ဆေးကျောင်းသားပုံပြင်
မနှစ်က ဆေးမန်းမှာ အတူတူစာသင်ခဲ့တဲ့သူငယ်ချင်းတွေ ဆုံကြမယ်တဲ့။ တယောက်စာ ပိုစားခဲ့ပါလို့ ရေးလိုက်တယ်။ ကိုယ်ကနေဖိတ်ရင် ၂၀ စာ၊ ၃၀ စာကျွေးရမှာ။
အဆောင်မှာ အတူနေကြရစဉ်ကတော့ သူလည်းဘဲဥ ၂ ခြမ်း၊ ကိုယ်လည်း ဘဲဥ ၂ ခြမ်း။ အဆောင်ကြေးကလည်း တလ ၄၂ ကျပ်။ ကျောင်းလခ တလ ၁၅ ကျပ်။ လက်ဖက်ရည်တခွက် တမတ်။အိုဂျီစာအုပ်က ၉၀ ကျပ်ဆိုတော့ ဈေးကြီးလွန်းလို့ တော်တော်နဲ့ မဝယ်နိုင်။
မုံရွာကနေ မန္တလေး ရထားခက ၃ ကျပ်ပြား ၆၀။ ရန်အောင်မန်းကားခ တကျပ်ခွဲ။ ကားလေးတွေဆွဲတော့ ၂ ကျပ်။ အာလကပ္ပဘူတာမှာ ရေအိုးလေးတလုံး ၂၅ ပြားက ဈေးအကြီးဆုံး။
လာနိုင်သူ မလာနိုင်သူ သူငယ်ချင်းတွေ နေကောင်းကြစေသတည်း။
မေးခွန်းတခု = ညောင်ပင်ဝန်းမှာကော ထမင်းမစားခဲ့ဘူးလားဆရာ
ထမင်းတပွဲ တကျပ်ခွဲခေတ်က ညောင်ပင်ဝန်းကို ဖြတ်သွားရတိုင်း စားခဲ့ပါသည်။ အုန်းထမင်းနဲ့ ကြက်သား + ဗမာသရက်ချဉ် + ငရုတ်သီးတောင့်လုံးကြော်။ အင်ဖက်နဲ့ ထုပ်ထားတယ်။
၂၀၁၈ ခုနှစ်က အခုလိုရက်တွေမှာ ညောင်ပန်ဝန်းကို အသွားအပြန် ၃ ခေါက် ဖြတ်ခဲ့ပါတယ်။ စားသောက်ဆိုင်တွေရှိရာမှာ တမင်တကာ နားတယ်။ ထမင်းဟင်းတွေ အကြော်တွေ မစားချင်တာနဲ့ ကိုကာကိုလာအနီတဗူး ဖေါက်သောက်စမ်းတယ်။ အခုနေရတဲ့အရပ်က အရသာနဲ့ အတော်ကွာခြားတယ်။ သူ့အရပ်နဲ့သူ ကောင်းကြမှာပါ။
မုံရွာ-မန္တလေး ကားခ တကျပ်ခွဲ မပေးခဲ့ရပါ။ ညီတော်မောင်က လိုက်ပို့တယ်။ ကျေးဇူး။
အပြန်မှာတော့ ဒေါ်မြမြအေးရဲ့သူငယ်ချင်းရဲ့သားက လိုက်ပို့တယ်။ ကျေးဇူး။
ဝက်မလွတ်ငှက်ပျောပင် တချို့တွေ့ခဲ့ပါတယ်။ စာကလေးသံ၊ ချိုးအသံတွေ နည်းသွားသလား မသိ။
ညောင်ပင်ဝန်းတံတားကတော့ ခပ်နန။
မူးမြစ်ရေ ဆက်စီးနေသေးတယ်။ ဧရာဝတီမြစ်ကြီး မြစ်ညာကပိတ်ခံထားရချိန်မှာလည်း ဆက်စီးနေလိမ်မယ်။
ချင်းတွင်းမြစ်ကြီးလည်း ဆက်စီးနေပါဦးမယ်။
မုံရွာ-မန္တလေး ကတ္တရာလမ်းပေါ် စတင်သွားခဲ့စဉ်က ၇ တန်းကျောင်းသား။ အသက် ၁၃ နှစ်သား။ တခေါက်ပြန်ရောက်တော့ အသက် ၇၀ နှစ်။
လမ်းတို့မည်သည် လိုရာကို ရောက်စေပါသည်။ ရှေ့ဆက်သွားလည်း ရသည်။ နောက်ကြောင်းပြန်လည်း ပြန်ရောက်နိုင်သည်။
အလည်ပြန်ရေး တွေးမရတော့ပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment