သခင်ဘုရား၊ သားတော်အားကို
မျောက်သားရှိရာ၊ ရွှေနန်းသာသို့
ကြွပါမည့်ကြောင်း၊ အခွင့်တောင်းသော်
ကောင်းပြီ ခမည်း၊ သွားမည်တည်းဟု
ဖြည်းဖြည်း မိန့်သံ၊ အာမခံမှ
ထေရ်ပျံ လက်ျာ၊ သာရိပုတ္တရာ
မဟာ မောဂ္ဂလာန်၊
မြတ်မွန်နှစ်ပါး၊ တပည့်သားနှင့်
ဖဘွား သုဒ္ဓေါ်၊ သပိတ်တော်ကို
ယူသော်ခဏ၊ ပိုက်စေရပြီး
လူက စံမှတ်၊ နန်းပြာသာဒ်သို့
ကယ်ချွတ်လိုငှါ၊ ကြွသောခါမူ
များစွာ ဝန်းချုပ်၊ ရံကိုယ်လုပ်နှင့်
နတ်ရုပ်အသွင်၊ တောင်နန်းရှင်ကား
ထိပ်တင်မြှောက်ချီ၊ အဉ္ဇလီဖြင့်
အစီ အစီ၊ ပန်းပွင့်သီသို့
အညီတကွ၊ မြတ်ဇိန၏
ပါဒ ရွှေစက်၊ ရာ့ရှစ်ကွက်ကို
သူ့ထက် ငါသာ၊ ဖက်ယမ်းလှာ၍
သွယ်ဖြာ စီးယို၊ မြည်တမ်းငိုသည်
ကိုယ်ကို မတူ တည်သတည်း။ ။ (ပိုဒ်-၂၅)
ယိမ်းယိမ်း တိမ်းတိမ်း
မသိမ်း ကေသာ၊ မျိုးဗိမ္ဗာကား
ကျင် နာ ကွဲပြို၊ ချင်းကောက်ငို၏…
မြင့်မိုရ်ထွတ်ချာ၊ ဝတိံသာဝယ်
သူဇာ သိကြား၊ တူမခြားလျှင်
နှစ်ပါးတင့်တယ်၊ စံသောနှယ်သို့
ရွှေသွယ်ရောင်လျှံ၊ ပြာသာဒ်ပျံထက်
မောင်နှံ မကွေ၊ သက်ချင်းဝေလျက်
ရစ်ခွေ ယှဉ်နွဲ၊ သားပုလဲနှင့် (ရှည်နွဲ- မူကွဲ)
မကွဲ ဆေးစုံ၊ သလွန်ဘုံဝယ် (မကွဲ ဆွေစုံ-မူကွဲ)
ပိုက်ခြုံ မကြာ၊ စက်ကြရာတွင် (စံကြရာ- မူကွဲ)
ဆည်းဆာ ကျံကျံ၊ သန်းခေါင်ယံ၌
ငဆန် တကွ၊ ကဏ္ဌကနှင့်
နှမ မသိ၊ ထွက်သွားဘိ၍
မချိ မသာ၊ မိုးသောက်ခါသော်
ဖွေရှာ မမြင်၊ လွန်ပူပင်လျက်
လောင်လင် မတည်၊ မယ့်မျက်ရည်ကား
နှင်းလည်သော တူ၊ မီးပြင်းပူသို့
ကြီးထူ သောက၊ နေ့တိုင်း တရှင့်
နွမ်းလျ သမ်းညှိုး၊ ရောက်နိုးနိုးလျှင်
တစိုး ရိမ်ရိမ်၊ နန်းရွှေအိမ်ဝယ်
မငြိမ် ဗျာပါ၊ ရှိလှည့်ရာတွင်
တန်ဆာ ဝတ်လဲ၊ ဆင်စမြဲသား
ပုလဲ အသွင်၊ ဖြူဖြူစင်လည်း
မမြင် လက်ချည်း၊ တယောက်တည်းလျှင်
ဝမ်းနည်းပက်လက်၊ မျက်ရည်စက်နှင့်
ဖွားဘက် ငဆန်၊ နန်းသို့ပြန်သော်
အလွန်တရာ၊ မယ်ဝမ်းမှာကား
သမုဒ္ဒရာ၊ မြစ်လဟာဝယ်
ပြင်းစွာ ရေရိုး၊ လှိုင်းတံပိုးထက်
တက်တိုးဖန်များ၊ ဆဆ ပွားခဲ့
သည်းဖျား ဆွတ်ဆွတ်၊ မုန်တိုင်းခတ်သို့
တိမ်းညွတ် မိန်းမော၊ ပင့်သက်မျောသည်
ဖျင်ပေါ လွမ်းတာ ရှည်သတည်း။ ။ (ပိုဒ်-၂၆)
ယွင်းချွတ် ယွင်းချွတ်၊ တမ်းရေ ရွတ်လျက်
မိန်းပြတ် မိန်းပြတ်၊ ရင်လက် ခတ်၍
တီးတွတ် တီးတွတ်၊ တဆွတ်ဆွတ်လျှင်
လျောက်ပတ် နာပျော်၊ ရွှေစက်တော်ကို
ပူဇော် လေးမြတ်၊ ဦးဖြင့်ညွှတ်မှ
ဖွင့်လွှတ် ခြေးခြေး၊ ငိုချင်း ပေး၏……
မဝေး ရက်လ၊ တဆံမျှတည့်
ယွင်းခွ မခြား၊ တပြိုင်ဖွားသည်
မျောက်သားဆွေရင်း၊ မယ့်ထိပ်နှင်း……!
အလျှင်း ကျွန့်ကို၊ ပစ်စွန့်လိုသည်
မြညိုနက်ရောင်၊ ပိတုန်းတောင်သို့
ဥသျှောင်ကေသာ၊ ထုံးလက်ရာကို (လက်ျာ- မူကွဲ)
နန်းမှာ ကိုယ်စား၊ ကိုးကွယ်ထားဟု
မပါးလိုက်ပါ၊ ရက်ရောစွာလျက်
မညှာသို့စင်၊ နေလေကျင်ခဲ့
မမြင်ရပါ၊ မောင့်မျက်နှာကို
ရက်ကြာ နှစ်ရှည်၊ နေမတည်လည်း
မြရည် နှိုင်းအင်၊ ဆံကေရှင်ကို
မယ်ခင် နှမ၊ ဖူးမြော်ရမူ
ရူတ နည်းများ၊ စိုးရိမ်ပါးရှင့်
လားလား ပစ်ခွာ၊ ခုမှသာလျှင်
သိင်္ဂါနှိုင်းလျော်၊ မျက်နှာတော်ကို
ယသော် မယ်လျ၊ မြင်ပါရ၏
တလည်း တကာ၊ ယိုစီးဖြာမျှ
သံဝါမြည်တမ်း၊ ဆိုယောင်ယမ်းခဲ့
နွမ်းလည်း နွမ်းသွေ့၊ ကြာနေတွေ့သို့
လွမ်း၍ လွမ်း၍၊ တစွေ့စွေ့လျှင်
လွေ့လွေ့ ပည်းဖြင်၊ ဗျာပါဝင်လည်း
ကောင်းကင် တိမ်ခြေ၊ ပတ်ကုံဝေသို့
ကြေလည်း ကြေကွဲ၊ မယ့်ဝမ်းထဲတွင်
တဖန် လဲလဲ၊ မျက်ရည်ရွှဲနှင့်
ဆင်းရဲ ထပ်ကာ၊ စိုးပူဆာသည်
သည်းချာ ဝဲနှယ် လည်သတည်း။ ။ (ပိုဒ်-၂၇)
ရူပ လက္ခဏာ၊ ခြောက်ပစ် ကွာ၍
အောင်ချာ ဇမ္ဗူ၊ ကျွန်းရပ်သူတို့
အတူ တမျှ၊ နတ်သို့ လှသည်
ထွန်းပ ရွှေစင်၊ တောင်နန်းရှင်ကား
သခင်ဘုရား၊ သုံးလူ့ဖျားကို
ဝမ်းပါး ဝမ်းကွဲ၊ ဆိုးနှင့်ဖွဲသို့ (ဆီးနှင်းဖွဲ- မူကွဲ)
မစဲ တမ်းဆို၊ ယောင်ယမ်းငိုသော်
တဟို ဝန်းချုပ်၊ ရံကိုယ်လုပ်တို့
(ရွယ်ပျိုနတ်ရုပ်၊ ရံကိုယ်လုပ်တို့- မူကွဲ)
လက်အုပ် ချီချီ၊ ဦးခေါင်းစီလျက်
အညီ အညွတ်၊ ငိုချင်း ရွတ်၏…
အထွတ် သရဖူ၊ ဆောင်ထီးဖြူနှင့်
လူတို့ မကိုဋ်၊ မှန်ကင်းစိုက်သည်
ကျော်လှိုက်ထန်ပြင်း၊ မင်းထက်မင်း……!
သားရင်း သည်းချာ၊ ရာဟုလာကို
မြင်ကာ ခဏ၊ တောသို့ကြွသော်
ကျွန်မတို့ စိတ်၊ ရေနှယ်ဖိတ်မျှ
ဆို့ပိတ် ဆို့ပိတ်၊ သံဝါကြိတ်သို့
ရင်ဆိတ် လက်ခတ်၊ တို့စောထွတ်ကြောင့်
ခွေညွတ် ခွေညွတ်၊ စဉ်မပြတ်တည့်
ဆိုချွတ် မည်ယောင်၊ ကမ္ဘာလောင်သို့
တောင်ကိုကား မြောက်၊ ရှေ့ကိုနောက်လျှင်
ထပ်လှောက် ထပ်လှောက်၊ မျက်ခြည်လျှောက်မျှ
ထင်မှောက် ထင်မှား၊ ဗျာပါ ပွားခဲ့
ဘုရား ဘုရား၊ ဖြစ်သည်ကားတည့်
ကြားသည် ကြောင်းစ၊ သူ့ဌာနဝယ်
နရသနင်း၊ နေလေလျင်းဟု
သတင်းကိုသာ၊ နေ့တိုင်းနာ၍
မလာ မလာ၊ သို့စဉ်သာတည့်
ကြာလည်း ကြာလစ်၊ ခုနစ် နှစ်ဖြင့်
လက်ဆစ် ရေချိုး၊ ပူပင်ညှိုးရှင့်
ရောက်နိုး ရောက်နိုး၊ မျှော်လင့်ခိုးလျက်
တမိုး သောက်စင်၊ တနေ ဝင်လည်း
မြင်ခြင်း မြင်ရ၊ ကျွန်တို့မျှတို့
ခုမှ ဖူးမြော်၊ စက်ရွှေလှော်ကို
ထိပ်ပေါ်ကေသာ၊ ဆင်ရပါ၏
သံသာ သံသာ၊ သူ့ထက်ငါလျှင်
များစွာ စုရုံး၊ တနန်းလုံးတို့
ပတ်ကုံး ပူဆွေး၊ ငိုချင်ကြွေးသည်
လွမ်းရေး ရေနှယ် မြောက်သတည်း။ ။ (ပိုဒ်-၂၈)
(တောင်နှယ် မောက်သတည်း- မူကွဲ)
(ဘုန်းတော်ကြီး ရှင်နန္ဒမဉ္ဇူ)
#ရှေးစာကဗျာများ ကျေးဇူး။
https://www.youtube.com/watch?v=sp9YEATHf78&t=802s
ဒေါက်တာတင့်ဆွေ

Comments
Post a Comment