Skip to main content

"သမီးလိမ်မာ"



ကြည်အေး အမည်နဲ့ တင်ထားတာခုတွေ့တယ်။ ပေါ်လစီသတ်ပုံတွေနဲ့။

ကြည်အေး ရေးတဲ့စာ စစ်မှန်ရင် သတ်ပုံလည်း မှန်ပါတယ်။

စာရေးဆရာ၊ ကဗျာဆရာတွေကို ကလောင်အမည် မဖျက်ကောင်းပါခင်ဗျား။

(၁)

သမီးလိမ်မာ

မမွှေးထုံ မမွှေးထုံ

ပါးကွက်ကျားနဲ့ နပ်ခါးမှုန်

မမွှေးထုံ ဘာကြောင့်မွှေး

ရှင်တောင်နပ်ခါး လိမ်းလို့မွှေး။

မမွှေးထုံ မမွှေးထုံ

စပယ်ကုံးနဲ့ ဆံထုံးပုံ

မမွှေးထုံ ဘာကြောင့်မွှေး

တောစပယ်သေး ပန်းလိုမွှေး။

မမွှေးထုံ မမွှေးထုံ

နှုတ်ခမ်းပါးနဲ့ ကွမ်းဝါငုံ

မမွှေးထုံ ဘာကြောင့်မွှေး

စမုန်ကွမ်းအေး ဝါးလို့မွှေး။

မမွှေးထုံ မမွှေးထုံ

နုတ်ချိုအေးနဲ့ မမွှေးထုံ

မမွှေးထုံ ဘာကြောင့်မွှေး

လိမ်မာခြားရေး သတင်းပြေး

စိတ်တည်ကြည်လို့ သတင်းမွှေး။ (ကြည်အေး)

မြန်မာပြည်မှာ ကြည်အေးတွေ မွေးပါစေ။ 

သမီးလိမ်မာတွေမွှေးပါစေ။

(၂)

ကြမ္မာနွမ်းထင့်

လွမ်းရုံ လွမ်းသော၊ ချစ်ဇာတ်မြော၌

လျောတိုက် လွင့်ပါ၊ ဆင်းရဲတာရှည်

ရာသီ ခြောက်ဆယ်၊ မပျက်ပြယ်ခဲ့

ငယ်က ပျံ့မွှေး၊ မေတ္တာနွေးခဲ့

တရေးရေးမြင်၊ သူ့ရုပ်သွင်ပင်

တလွင်လွင်ကြား၊ သူ့စကားသံ

ခံစားထိတ်ထိတ်၊ သူ့စိတ်နူးညံ့

မူးပျံ့ဆွတ်ကြည်၊ သူနားလည်ဟန်

ခိုမီချင်လှ၊ သူ့ယုယဟန်

အလှကဗျာ ဂီတသာသော

တမ်းရာဘဝ၊ လွဲခဲ့ရ၍

ညယံ ညှိုးငယ်၊ နေ့လယ် ညည်းငွေ့

တမြေ့မြေ့တွေး၊ ဘယ်နေ့ဝေး၌

ပူဆွေး ပြေလျော့၊ မေ့ပျော်မည်လဲ။ (ကြည်အေး)

(တစ်)ရေးရေးမြင် မဟုတ်။ (တစ်)လွင်လွင်ကြား မဟုတ်။ (တစ်)မြေ့မြေ့တွေး မဟုတ်။ သတ်ပုံပြင်တင်သူတွေက ကြည်အေး (အတု) ၏ စာလို့ ရေးရပါမယ်။

(၃)

အမေရေ ရှုမငြီး

ခြေကျင်း လက်ကောက် ပုတီးနဲ့

ရွှေစည်စုံ ရွှေလက်စည်းနဲ့

နတ်သမီးပုံ ပြောမယ်ဆို။

စကား ပိုပို

ဟိုရှေးခါ တပါး။

ရှင်ဘုရင် ဆင်စီး

စိန့်ကြီးငယ့် မြိုင်ချောင်မှာ

မြတ်စိယောင်မှား သစ်ညိုရိပ်ကြားမှာ

ပန်းထမီ ခြုံထည်ပါးနဲ့

နတ်သမီး လှည့်ဖြား။

အမေရေ ရှည်တောင်ဝေးနဲ့

နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး

ပုဝါသီကာပေး တသောသောနဲ့

ဖေဇော်ဂျီ လူချော

ပုံပြောမယ် ဆို။

စကား ပိုမို

ဟိုရှေးခါ တပါး။

သူယောင်မယ် ဝေဆာသီးတဲ့

တောကြီးငယ့် အလယ်မှာ

ဒေါနသွယ် တကယ်သင်းချိန်မှ

သလင်းဖြူ မူံ ကျောက်မှာ

ဥုံမန္တာန် သုငေါက်လို့

တောင်ဝှေးယောင်ကာလွှာ။

ပုဆိုးအနီ တဖားဖားမို့

ခါးတောင်းကျိုက်ပေါ့ တကြားကြား

ယောက်ျားဟဲ့ ဘသား

မမေး မမှိတ်အားရှာလို့

ဆေးကြိတ်ပါသဗျား။

ကြည်အေး

၂၇-၇-၆၉

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ