို မိမိ သိရှိနားလည်ဖို့ရာ လိုအပ်ပြီး ကိုယ့်ကိုကိုယ် မှ တပါး အခြားမည်သူ့ မည်သူကိုမျှ စာလုံးပေါင်းသတ်ပုံအမှားပြင်ဆင်မှန်ကန် သဒ္ဒါမှန်ရန် အလို့ငှာ အပြစ်မဆိုစေလို။
မှတ်ချက်
ဘီယာသောက်ရင်း စာမှားရေးသူဘက်က နာတဲ့သူတယောက်ဖြစ်ပါမည်။ တဝိုင်းတည်းကလားတော့ မသိ။ မဟုတ်ပါစေနဲ့။
မြန်မာစာအကြောင်းရေးတာအတွက် တရားပြန်နည်း နောက်တမျိုးတိုးပါသည်။ အရင်လူတွေစာရင်းထဲ ထည့်ရဦးမည်။
အရင်တရားလာပြသူတွေက အကျွတ်တရားရသွားကြလောက်ပြီ။
(၁)
ဆရာခင်ဗျား ဆရာ၏ မြန်မာစာပေအပေါ် မြတ်နိုးတန်ဖိုးထားသော မေတ္တာစေတနာတို့ကို လေးစားဂုဏ်ယူရပါသည်။ သို့သော်ဆရာ၏ အသက်အရွယ် ကျန်းမာရေးတို့ကိုငဲ့ကွက်၍ အချို့နေရာများတွင် လောက၏ မတည်မြဲပြောင်းလဲတတ်ခြင်း အနိစ္စတရား၊ မိမိအလိုအတိုင်းမဖြစ်တတ်ခြင်း အနတ္တသဘောတရား တို့ကို သတိဖြင့်ရှုမြင်ဆင်ခြင်ကာ ထိုအရာတို့မှဖြစ်ပေါ်လာတတ်သော ဒုက္ခတရားတို့သည် ဆရာ၏ စိတ်နှလုံးကို မထိခိုက်မဖိစီးစေခြင်းငှါ ပညာရှိတို့၏ အသိ၊ သတိ၊ ပညာဖြင့်ရှောင်လွှဲ၊ ဥပေက္ခာပြုနိုင်ပါရန် သတိပံ့ မေတ္တာပို့သအပ်ပါသည်။
ဟုတ်။
မြန်မာစာရေးလို့ တရားပြသူတွေ အမျိုးမျိုးလာတယ်။ အခုရေးသူက နံပါတ် ၁၀။ အရင် ၉ ယောက်ကတော့ အနှုတ်သဘောတွေသာ ရေးကြတယ်။
(၂)
ကွန်မင့်တခု = တဖြစ်ဖြစ်တစ်ဖြစ်ဖြစ်မှန်ပါတယ် ဥပါဒါန်တွေကြောင့်ဖြစ်လာရတာပါ အဲ့လောက်အထိအယူစွဲစရာမလိုပါ
(၃)
ကွန်မင့်တခု = ဘာမှမမြဲပါဘူးဆရာ ပြောင်းလဲချိန်တန်ရင်တော့ ပြောင်းလဲရတာပါပဲ ဘာမှအသေဆုပ်ကိုင်ထားလို့ မရပါဘူး
ဟုတ်။ တရားစာနဲ့ တခြားဟာ ရောထွေးလို့ မရပါ။
(၄)
ကွန်မင့်တခု = အခုအချိန်ဟာ ဗုဒ္ဓဘာသာဆိုရင် ဗုဒ္ဓအလိုကျ အားထုတ်ရမည့်အချိန်ပင်ဖြစ်ပါသည်။ ဝါသနာဆိုတာကတော့ သေကာမှ လျော့ကျပါမည်
(၅)
ကွန်မင့်တခု = အဘိဓမ္မာလေ့လာကြည့်လိုက်ပါ ဆရာဒေါက်တာတင့်ဆွေခင်ဗျား
(၆)
ကွန်မင့်တခု = ယောနိသောမနသီကာရ လုပ်ပါတဲ့။
ဆိုလိုတာက အမှား ၁၀၀ တွေ့ရင် ၁၀ ခုလောက်သာ ထောက်ပြပါ။
(၇)
တရေးရေး၊ တစ်ရေးရေး ပညတ်တွေတဲ့။
ဆိုလိုတာက
ဘုရား - ပညတ်။
ဖုရား - ပညတ်။
ဖယား - ပညတ်။
တရား - ပညတ်။
တစ်ရား - ပညတ်။
တစ်ယား - ပညတ်။
(၈)
တရားနဲ့ဖြေပါဆရာရယ်
သတ်ပုံစာကို တရားလာပြသူတွေ မနည်းတော့ပါ။ သူတို့က "မြတ်ဗုဒ္ဓ၏'တစ်'ရားတော်များ" စာမျက်နှာမျိုးကိုတော့ သွားမပြောကြပါ။
တရားပြသူ ၉ နဲ့ ၁၀ ကိုမှတ်မထားအားလိုက်ပါ။
နောက်ဆုံးရေးသူက အမှတ်စဉ် ၁၁ ဖြစ်ပါတယ်။
လာကြပါဦးမည်။
အဲလိုလူတွေဟာ မြတ်ဗုဒ္ဓ၏တစ်ရားတော်များအောက်မှာ သာဓုခေါ်ကြသူတွေဖြစ်ကောင်းဖြစ်ကောင်းဖြစ်နိုင်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment