မိုး …
သန်းခေါင်ယံမိုး၊ သောင်းကျန်းလှည့်လည်သော မိုးမှတပါး အခြားမရှိ၊
ခြောက်ကပ်လှသော ဤတဲအိုပျက်၊ အထီးကျန်ခြင်း၊ ပြီးတော့ ကျွန်ုပ်။
တနေ့တွင် ကျွန်ုပ် သေရမည်ကို တဖန်ပြန်၍ သတိရမိ၏၊
ထိုအခါ မိုးသံကိုလည်း မကြားရတော့၊ မိုးကိုလည်း ကျေးဇူးမတင်နိုင်တော့၊
ဤအထီးကျန်ကမ္ဘာထဲ ကျွန်ုပ်မွေးဖွားလာကတည်းက စ၍
ယခုထက်မက စင်ကြယ်အောင် ဆေးကြောပေးခဲ့သည့်အတွက်
မိုးစက်မိုးပေါက်များ ကျရောက်ရာ မြေပြင်အောက်မှာ သေလွန်သူတို့သည် မင်္ဂလာရှိကြကုန်၏။
သို့သော် …
ဤနေရာမှနေ၍ ကျွန်ုပ်ဆုတောင်းမိသည်မှာ—
ကျွန်ုပ် တခါက ချစ်ခင်ခဲ့ဖူးသူ မည်သူတဦးတယောက်မျှ
ဤညဉ့်ဝယ် သေအံ့ဆဲဆဲ မဖြစ်ပါစေနှင့်၊
သို့မဟုတ် အိပ်မပျော်ဘဲ နိုးမနေပါစေနှင့်၊
အထီးကျန်စွာဖြင့် မိုးသံကို နားထောင်ရင်း၊
ဝေဒနာကြောင့်ဖြစ်စေ၊ သို့မဟုတ် ယခုကျွန်ုပ်ကဲ့သို့ ထပ်တူခံစားရ၍ဖြစ်စေ၊
အသက်ရှင်သူများနှင့် သေလွန်သူတို့ကြားတွင် ကိုယ်တိုင် ဘာမျှမတတ်နိုင်ဘဲ၊
ကျိုးပဲ့နေသော ကျူပင်တောကြားက အေးစက်သော ရေပြင်ကဲ့သို့၊
ငြိမ်သက်တောင့်တင်းနေသော မရေမတွက်နိုင်သည့် ကျိုးပဲ့နေသောပင်များအလား။
ယခု ကျွန်ုပ်ကဲ့သို့ပင် …
သေခြင်းတရားကို ချစ်မြတ်နိုးသည့် စိတ်မှတပါး၊
ကျန်ရှိသော အချစ်ဟူသမျှကို ဤသောင်းကျန်းသောမိုးက အရည်ဖျော်ပစ်ခဲ့လေပြီ။
အကယ်၍ ထိုအရာသည် ပြီးပြည့်စုံသောအရာအပေါ် ထားရှိသည့် အချစ်ဖြစ်ခဲ့လျှင်၊
၎င်းသည် ကျွန်ုပ်ကို မည်သည့်အခါမျှ စိတ်ပျက်အားလျော့စေမည်မဟုတ်ကြောင်း
ဤမုန်တိုင်းက ကျွန်ုပ်အား ပြောပြနေလေတော့သတည်း။ ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment