(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
၂၀၁၈ ခုနှစ် ဒီလိုရက်က ပုလဲမှာကျန်ရစ်၊ ထားရစ်ခဲ့ရတဲ့ ဆေးခန်းနဲ့ အိမ်ကလေးကို ပြန်ရောက်ပါတယ်။
ပုံထဲက မဲဇလီပင်ကိုင်းကြားကနေ အပင်အထက်ကို မော့ပြီး ပြန်စဉ်းစားကြည့်နေမိတယ်။
ဒီအပင်ဟာ ကျွန်တော် ဒီအိမ်လေးကို ဝယ်စဉ်ကတည်းက ပါတယ်။ ပင်စည်လုံးပတ်ဟာ လူကြီးတယောက်ရဲ့ ခြေသလုံး၊ ပေါင်လုံးလောက်သာ ရှိတယ်။
အပင်ကြီးလာတော့ ကလေးတွေအတွက် ဒန်းကြိုးတပ်ပေးခဲ့ဘူးတယ်။
ညနေခင်း အပင်အောက်မှာ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲခဲ့ဘူးတယ်။
အိမ်ခေါင်းရင်း အပင်ဘေးနားမှာ ပဲရှည်သီးစင်ကလေး လုပ်ထားသေးတယ်။ ပဲရှည်သီးလေးတွေ ဖြောင့်တန်းအောင် ကြိုးနဲ့ ခဲဆွဲပေးဘူးတယ်။
လူတိုင်းလူတိုင်းမှာ မျှော်ကြည့်၊ မော့ကြည့် သတိရစရာတွေကိုယ်စီ ရှိကြတယ်။
ကလေးတွေ၊ မိတ်ဆွေတွေ၊ လူနာတွေ နေကောင်းကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment