Skip to main content

စပယ်ပန်း ဋီကာ









- မင်္ဂလာပါဆရာ စံပယ်ပန်းနှင့် စပယ်ပန်း ဘယ်ဟာအမှန်လည်းခင်ဗျ ကျေးဇူးပြု၍၊ အထောက်အထားနှင့် ရှင်းပြပါဆရာ လေးစားချစ်ခင်လျှက် (လျက်)

စပယ်ပန်း နဲ့ စံပယ်ပန်း မူကွဲအမှန်တွေ ဖြစ်ပါတယ်။

သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ သင်ခဲ့ရတယ်။

စံပယ်ကတော့ မူကွဲ။ မူရင်းက စပယ်ဆိုရင် စံပယ်လို့ မပြင်ရပါ။ အောင်လင်းရေးတဲ့ အရိုင်းစပယ်ကို ပြင်ထုတ်တာ မလုပ်သင့်မလုပ်ထိုက်ပါ။

စံပယ်၁ – န / ဇဗယ် / မွှေးသော အပွင့်ဖြူပွင့်သည့် ချုံပင်။ (နယုန်လရာသီပန်းဟု အမှတ်ပြုသည်။ စံပယ်အမျိုးမျိုးစွာ ရှိသည်။)

စံပယ်၂ – ကြိ / စန်ပယ် / တင့်တယ်သည်။ ကျက်သရေရှိသည်။ တင့်တယ်သောအသွင်ကို ဆောင်သည်။ အသရေကိုဆောင်သည်။ တင့်တယ်စွာတည်နေသည်။ “ဗိမာန်ထဲဝယ်၊ အမြဲစံပယ်၊ တန်ခိုးကြွယ်သား၊ ငါ့မယ်မင်းစိုး။” ဘူလင်* ၁၄၅။ “မြတ်သောဘုရား၏ စံပယ်ခြင်းဖြင့် ရတနာဂူမှ ထွက်သော ရွှေခြင်္သေ့။” ကိကုဏ်။ ၁၅။

စံပယ်တင် – ကြိ / စန်ပယ်တင် / သင်္ကန်း၊ ပုဆိုး၊ ပဝါ စသည်ကို လက်ဝဲပခုံးတွင် တစောင်ထားပြီးလျှင် ကျန်တစကို ကျောမှ သိုင်းကာ လက်ယာချိုင်းအောက်မှလျှို၍ လက်ဝဲပခုံးပေါ် တင်သည်။ “ပုဆိုးကို စံပယ်တင်၍။” ကိကုဏ်။ ၅၅၅။

စံပယ်မှဲ့ – န / ဇဗယ်အမှဲ့ / အထက်နှုတ်ခမ်းအနီး ပါးပြင်ပေါ်တွင် ပေါက်သောမှဲ့။

စံပယ်ဖူး – န / ဇဗယ်ဗူး / ကောက်ကြီးစပါးမျိုးအဝင် စပါးတမျိုး။

စံပါယ်ပန်း မမှန်ပါ။

စပ္ပါယ် မမှန်ပါ။

(၁)

သင်ပုန်းကြီး

စပယ် တကုံး

ဘယ်လို သုံးမလဲ

ပြုံး၍ မေးသည်

မယ်အုံက ဆံထုံးမှာ ပန်မည်။

(၂)

ပန်းစပယ် 

ပန်းစပယ် နန်းအလယ်မှာ မပေါ်ခိုက်ဟာမို့ 

အလိုက်တော် တန်သင့်ရုံပ 

ခံပွင့်ကို ကုံး။

နန်းရဝေ

မန်းမြေမှာ စပယ်လှိုင်တော့

ခံပန်းခိုင် ယာယီရွေ့တယ် 

တောလေ့ရွာသုံး။ (ဦးပုည)

(၃)

ခုခေတ်ထုတ် စတုတ္ထတန်းမြန်မာဖတ်စာမှာ စံပယ်တဲ့ လေးရုံ၊ ပျိုတို့မောင် မပန်ထိုက် ပန်ပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန် "တစ်ငုံဖြင့် ကျန်ပါသေးတယ်" လို့ ရိုက်ထားတယ်။ ကဗျာခေါင်းစဉ်ကို စံပယ်ရုံလို့ ပေးထားတယ်။ မမှန်ပါ။

အမှန်က ဘုရားငါးဆူ ပဟေဠိလေးဆစ်ကဗျာဖြစ်ပါတယ်။ တငုံကျန်ပါသေးသာဖြစ်ပါတယ်။

(၄)

စပယ်တဲ့ လေးရုံ (တယောက်တမျိုး ရေးနေကြတယ်)

မလေးကွယ် မပန်ထိုက်

ပန်းပြတ်ခိုက် ကြုံ

အပွင့်ရယ် ကုန်

တငုံ ကျန်ပါသေး

ပန်ချင်သူ ညိုနွဲ့နှောင်းရယ်

ခေါင်း ဖြီးခဲ့လေး။ (အမည်မသိ ရှေးစာဆို)

စပယ်တင်မှဲ့၊ = အထက်နှုတ်ခမ်းစွန်းအနီး ပါးပြင်ပေါ်တွင် ပေါက်သောမှဲ့။

စပယ်ထပ် = နှစ်ထပ်မိုးထားသော ခေါင်မိုး။

စပယ်ကောင်းလျှင် တပွင့်၊ အရွယ်ကောင်းလျှင် အသင့်။

(၅)

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၃)၊ စာမျက်နှာ (၃၄၉) မှာ စပယ်လို့ ရိုက်နှိပ်ထားပါတယ်။ အရင်ထုတ်သတ်ပုံမှာ စံပယ်ပန်းလို့ ရေးတယ်။ ကျွန်တော်တို့က စပယ်ပန်းနဲ့ ကြီးပြင်းလာရတာ။ 

(၆)

ပန်းစပယ် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော် တန်သင့်အောင်လို့ ခံပွင့်ကိုကုံး။

ပန်းစပယ် နန်းအလယ် တကယ်လှိုင်တော့ ခံပန်းခိုင် ယာယီရွေ့တယ် တောလေ့ရွာသုံး။ (ခင်နှင်းယု)

ပြန်တင်သူတွေက "တစ်ကယ်လှိုင်တော့" တဲ့ ပျက်ရော။

စပါယ် မှားတယ်။ စံပါယ် မှားတယ်။စပယ် နဲ့ စံပယ် မူကွဲဖြစ်တယ်။ မူကွဲဆိုတာ စပယ် နဲ့ စံယ် နှစ်မျိုးရှိ နှစ်မျိုး 

လက်ဖက်၊ လဘက်၊ လ္ဘက် သုံးမျိုးရှိ သုံးမျိုးလုံးသုံးကြတယ်။

မူရင်းရေးထားသူရဲ့ စာလုံးပေါင်းကို ကိုးကားသူ၊ ပြန်ထုတ်သူတွေက မပြင်ရပါ။

(၇)

အရိုင်းစပယ် (အောင်လင်း)

(၈)

ပြေးကြိုတော့ထွေးညို

ပန်းစပယ် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကို ကုံးရတယ်။ တချိန်တုန်းက ထွေးညိုလေးရယ် ဝေးပေမဲ့ မောင်ကြီးဖြေနိုင်တယ်။ ခုတော့ခက်တယ်လေကွယ် မျက်နှာငယ်မလေး ထွေးရယ်။

ထွေးညိုတယောက်တော့ မြေရှင်ယာရှင် စနစ်ဆိုးတွေရဲ့အောက်မှာ ဘဝကိုလက်မြှောက်အရှုံးပေးသွားပြီလို့ တတွတ်တတွတ်ပြောနေတယ်။

(၉)

စပယ်ပင် ဝတ္ထုကြီး

ဦးလတ် (၁၂၂၈ - ၁၂၈၃) ရဲ့ ပဌမဆုံးဝတ္ထုဖြစ်တယ်။ ၁၂၇၄ ခုနှစ်ဆန်းလောက်က စထုတ်တယ်။ ပုံထဲကစာအုပ်ကို ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်တယ်။ ဦးလတ် ရွှေပြည်စိုး၊ သုံးဘုံ၊ တနန်းပျော်ရင်သွေးတော် ဝတ္ထုတွေလည်း ရေးခဲ့တယ်။

စပယ်ပင် ဇာတ်စခန်း၊ ဘတ်စမ်းပ ဆုံးအောင်၊ လတ်တန်း၍ ထုံးနှောင်သည်၊ ကုန်းဘောင်မြို့အကြောင်း၊ ဘတ်မိလို့ အဆုံးတိုင်လျှင်၊ မမုန်းနိုင်ရှုလိမ့်ထပ်လောင်း။ (ဦးလတ် ရေးသားတဲ့ စပယ်ပင်ဝတ္ထု အမှာ)

(၁၀)

စံပယ်သည် (နေထိုင်သည်)

စပယ်ပန်း (အရင်က သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ရေးတယ်။ စံပယ်ပန်းလို့လည်း အရင်ထုတ်သတ်ပုံစာအုပ်မှာ ရေးတယ်။)

(၁၁)

ဆရာရှင့် ဆရာအောင်လင်းရေးသောဝတ္ထုစာအုပ်တအုပ်ထဲမှာ သတ်ပုံကိုနှစ်မျိုးရေးထားတော့ ဘာကအမှန်လဲဆိုတာသိချင်လို့ပါ။ ခြောက်"ခမ်း"ညစ်နွမ်း၊ ခြောက်"ခန်း"ညစ်နွမ်းနဲ့ရေးထားလို့ပါ။

အရိုင်းစပယ် (အောင်လင်း)

စာရေးဆရာ အောင်လင်းက အဲလို ၂ မျိုးရေးတာဟုတ် မဟုတ် မပြောနိုင်။

ပုံနှိပ်တိုက်လွဲတာလာလည်း စဉ်းစားရမယ်။ တချို့စာအုပ်တွေမှာ နောက်နားကနေ အမှားပြင်ဆင်ချက် ထည့်ပေးလေ့ရှိတယ်။ 

စာရေးဆရာတဦးတည်းဖြစ်ပေမဲ့ မူရင်းစာအုပ်နဲ့ ပြန်ထုတ်စာအုပ် သတ်ပုံမတူတော့ပါ။ ပြန်ထုတ်စာအုပ် ၉၀% တို့ဟာ သတ်ပုံတွေကို မှားအောင်ပြင်ထားကြတယ်။ ဝယ်ဖတ်ကြတယ်။ ကောင်းလိုက်တာတဲ့။ မူရင်းကိုပြတော့ မူရင်က မှားသတဲ့။

ဝတ္ထုစာအုပ်တွေ၊ သတင်းစာတွေ၊ ကာတွန်းတွေ၊ ကျောက်ပြားမှာရေးထိုးထာတာတွေ၊ သီချင်းစာသားတွေ၊ ကဗျာစာအုပ်တွေမှာပါတာတိုင်းကို စံကိုက်သတ်ပုံလို့ မယူသင့်ပါ။ 

သတ်ပုံကို သိလိုရင် အဘိဓာန်နဲ့ သတ်ပုံကျမ်းကို ကြည့်ရပါတယ်။ အဘိဓာန်နဲ့ သတ်ပုံကျမ်းတွေကလည်း မနည်းမနောရှိတယ်။

ကျွန်တော်က အဆုံးအဖြတ် ပေးနိုင်သူ မဟုတ်ပါ။ ကိုယ်လက်ခံတဲ့အတိုင်းတော့ ရေးသားပါတယ်။ ကျွန်တော်ရေးသမျှ ၁၀၀% မှန်တယ်လို့ မရှိနိုင်။ 

မူကွဲတွေရှိပါကြောင်းလည်းအကြိမ်ကြိမ်အထောက်အထားတွေနဲ့ တင်ပြပါတယ်။

မေးခွန်းထဲကလိုမျိုး ဆိုင်းဘုတ်တခုတည်းမှာ သတ်ပုံ နှစ်မျိုးနဲ့ရေးတာတွေကိုလည်း ခဏခဏတွေ့ရတယ်။ ခုခေတ်ကျောင်းသုံးစာအုပ်တွေမှာ အဲလိုပုံနှိပ်ထားတာတွေ ပိုပြီးတွေ့တယ်။

အရင်ကကာတွန်းတွေကို ပြန်တင်တဲ့သူတွေက တဝမ်းပူတလုံးကို စသတ်ပြီး နေရာမဆန့်တဲ့တဝမ်းပူကိုတော့ မှားအောင်မပြင်တာမျိုးလည်း လေးငါးခါတွေ့တယ်။

စနစ်နဲ့ စည်းကမ်းနည်းနည်းလာလေလေ မြန်မာစာ ရစရာမရှိအောင် အရုပ်ဆိုးလေ။

မူရင်းစာအုပ်က အရိုင်းစပယ်။ ပြန်ထုတ်တွေက အရိုင်းစံပယ်။ စပယ်ပန်း မမွှေးတော့ပါ။

ခုခေတ်မှာ စပယ်ပင်ကို မှန်အောင်မရေးကြ။ တနန်းပျော်ကို စသတ်ထည့်ရေးနေကြတယ်။ ပျက်ရော။

ပန်ပေးပါရစေ စပယ်တကုံး ကိုမောင်မောင် (ရေး-စန္ဒယားငွေစိုး) https://www.youtube.com/watch?v=6Sb_Fhm5Uiw

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ