ဖုဿတီမိဖုရားဆုတောင်းခန်း၊
သိကြားမင်းစကားကိုကြားလျှင်၊ ဖုဿတီမိဖုရားသည်။ ငါကား ယခုသေအံ့သည် မချွတ်ရာဟု သိပြီး၍၊ နတ်ပြည်မှ စုတေသော်၊ အဘယ်မှာ ဖြစ်ရလျှင် ကောင်းအံ့နည်းဟု ကြည့်လတ်ပြီးမှ၊ သိဝိရာဇ် မင်းကြီး၏ နန်းတော်ကို မြင်လေ၏။ ထိုသို့ မြင်လေပြီးနောက်မှ ဆယ်ပါးသောဆုကို ဤသို့တောင်း၏။
နတ်တကာတို့ကို အစိုးရတော်မူသော မင်းကြီး။ အရှင်မင်းကြီးသည်၊ အကျွန်ုပ်အား အကယ်၍ ဆုဆယ်ပါးကို ပေးတုံအံ့။
ဆုဆယ်ပါးကား။
( ၁ ) အကျွန်ုပ်သည် ဤကိုယ်၏ အဖြစ်မှ စုတေလျှင်၊ သိဝိရာဇ်မင်းကြီး၏ နန်းတော်ကို အစိုးရသော မိဖုရားဖြစ်လို၏။
( ၂ ) တင့်တယ်ပြည့်စုံသော သမင်မငယ်၏ မျက်စိနှင့်တူသော ညိုသော မျက်စိ ရှိသည်လည်း ဖြစ်လို၏။
( ၃ ) ညိုသောမျက်မှောင်တံရှိသည်လည်းဖြစ်လို၏။
( ၄ ) အမည်အားဖြင့် ဖုဿတီ ဒေဝီ ဟူသော အမည်ပင်ရှိလို၏။
( ၅ ) တန်ဆာ ဆင်အပ်သောဦးခေါင်းကို၎င်း၊ မျက်စိအစုံကို၎င်း၊ နှလုံးသည်းပွတ်ကို၎င်း၊ ထီးဖြူကို၎င်း၊ သားဆိုးကို၎င်း၊ အလိုရှိသော ယာစကာတို့သည် တောင်းခံလာသည်ရှိသော်၊ ထိုယာစကာတို့ အလိုရှိတိုင်း ပေးလှူစွန့်ကြဲတတ်သည်ဖြစ်၍၊ ဝန်တို ပိတ်ပင် စဉ်းလဲခြင်း မရှိ၊ မင်းတပါးတို့ ပူဇော် တတ်သော ကျော်စောခြင်းနှင့် ပြည့်စုံသော သားကောင်းရတနာကိုလည်းရလို၏။
( ၆ ) ကိုယ်ဝန်ဆောင်သော်လည်း၊ ကျွန်ုပ်၏ ဝမ်းသည်။ မယမ်းမရမ်းလှုံ့ပုံ့ မထင်၊ လေးအတတ်၌ ကျွမ်းကျင် လိမ္မာသော လေးသမားသည်။ ကောင်းစွာ သင်အပ်သော လေးပျဉ်း ကဲ့သို့ ညီညွတ်စွာ ပြကတေ အတိုင်း ရှိစေလို၏။
( ၇ ) သားများစွာပင် ဖွားမြင်သော်လည်း၊အကျွန်ုပ်၏ သားမြတ် အစုံသည်၊ မတွဲမကျ၊ အရွယ်ရောက်ဦးစအတိုင်း တည်စေသတည်း။
( ၈ ) အရွယ်လွန်သည် တိုင်အောင်လည်း၊ ဆံပင်မဖြူ၊ ငယ်မူ၊ ငယ်သွေးအတိုင်းတည်စေသတည်း။
( ၉ ) အကျွန်ုပ်၏ ကိုယ်အဆင်းသည်လည်း၊ ချေးညှိမတင်၊ စင်ကြယ်သော ကိုယ်ရှိသည်လည်း ဖြစ်လို၏။
(၁၀) မင်းပြစ်၊ မင်းမျက် သင့်၍၊ သေခြင်း အနီးသို့ရောက်ပြီးသောသူကိုလည်း၊ အကျွန်ုပ်၏ အစွမ်းဖြင့် နှုတ်ယူကယ်ဆယ်နိုင်လို၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment