ဟုတ်။
တချို့က ဆေးပညာစာသာ တင်ပါတဲ့။
တချို့က နိုင်ငံရေး ရေးပါတဲ့။
တချို့က သတ်ပုံတွေ အလိုမရှိတဲ့။
တချို့က အခုကွန်မင့်လို။
နေ့စဉ် တင်ပြနေတာ ၁၅ နှစ်ရှိပါပြီ။ စာပုဒ်ရေ မနည်းတော့ပါ။
ဆေးပညာစာ ၁၅၇၄၀ ပုဒ်ကို Blog မှာ တင်ထားပါတယ်။
ဆေးပညာစာ မဟုတ်တဲ့စာ စုစုပေါင်း ၂၀၅၆၂ ပုဒ်ကို Blog မှာ တင်ထားပါတယ်။
Facebook မှာက သိလိုတာ အရှာရခက်တယ်။ ကိုယ်တင်ထားတာကိုတောင် ကိုယ်တိုင် မရှာတတ်။
နောက်တချက်
ကျွန်တော့မှာ တပည့် မရှိပါခင်ဗျား။
ယူအက်စ်အေမှာ ၆ နှစ်ကြာ မြန်မာဘာသာသပြန်ဆရာလုပ်စဉ်က student ကျောင်းသားလို့သာ ခေါ်ပါတယ်။
နောက်တချက်
ဆရာကြီး ကိုလည်း ဆရာ လို့သာ ရိုးရိုး၊ တည်တည့်၊ မှန်အောင် ပြောင်းလိုက်ပါတယ်။
မေးခွန်းတွေထဲက ကြီး စာလုံးကို ဖြုတ်ရတာလည်း အလုပ်တခု။
အသက်ငယ်ချင်လို့ ပြင်တာ မဟုတ်။
ဖေ့စ်ဘွတ်မှာ ကျွန်တော့ထက် အသက်ကြီးသူ အလွန်ရှားတယ်။
ကျွန်တော်က ဆရာဝန်။ ကျန်းမာရေးဌာနမှာ ဆေးရုံအုပ်ကြီး၊ သမားတွေနဲ့ အထူးကုဆရာဝန်တွေကိုသာ ကြီး ထည့်ခေါ်လေ့ရှိတယ်။ ကျွန်တော်က မြို့နယ်ဆရာဝန်သာ လုပ်ခဲ့ရတာ။
နောက်တချက်
ဆိုရှယ်မီဒီယာမှာ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ ဆက်သွယ်ရေးလုပ်ကြရတော့ ရိုးရိုးနဲ့ ယဉ်ယဉ်ကျေးကျေး နာမ်စားတွေကိုသာ သုံးသင်ကြပါတယ်။
ကျွန်တော်၊ ကျနော်၊ ကျွန်မ၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် စသည်။
မင်း၊ ငါ၊ အေး၊ အေးကွ၊ နော် စတာတွေကိုတော့ ရင်းနှီးသူတွေသာ မက်စင်ဂျာကနေ ရေးသင့်တယ်။ အများဖတ်လို့ရတဲ့နေရာတွေမှာ မသင့်မှန်ပါ။
မြန်မာပြည်သူပြည်သားတွေ ဘယ်မှာနေနေ တတ်သိ၊ ယဉ်ကျေး၊ တည့်မှန်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment