Skip to main content

ယသော်ဓရာ ကန်တော့ခန်းပျို့ ငိုချင်း

စေ့ရေထိုတွင်၊           ဖနတ်ရှင်လည်း

သခင်ဘုရား၊             သားတော်အားကို

မျောက်သားရှိရာ၊      ရွှေနန်းသာသို့

ကြွပါမည့်ကြောင်း၊    အခွင့်တောင်းသော်

ကောင်းပြီ ခမည်း၊     သွားမည်တည်းဟု

ဖြည်းဖြည်း မိန့်သံ၊     အာမခံမှ

ထေရ်ပျံ လက်ျာ၊        သာရိပုတ္တရာ

မဟာ မောဂ္ဂလာန်၊ 

မြတ်မွန်နှစ်ပါး၊          တပည့်သားနှင့်

ဖဘွား သုဒ္ဓေါ်၊           သပိတ်တော်ကို

ယူသော်ခဏ၊            ပိုက်စေရပြီး

လူက စံမှတ်၊             နန်းပြာသာဒ်သို့

ကယ်ချွတ်လိုငှါ၊        ကြွသောခါမူ

များစွာ ဝန်းချုပ်၊       ရံကိုယ်လုပ်နှင့်

နတ်ရုပ်အသွင်၊         တောင်နန်းရှင်ကား

ထိပ်တင်မြှောက်ချီ၊   အဉ္ဇလီဖြင့်

အစီ အစီ၊                 ပန်းပွင့်သီသို့

အညီတကွ၊              မြတ်ဇိန၏

ပါဒ ရွှေစက်၊             ရာ့ရှစ်ကွက်ကို

သူ့ထက် ငါသာ၊         ဖက်ယမ်းလှာ၍

သွယ်ဖြာ စီးယို၊         မြည်တမ်းငိုသည်

ကိုယ်ကို မတူ            တည်သတည်း။   ။ (ပိုဒ်-၂၅)

ယိမ်းယိမ်း တိမ်းတိမ်း

မသိမ်း ကေသာ၊         မျိုးဗိမ္ဗာကား

ကျင် နာ ကွဲပြို၊           ချင်းကောက်ငို၏…

မြင့်မိုရ်ထွတ်ချာ၊         ဝတိံသာဝယ်

သူဇာ သိကြား၊           တူမခြားလျှင်

နှစ်ပါးတင့်တယ်၊        စံသောနှယ်သို့

ရွှေသွယ်ရောင်လျှံ၊     ပြာသာဒ်ပျံထက်

မောင်နှံ မကွေ၊           သက်ချင်းဝေလျက်

ရစ်ခွေ ယှဉ်နွဲ၊            သားပုလဲနှင့် (ရှည်နွဲ- မူကွဲ)

မကွဲ ဆေးစုံ၊              သလွန်ဘုံဝယ် (မကွဲ ဆွေစုံ-မူကွဲ)

ပိုက်ခြုံ မကြာ၊            စက်ကြရာတွင် (စံကြရာ- မူကွဲ)

ဆည်းဆာ ကျံကျံ၊      သန်းခေါင်ယံ၌

ငဆန် တကွ၊              ကဏ္ဌကနှင့်

နှမ မသိ၊                    ထွက်သွားဘိ၍

မချိ မသာ၊                 မိုးသောက်ခါသော်

ဖွေရှာ မမြင်၊              လွန်ပူပင်လျက်

လောင်လင် မတည်၊   မယ့်မျက်ရည်ကား

နှင်းလည်သော တူ၊     မီးပြင်းပူသို့

ကြီးထူ သောက၊        နေ့တိုင်း တရှင့်

နွမ်းလျ သမ်းညှိုး၊       ရောက်နိုးနိုးလျှင်

တစိုး ရိမ်ရိမ်၊             နန်းရွှေအိမ်ဝယ်

မငြိမ် ဗျာပါ၊              ရှိလှည့်ရာတွင်

တန်ဆာ ဝတ်လဲ၊        ဆင်စမြဲသား

ပုလဲ အသွင်၊              ဖြူဖြူစင်လည်း

မမြင် လက်ချည်း၊      တယောက်တည်းလျှင်

ဝမ်းနည်းပက်လက်၊    မျက်ရည်စက်နှင့်

ဖွားဘက် ငဆန်၊         နန်းသို့ပြန်သော်

အလွန်တရာ၊             မယ်ဝမ်းမှာကား

သမုဒ္ဒရာ၊                   မြစ်လဟာဝယ်

ပြင်းစွာ ရေရိုး၊            လှိုင်းတံပိုးထက်

တက်တိုးဖန်များ၊         ဆဆ ပွားခဲ့

သည်းဖျား ဆွတ်ဆွတ်၊ မုန်တိုင်းခတ်သို့

တိမ်းညွတ် မိန်းမော၊    ပင့်သက်မျောသည်

ဖျင်ပေါ လွမ်းတာ        ရှည်သတည်း။   ။ (ပိုဒ်-၂၆)

ယွင်းချွတ် ယွင်းချွတ်၊  တမ်းရေ ရွတ်လျက်

မိန်းပြတ် မိန်းပြတ်၊      ရင်လက် ခတ်၍

တီးတွတ် တီးတွတ်၊     တဆွတ်ဆွတ်လျှင်

လျောက်ပတ် နာပျော်၊ ရွှေစက်တော်ကို

ပူဇော် လေးမြတ်၊        ဦးဖြင့်ညွှတ်မှ

ဖွင့်လွှတ် ခြေးခြေး၊      ငိုချင်း ပေး၏……

မဝေး ရက်လ၊             တဆံမျှတည့်

ယွင်းခွ မခြား၊              တပြိုင်ဖွားသည်

မျောက်သားဆွေရင်း၊   မယ့်ထိပ်နှင်း……!

အလျှင်း ကျွန့်ကို၊         ပစ်စွန့်လိုသည်

မြညိုနက်ရောင်၊           ပိတုန်းတောင်သို့

ဥသျှောင်ကေသာ၊      ထုံးလက်ရာကို (လက်ျာ- မူကွဲ)

နန်းမှာ ကိုယ်စား၊        ကိုးကွယ်ထားဟု

မပါးလိုက်ပါ၊              ရက်ရောစွာလျက်

မညှာသို့စင်၊                နေလေကျင်ခဲ့

မမြင်ရပါ၊                   မောင့်မျက်နှာကို

ရက်ကြာ နှစ်ရှည်၊        နေမတည်လည်း

မြရည် နှိုင်းအင်၊          ဆံကေရှင်ကို

မယ်ခင် နှမ၊                ဖူးမြော်ရမူ

ရူတ နည်းများ၊           စိုးရိမ်ပါးရှင့်

လားလား ပစ်ခွာ၊        ခုမှသာလျှင်

သိင်္ဂါနှိုင်းလျော်၊           မျက်နှာတော်ကို

ယသော် မယ်လျ၊        မြင်ပါရ၏

တလည်း တကာ၊        ယိုစီးဖြာမျှ

သံဝါမြည်တမ်း၊          ဆိုယောင်ယမ်းခဲ့

နွမ်းလည်း နွမ်းသွေ့၊   ကြာနေတွေ့သို့

လွမ်း၍ လွမ်း၍၊         တစွေ့စွေ့လျှင်

လွေ့လွေ့ ပည်းဖြင်၊   ဗျာပါဝင်လည်း

ကောင်းကင် တိမ်ခြေ၊ ပတ်ကုံဝေသို့

ကြေလည်း ကြေကွဲ၊   မယ့်ဝမ်းထဲတွင်

တဖန် လဲလဲ၊              မျက်ရည်ရွှဲနှင့်

ဆင်းရဲ ထပ်ကာ၊        စိုးပူဆာသည်

သည်းချာ ဝဲနှယ်        လည်သတည်း။   ။ (ပိုဒ်-၂၇)

ရူပ လက္ခဏာ၊           ခြောက်ပစ် ကွာ၍

အောင်ချာ ဇမ္ဗူ၊        ကျွန်းရပ်သူတို့

အတူ တမျှ၊              နတ်သို့ လှသည်

ထွန်းပ ရွှေစင်၊           တောင်နန်းရှင်ကား

သခင်ဘုရား၊             သုံးလူ့ဖျားကို

ဝမ်းပါး ဝမ်းကွဲ၊         ဆိုးနှင့်ဖွဲသို့ (ဆီးနှင်းဖွဲ- မူကွဲ)

မစဲ တမ်းဆို၊             ယောင်ယမ်းငိုသော်

တဟို ဝန်းချုပ်၊         ရံကိုယ်လုပ်တို့ 

      (ရွယ်ပျိုနတ်ရုပ်၊ ရံကိုယ်လုပ်တို့- မူကွဲ)

လက်အုပ် ချီချီ၊         ဦးခေါင်းစီလျက်

အညီ အညွတ်၊          ငိုချင်း ရွတ်၏…

အထွတ် သရဖူ၊          ဆောင်ထီးဖြူနှင့်

လူတို့ မကိုဋ်၊              မှန်ကင်းစိုက်သည်

ကျော်လှိုက်ထန်ပြင်း၊  မင်းထက်မင်း……!

သားရင်း သည်းချာ၊    ရာဟုလာကို

မြင်ကာ ခဏ၊              တောသို့ကြွသော်

ကျွန်မတို့ စိတ်၊             ရေနှယ်ဖိတ်မျှ

ဆို့ပိတ် ဆို့ပိတ်၊            သံဝါကြိတ်သို့

ရင်ဆိတ် လက်ခတ်၊      တို့စောထွတ်ကြောင့်

ခွေညွတ် ခွေညွတ်၊        စဉ်မပြတ်တည့်

ဆိုချွတ် မည်ယောင်၊      ကမ္ဘာလောင်သို့

တောင်ကိုကား မြောက်၊ ရှေ့ကိုနောက်လျှင်

ထပ်လှောက် ထပ်လှောက်၊ မျက်ခြည်လျှောက်မျှ

ထင်မှောက် ထင်မှား၊     ဗျာပါ ပွားခဲ့

ဘုရား ဘုရား၊               ဖြစ်သည်ကားတည့်

ကြားသည် ကြောင်းစ၊   သူ့ဌာနဝယ်

နရသနင်း၊                     နေလေလျင်းဟု

သတင်းကိုသာ၊              နေ့တိုင်းနာ၍

မလာ မလာ၊                 သို့စဉ်သာတည့်

ကြာလည်း ကြာလစ်၊     ခုနစ် နှစ်ဖြင့်

လက်ဆစ် ရေချိုး၊         ပူပင်ညှိုးရှင့်

ရောက်နိုး ရောက်နိုး၊      မျှော်လင့်ခိုးလျက်

တမိုး သောက်စင်၊          တနေ ဝင်လည်း

မြင်ခြင်း မြင်ရ၊              ကျွန်တို့မျှတို့

ခုမှ ဖူးမြော်၊                  စက်ရွှေလှော်ကို

ထိပ်ပေါ်ကေသာ၊           ဆင်ရပါ၏

သံသာ သံသာ၊               သူ့ထက်ငါလျှင်

များစွာ စုရုံး၊                 တနန်းလုံးတို့

ပတ်ကုံး ပူဆွေး၊            ငိုချင်ကြွေးသည်

လွမ်းရေး ရေနှယ်          မြောက်သတည်း။   ။ (ပိုဒ်-၂၈)

    (တောင်နှယ် မောက်သတည်း- မူကွဲ)

(ဘုန်းတော်ကြီး ရှင်နန္ဒမဉ္ဇူ)

#ရှေးစာကဗျာများ ကျေးဇူး။

https://www.youtube.com/watch?v=sp9YEATHf78&t=802s

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ