ပင်ရင်း စကားပြေလက်ရွေးစင်
(ကျောင်းသုံးစာအုပ်)
၁၉၆၇
ငါးပိလော - ပုဇွန်ငါးပိလော
ငါးပိသည် တနင်္သာရီတိုင်း တောင်ဘက်အစွန်း မြိတ်ခရိုင်မှ အကြီးအကျယ် ထွက်လေသည်။ ဒုတိယမှာ ရခိုင်ပင်လယ်ကမ်းခြေမှ ထွက်၍ တတိယမှာ ဖျာပုံဘက်မှ ထွက်သည်ဟု သိရလေသည်။ ငါးပိရာဇဝင်ကို စစ်ဆေးကြည့်ရှုလျှင် ငါးပိ အကောင်းဆုံးနှင့် အများဆုံးထွက်သည့် နေရာမှာ မြိတ်ခရိုင် ဖြစ်သည်ဟု မြန်မာပြည် အစိုးရ အခွန်အကောက်ဘက် ဌာနမှ မှတ်တမ်းတင်ခြင်း ခံရလေသည်။ အမှန်စင်စစ်လည်း မြိတ်ခရိုင်မှာ ငါးပိလုပ်ငန်း အကြီးအကျယ်ဆုံးသော နေရာဌာနတခု ဖြစ်ကြောင်း ဒေသန္တရ ဗဟုသုတ ကြွယ်ဝသူတိုင်းကပင် ပြောဆို ဝန်ခံကြပေလိမ့်မည်။
ငါးပိဟူသော စကားကို အများခေါ်၍သာ သုံးစွဲလိုက်ရသော်လည်း အမှန်စင်စစ် မြိတ်နယ်မှထွက်သော ငါးပိမှာ ငါးကိုလုပ်သည့် ငါးပိ မဟုတ်ဘဲ ပုဇွန်သေးသေး ပုဇွန်ဆိတ်ကလေးများမှ ရအပ်သော ပုဇွန်ငါးပိသာလျှင် ဖြစ်လေသည်။ မြန်မာပြည် တပြည်လုံးက ထိုငါးပိ အကုန်လုံးကို သမိုင်းကျုံးပြီး ငါးပိဟူ၍သာ ခေါ်ဝေါ် သိမှတ်ကြလေသည်။ အမှန်စင်စစ် ငါးပိမှာ မြန်မာပြည်အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် အရပ်ဒေသများ၌သာ ထွက်လေရာ ထိုငါးပိများကို အစွဲပြုပြီး မြန်မာပြည်သူပြည်သား အများကပင် ငါးပိဟူ၍ တလုံးတည်း ခေါ်ဝေါ် သုံးစွဲကြဟန် လက္ခဏာရှိလေသည်။ ငါးပိကို မြိတ်တခရိုင်လုံးက.
၃၆
ခေါ်ဝေါ် သုံးစွဲကြသည့် စကားမှာ “ငါး” ဟူသော စကားတလုံးတည်းသာ ဖြစ်လေ၏။
ငပိ ဖြစ်ခဲ့ရပုံ
ထို “ငါး” ဟုခေါ်သော ပုဇွန်ငါးပိမှာ ပင်လယ်ထဲမှ ပုဇွန်ဆိတ်သေးသေးကလေး များကို ဖမ်းယူပြီးလျှင် စုပေါင်း ထောင်းလိုက်ရာမှ ရလာခြင်း ဖြစ်လေသည်။ ထိုပုဇွန်ဆိတ်ကလေးများကို မြိတ်ဆိုင်က “ငါး” ဟူ၍ ခေါ်ဆိုကြသည်။ ငါးခေါ် ပုဇွန်ဆိတ်တကောင်၏ အရွယ်ပမာဏမှာ ကိုယ်လုံးကား နှမ်းစေ့လောက် ရှိပြီး ကြီးလျှင် မီးခြစ်ဆန့်အလုံးလောက် ရှိလေသည်။ အရှည်ကား တလက်မ၏ ၄ ပုံ ၁ ပုံလောက်ရှိ၍ ကြီးလျှင် ၄ ပုံ ၂ ပုံခန့် ရှိလေသည်။ ဤသတ္တဝါကလေးများသည် ပင်လယ်ကမ်းခြေ အနှံ့အပြား၌ ရာထောင်ပေါင်း များစွာ စုရုန့်နေဆန် သွားလာ ကူးလူးလျက် ရှိကြလေသည်။ ထိုသတ္တဝါကလေးများသည် ပင်လယ်ရေညှိနှင့် ရေမြှုပ်တို့မှ အလိုအလျောက် ဖြစ်ပေါ် လာအပ်သည့် သန္ဓေကောင်ကလေးများ ဖြစ်လေသည်။ ကိုယ်ခန္ဓာမှာ သေးငယ်သလောက် အလွန်ပင် နူးညံ့လှ၍ တကောင်တလေ ယူပြီး လက်မနှင့် လက်ညှိုးအကြားတွင်ထားပြီး နှိပ်လိုက်လျှင် ချက်ခြင်း ကြေမွ ပျော့အိသွား၍ ကော်စေးကဲ့သို့ ဖြစ်သွားလေသည်။
ဆိုခဲ့ပြီးသော “ငါး” ကောင်ကလေးများကို တံငါသည်တို့သည် “ဂူ” ဟု ခေါ်သည့် အကွက်သေးငယ်လွန်းလှသော ပိုက်စိတ်ကလေးများဖြင့် ကမ်းနားတွင် လျှောက်ပြီး လိုက်လံ ထိုးယူ ဖမ်းဆီးကြလေသည်။ အချို့ကား ထိုကဲ့သို့ ကမ်းနား လျှောက်၍ မထိုးကြချေ။ လှေတစင်းကို ရှာပြီး ပိုက်စိတ် ၂ ခုကို အထောင်
၃၇
သဖွယ် တပ်ဆင်ကြ၍ ရေကြောင်းများသို့ သွားရောက်ပြီး ပင်လယ်ဒီအတက်အကျ ခံယူကြလေသည်။
ထိုကဲ့သို့ အထောင် ၂ ဖက်ကို ရေထဲချပြီး ခံယူသောလှေကို “ဂွေးခံလှေ” ဟု ခေါ်ဆိုကြလေသည်။ ၎င်းပြင် “ဂွေးစနွား” ဟုခေါ်သည့် ဂွေးကို ဖမ်းယူသော ပင်လယ်ထောင်ချောက်များလည်း ရှိသေးသည်။ ထို “ဂွေးစနွား” ကား “ငါးစနွား” များဖြင့် မခြားနားလှချေ။ ငါးစနွားများ၌ ခြောက်လန့်သောလက် ၂ ဖက်ရှိသလို ဂွေးစနွား၌လည်း လက် ၂ ဖက် ရှိလေသည်။ ထိုလက်မှာ ပင်လယ်ထဲရှိ သစ်ပင်များကို အကျဉ်းပြီး အများသို့ ကားကျယ်စွာ ထိုးထုတ်သွားသော သစ်ငယ် ၂ ခုပင် “လက်” ဟု ခေါ်ဆိုကြလေသည်။ “ဂွေးစနွား” ကိုကြည့်လျှင် မိကျောင်းပါးစပ်နှင့်တူပြီး “ဂွေးခံလှေ” ကိုကြည့်လျှင် ရေယာဉ်ပျံနှင့် တူလေသည်။ ထို “ဂွေး” ကို လူသတ္တဝါများသာ မဟုတ်၊ ငါးကြီး၊ ငါးမန်းကြီးများကလည်း လိုက်လံ ဖမ်းဆီး စားသောက်ကြလေသည်။ ရံဖန်ရံခါ ငါးမန်းကြီးများနှင့်သော်၎င်း၊ မိကျောင်းကြီး များနှင့်သော်၎င်း၊ ဂွေးသိုးသည့် တံငါသည်များနှင့် တွေ့ရှိကြရပြီး တဦးကိုတဦး မမြင်ကြဘဲ အစာကို မက်မောပြီး လူကြုံရာမှ မကြာခဏ တံငါသည်များ သေဆုံးကြရလေသည်။
ဂွေးများသည် အလွန်ပင် သေးငယ် နူးညံ့လွန်းလှရာ နေပူ ပြင်းထန်လျှင် အရည်ပျော်ပြီး သေကြေပျက်စီးကြရလေသည်။ ထို့ကြောင့် နေပူပြင်းထန်လွန်းလှသော တပေါင်း တန်ခူး ရာသီများတွင် ဂွေးများ ရှားပါးပြီး ဆောင်းရာသီတွင် အပေါများဆုံး ဖြစ်လေသည်။ ဂွေးများ၌ “လင်းဒတ်” နှင့် “ဂွေးနီ” ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားရာ “လင်းဒတ်” ဂွေးမှာ အသားပေါပြီး ငါး ဖြစ်လာကလည်း နူးညံ့ပျော့ပျောင်း အဖိုးတန်လှပေသည်။
၃၈
ထိုဂွေးများကို တံငါသည် ယောကျ်ားများက ဖမ်းဆီး၍ နေအိမ်သို့ ယူဆောင်ခဲ့လျှင် တံငါသည် မိန်းမများက ငါးဖြစ်အောင် ဖန်တီးကြလေသည်။ အိမ်ရှင်မ တံငါသည်မများသည် လင်ယောကျ်ား ရှာဖွေယူခဲ့သော ဂွေးကောင် ကလေးများကို ဆားများဖြင့်နယ်ပြီး ငါးဘောင် ဗျာကြမ်းပေါ်တင်၍ နေလှန်းကြလေသည်။ နံနက်လှန်းသော ဂွေးကို ၁၁ နာရီ၌ ဆားဖြူးပြီးလျှင် ဆုံနှင့်ထောင်းကာ ဒုတိယအကြိမ် ဆားဖြူး၍ လှန်းပြန်လေသည်။ ၂ ရက်လှန်း၍ ၄ ကြိမ်မြောက် ထောင်းပြီးနောက် ဂွေးကလေးများမှာ ကြေမွ၍ ငါးဘဝသို့ ကူးကြရလေသည်။ နေ ၄ ရက် လှန်းပြီး ၈ ကြိမ်မြောက်ထောင်းသော ငါးသည် မြိတ်သုံး အကောင်းဆုံး ငါး ဖြစ်လေသည်။
အများဆုံးငါးကို နေ ၂ ရက်လှန်း၍ ၄ ကြိမ် ထောင်းကာ မြိတ်သုံးငါးချောကို နေ ၄ ရက်လှန်းပြီး ၈ ကြိမ် ထောင်းလေသည်။
ကျွန်း ၉၀၀ ကျော်မှ ငါးပေါင်းများစွာ
မြိတ်ခရိုင်၌ ကျွန်းပေါင်း ၈၀၀ ကျော် ရှိကြောင်း မြေပုံအရ သိရှိရလေသည်။ ထိုကျွန်း ၈၀၀ ကျော်သည် မြိတ်မြို့၏ အနောက်ဖက် ပင်လယ်ပြင်ကို ဆေးရောင်အမျိုးမျိုးဖြင့် လှပအောင် တန်ဆာဆင်၍ နေကြလေသည်။ ထိုကျွန်းများ၏ ပင်လယ်ကမ်းခြေများ၌မူကား တံငါရွာများသာလျှင်တည်း။ ထိုတံငါရွာများမှာ ကျွန်းပေါင်း ၈၀၀ ကျော်နှင့် ရွာပေါင်းလည်း အလားတူ ရှိလေသည်။ ထိုရွာပေါင်းများစွာတို့သည် မြန်မာတပြည်လုံး စားသုံး၍ နေကြကုန်သော ငါးပေါင်းများစွာတို့ ထွက်ပေါ်ရာ ဒေသများ ဖြစ်လေသည်။
၃၉
ငပိလောက
ထိုထွက်လေသမျှသော ငါးပေါင်းများစွာတို့ကို မြိတ်ကုန်သည် အလတ်စားတို့သည် တရပ်ကပ်ခေါ် ကတ္တုလှေကြီးများဖြင့် တရွာမှ တရွာ၊ တကျွန်းမှ တကျွန်းသို့ လှည့်လည်ပြီး ငါးဝယ် ထွက်ကြလေသည်။ ငါးဝယ်ထွက်ကြသော ကတ္တု လှေကြီးများကို “ငါးတော လှေကြီးများ” ဟု ခေါ်ဆိုကြသည်။ ထို ငါးတော လှေများ သည် တနွေလုံး တမိုးလုံး ပင်လယ်ပြင် အနှံ့အပြားသို့ လှည့်လည်ကြပြီး တလတကြိမ်ခန့်သည် မြိတ်မြို့သို့ တက်ရောက်ကာ ငါးကုန်သည်ကြီးများဖြစ်ကြသော ငါးဒိုင်ဒေါ်ရှင်ကြီးများက တန်ဖုန် ရန်ကုန်မြို့ အနောက်ပိုင်းရှိ ပွဲစားများသို့ မိမိတို့ဆိုင်ရာ သင်္ဘောများဖြင့် တင်ယူပြီး တဆင့်မှတဆင့် ရောင်းချ အခြေပြုကြလေသည်။ နောက်ဆုံး ငါးများသည် ကုန်သည်ပွဲစား အသီးသီးလက်သို့ ရောက်ပြီးနောက် အမျိုးမျိုး ခြယ်လှယ်ကြပြန်ကာ မြန်မာပြည် အရပ်ရပ်သို့ ရောက်လေတော့သည်။
ငွေတုံးငွေခဲများ
မြိတ်မြို့၌ ငါးဒိုင်ဒေါ်ရှင်ကြီး ၁၂ လုံး ရှိလေသည်။ ၄ လုံးမှာ အလွန်ကြီးပြီး ကျန် ၈ လုံးမှာ အလတ်စားများ ဖြစ်ကြသည်။ ထိုငါးဒိုင်ဒေါ်ရှင်ကြီးများကို တရပ်လူမျိုးများနှင့် တရပ်ကပြားများက ပိုင်ဆိုင်ကြလေသည်။ ဂိုထောင်ကြီး ၄ လုံးအနက် တလုံးလျှင် ငါး ၂ သိန်းကျော် တင်နိုင်သည်။ ကျန် ဂိုထောင်များမှာ ၁ သိန်းမှ ၈ သောင်းအထိ တင်နိုင်သည်။ ဤဂိုထောင်များမှ တလလျှင် ပျမ်းမျှခြင်း ရန်ကုန်မြို့သို့ ငါးချိန်ပေါင်း (တသန်း-နှစ်သန်း-လေးသောင်း) ကျော် တင်ပို့ရလေသည်။ ထိုငါးချိန်များ၏ တန်ဖိုးငွေမှာ မြိတ်မြို့၌ ယခုပေါက်သော ငါးဈေးအရ ပျမ်းမျှခြင်း ၁,၅၅၀,၀၀၀ (တသန်း-ငါးသိန်း-ငါးသောင်း) ကျော် တန်ဖိုး ရှိလေသည်။ ဤဈေးမှာ
၄၀
အနည်းဆုံးဈေးဖြစ်၍ ထိုထက်သာ ပိုလေမည်။ တနည်းအားဖြင့် ဤငါးချိန် တသန်း နှစ်သိန်းကျော်ကို မြန်မာပြည်သူ ပြည်သားများ လစဉ်တိုင်း စားကြလေသည်။ ၎င်းပြင် ငါးမှထွက်အုပ်သော အရည်များလည်း ရှိသေးသည်။ ထိုအရည်ကို မြိတ်အခေါ် “ငါးရည်” ဟု ခေါ်၍ တလလျှင် ရန်ကုန်မြို့သို့ ငါးရည် ဂါလံပေါင်း ပျမ်းမျှခြင်း ၁၁၀,၄၀၀ (တသိန်း-တသောင်း-လေးရာ) ကျော် တင်ပို့ရလေသည်။ ပျမ်းမျှခြင်း ယခု ပေါက်ဈေးအရ တန်ဖိုးငွေမှာ ၃၃၁,၂၀၆ (သုံးသိန်း-သုံးသောင်း-တထောင် နှစ်ရာ) ကျော် ဖြစ်လေသည်။ သင်္ဘောထဲသော်၎င်း၊ ရန်ကုန်မြို့ရှိ ဂိုထောင်များထဲမှသော်၎င်း၊ ငါးခြင်းများ တခြင်းနှင့်တခြင်း ထပ်ရာမှ ကျလာအပ်သော ငါးရည် ဂါလံပေါင်းများစွာ ရရန် ရှိပေသေးရာ တလလျှင် မြန်မာ ပြည်သူပြည်သားများ ငါးရည် ဂါလံပေါင်း နှစ်သိန်းကျော်ကို လစဉ်တိုင်း စားသုံးပစ်ကြသည်ဟု ဆိုနိုင်လေသည်။
မြိတ်မြို့၌ ယခု ငါးပေါက်ဈေးမှာ ခေတ်ကာလ အခြေအနေ မကောင်းလှ၍ ကီလို ၁၂၅ အထိသာ ရှိလေသည်။ မြိတ်သုံး ငါးအကောင်းစားမှာ အချိန် ၁၀၀ လျှင် ၂၅ိ မှ ၃၀ိ ဈေးအထိ အရောင်းအဝယ် သက်နေကြလေသည်။
မြိတ်မြို့၌ ငါးဂိုထောင်ရှင်ကြီးများ၏ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။ ငါးကုန်သည်ကလေးများ၏ ငါးများကို မိမိတို့၏ ဂိုထောင်၌ အချိန်တထောင်လျှင် ဂိုထောင်ခ ၅ ကျပ်နှင့် လက်ခံ၍ အတောင်ခိုင်းထားပြီး ယိုကျလာသည့် ငါးရည်များကို ယူလေသည်။ ၎င်းနောက် အချိန်အခါလိုက်၍ ငါးဈေးများကို အမျိုးမျိုး ခြယ်လှယ်ဖန်တီးပြီး မိမိတို့၏ ဂိုထောင်များ ထဲရှိ ငါးများကို ဈေးကစား၍ ငယ်ယူလိုက်ကြလေသည်။ ငွေအရင်းနည်းသော ငါးကုန်သည် ကလေးများမှာ အခါများစွာပင်
၄၁
ငွေအရင်းကြီးသော ငါး ဂိုထောင်ရှင်ကြီးများ၏ ခြယ်လှယ်မှုကို ခံကြရလေသည်။
ငါးဂိုထောင်ရှင်ကြီးများသည် ပင်လယ်ပြင် အနှံ့အပြားသို့ ထွက်သော ငါးတောလှေများနှင့် ပင်လယ်ကျွန်းနေ ငါးကုန်သည် အချို့အား ငွေ အရင်းအနှီးများနှင့် စားရိက္ခာများ ထုတ်ပေးပြီး ငါးများကို လုပ်ခိုင်း ရှာခိုင်းကြ လေသည်။ ငါးများ ရလာလျှင် ချေးငွေပေါ်မှ ငွေတိုးကိုသော်၎င်း၊ ထုတ်ပေးသည့်ကုန်အပေါ်မှ အမြတ်အစွန်းများကိုသော်၎င်း ပေါင်းစုပြီး ငါးဈေးနှင့်တကွ အချိန်ကိုပါ ခြယ်လှယ်ကာ အမြတ်ကြီးများ စားကြရလေသည်။
ငါးကို ဖြစ်အောင်လုပ်သော တံငါသည် ဆင်းရဲသားများသည်ကား “ပင်လယ်ကျွဲ” များဟု ခေါ်ရလောက်အောင် ဆင်းရဲကြရပြီး ပညာလည်း အလွန်မဲ့ကာ ပင်လယ်ပြင်မှမွေး၍ ပင်လယ်ပြင်၌သာလျှင် ကူးခပ် ရှာဖွေ စားသောက်ရင်းပင် ၎င်းတို့၏ ဘဝမှာ အဆုံးသတ်ရပေသတည်း။ (ရွှေမြိတ်မောင်)
မှတ်ရန်
စာအုပ်က ၁၀ တန်းအတွက် ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်ဆိုရင် ကျွန်တော်တို့ ဆေးကျောင်းရောက်ပြီ။ တတိုင်းတပြည်လုံး ကျောင်းတွေမှာ မြန်မာစာကို သတ်ပုံမှန်နဲ့သာ သင်ကြားပေးပါတယ်။
ဒေါက်တာတင့်ဆွေ





Comments
Post a Comment