ပြန်စာ
ဖုန်းကနေ စာရေးဆက်သွယ်တဲ့ခေတ်မှာ ခက်တာတွေ၊ အလွဲအမှားတွေ အမျိုးမျိုးတွေ့လာရတယ်။
သတ်ပုံမှားကြတာက တမျိုး။
ယောက်ျား ကို ယောင်္ကျား လို့ရေးတာ မှားကြောင်း မနေ့က တင်ခဲ့တယ်။
တင်ထားတာကို ပြန်ဖတ်တော့ ယောက်ျား မှား ဖြစ်တနယ်။ ပြန်စစ်တော့ တကယ်အမှားလို့ထောက်ပြတာက ယောက်ျား။ အဲလိုရေးတာကို ဖန်းက အလိုလိုပြင်လိုက်တော့ ယောက်ျား - အမှား ဖြစ်နေရော။ ဒီနေ့ပြန်ပြင်ထားတယ်။ မှန် မမှန် မသိသေး။
အခုရေးတာကိုလည်း ကွန်ပြူတာက အလိုလိုပြင်သွားတယ်။ ပုံရိုက်ပြပါမယ်။
တချို့ဖုန်းတွေမှာ ကင်းစီး ခေါ် (-င်္) မပါဘူးတဲ့။
ကင်းစီးဟူသည် က၊ ခ၊ ဂ၊ ဃ၊ င ဟူသော ကဝဂ်ဗျည်း ငါးလုံးတွင် ဝဂ္ဂန္တ(ဝဂ်အဆုံး) ဖြစ်သော င-ဗျည်းနှင့် ရှေ့လေးလုံးဆင့်ရာ၌ လုံးဆင့်စည်းကမ်းအရ အထက်ကနေသော သရမဲ့ င-ဗျည်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်း င-ဗျည်း၌ သရမပါသောကြောင့် သရမဲ့ကြောင်းကို သိစေရန် င-ဗျည်းအပေါ်မှ အသတ်(တံခွန်) ထည့်ထားခြင်း ဖြစ်သည်။ ယင်းတံခွန်ကို အသတ်ဟု ခေါ်ရခြင်းမှာ မိမိအောက်၌ ရှိသော ဗျည်းမှ အ သရကို သတ်လိုက်သကဲ့သို့ ဖြစ်သောကြောင့် အသတ်ဟု ခေါ်ခြင်း ဖြစ်သည်။ ဤ၌ ဂင်္ဂါမြစ်ကို ရေးလိုလျှင် ဂင်ဂါမြစ်ဟု ရေးရမည် ဖြစ်သော်လည်း ဤသို့ရေးလျှင် ကင်းစီးစာလုံးက အထက်သို့ ထိုးထွက်နေရာ စာလုံးက ရှေ့နောက်မညီ ကြည့်၍ မလှ ဖြစ်နေပေမည်။ ထို့ကြောင့် ကြည့်၍ လှပကောင်းမွန်စေရန် င်(ငသတ်)ကို အပြည့်မရေးဘဲ -် ဤသို့ ငသတ်ကို ချုံ့၍ရေးခြင်းကို ရှေးကျောက်ရေးဆရာတို့ တီထွင်ခဲ့ခြင်း ဖြစ်ပုံရသည်။ ကင်းစီး၏ ပြယုဂ်တို့မှာ-
အင်္က (အမှတ်တံဆိပ်)
ကင်္ခါ (ယုံမှားသံသယ)
ဘင်္ဂ (ပျက်စီးခြင်း၊ ဘင်ခဏ)
သိင်္ဃာနိက (နှပ်) စသည်တို့ ဖြစ်သည်။
ကင်းစီးဆိုသည်မှာ စင်စစ်အားဖြင့် ငသတ်ပင် ဖြစ်လေသည်။
ခက်တာက ဖွင့်ဖတ်တဲ့ ကွန်ပြူတာ၊ တက်ဘလက်နဲ့ ဖုန်းတွေ မတူပါ။ တယောက်မှာ မှန်။ တယောက်မှာ မှား။
ဖုန်းကနေ အော်တိုကော်ရက် ကလည်း ဂွကျတာယ်။
ဟုတ် မဟုတ်တော့ မသိပါ။ တချို့ဖုန်းတွေမှာ ၁-၂-၃-၄ မပါဘဲ 1-2-3-4 သာ ပါသတဲ့။
ကျမကလေး 2 နှစ်ရှိပြီလို့ရေးတာကိုတွေ့တိုင်း တူးနှစ် လို့ဖတ်မိတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment