“ဖေဖေ” ဟု ခေါ်သံကြားသဖြင့် စာဖတ်နေရာက ကျွန်တော်သည် သားကို မော့ကြည့်လိုက်ပါသည်။“ဆရာမက စာမေးပွဲမှာ သဒ္ဒါမေးအုံးမလားလို့ အမေးခိုင်းလိုက်လို့ ဖေဖေ့ကို မေးတာပါ”ဟု သားကပြောသည်။
ကျွန်တော်သည် မျက်မှန်ကိုချွတ်၍ မျက်မှန်အိမ်တွင်း သွင်းလိုက်ပါသည်။ ဖတ်နေသောစာအုပ်ကိုလည်း ကုလားထိုင်နံဘေးရှိ စာပွဲပေါ်တွင် ထားလိုက်ပါသည်။
သားလည်း ကုလားထိုင်တလုံးပေါ်တွင် ကြုံ့ကြုံကလေး ထိုင်၍ ကျွန်တော့်အဖြေကို နားစွင့်နေပါသည်။
“သဒ္ဒါကို မေးမှာပေါ့သားရယ်။ သင်ရိုးမာတိကာမှာ သဒ္ဒါ သင်ရမယ်လို့ အပါသားဘဲ”ဟု ကျွန်တော်က ဖြေပါသည်။
“သဒ္ဒါသင်ရမယ်ဆိုရင် ဘယ်စာအုပ်ကိုသင်ရမလဲလို့ မေး လိုက်ပါတယ်ဖေဖေ”ဟု သားက ထပ်ပြောပြန်သည်။
“ပြဋ္ဌာန်း ချက်ထဲမှာတော့ ဘယ်စာအုပ်ကို သင်ရမယ်လို့ မညွှန်းဘူးပေါ့ သားရှယ်။ သဒ္ဒါစည်းကမ်းတွေကို သတိထားမိအောင် သင်ပေး ရမှာပေါ့ဟု” ကျွန်တော်က ဖြေပါသည်။
သားလည်း သူမေးစရာကုန်၍၊ အမေးများ၏အဖြေကိုလည်း ကြားရပြီး၍ ကျွန်တော့်ကို ဆက်လက်မနှောက်ယှက်လိုသည့် သဘောဖြင့် ထမည်ဟန်ပြင်ပါသည်။ သို့ရာတွင် သူ့အမေး များ၌ စိတ်ဝင်စားသောကြောင့် သားအား
"ထိုင်အုံးကွာ၊ စကား ပြောရအောင်”ဟု ကျွန်တော် သူ့ကို တားပါသည်။ သူလည်း ထမည်ဟန်ပြင်နေရာက ပြန်ထိုင်ပြီးလျှင် ကျွန်တော့ကို ကြည့်ပါသည်။“သား အလယ်တန်းတုန်းက သဒ္ဒါသင်ဘူးသလား” သူ့ကို မေးပါသည်။
“သင်ဘူးပါတယ် ဖေဖေ”ဟု ဖြေပါသည် ““ဒါဖြင့် သားမှတ်မိသလောက် ပြောစမ်းကွာ”ဟု ဆက်မေးသည်။
“ဝါကျတွေ၊နာမ်တွေ၊ နာမ်စားတွေ၊ ကြိယာနောက်ဆက်တွေ၊ ကြိယာနာမ် ထပ်ဆင့်စကားတွေ သင်ခဲ့ရပါတယ်ဖေဖေ” ဟု ကရားရေသွန် ပြောပါသည်။
“သားက မှတ်မိသားဘဲကွ၊ အဲဒါတွေဟာ စာရေးတဲ့အခါ ဘယ်လိုအသုံးကျသလဲ” ဟု မေးလိုက်ပြန်ပါသည်။ သားက ရိုးသားစွာပင် “မသိဘူးဖေဖေ” ဟု ဖြေပါသည်။
သူ့အဖြေကို သဘောကျ၍ ကျွန်တော်ပြုံးမိပါသည်။
ကျွန်တော့်သားနှင့် အလားတူ အခြားကျောင်းသားများလည်း သူ့လိုပင် ဖြေနိုင်ကောင်းမှ ဖြေနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် ကျွန်တော်ကသူ့ကို“စာရေးတတ်သလား”ဟု မေးမြန်းပါသည် “ရေးတတ်ပါတယ်”ဟု ဖြေပါသည်။
“ဒါဖြင့် သားထိုင်နေတာကို စာနဲ့ ဘယ်လိုရေးမလဲ”ဟု မေးပါသည်။
“ကျွန်တော်ထိုင်နေသည်” လို့ ရေးမယ်ဖေဖေ”ဟု ဖြေသည်။
"ဟုတ်ပြီ။ သား ထိုင်နေရင်း စာဖတ်နေတယ်ဆိုရင် ဘယ်လိုရေးမလဲ" “ဟု ဆက်မေးလိုက်ပါသည်။
သူ တခဏမျှ စဉ်းစားနေပါသည်။ တခဏပြီးနောက်
"ထိုင်၍စာဖတ်သည်” ဟု ဖြေပါသည်။
“သားအဖြေကမှားနေပြီကွ။ တပြိုင်နက်ပြုလုပ်နေတာဘဲဟာ” ဟု ကျွန်တော်က ထောက်လိုက်ပါသည်။
“သိပြီဖေဖေ။ ကျွန်တော် မှားသွား ပါတယ်။ “ကျွန်တော် ထိုင်လျက် စာဖတ်နေသည်”လို့ ရေးမယ်ဖေဖေ”ဟု ပြင်ပါသည်။ ကျွန်တော်လည်း သူ့အဖြေကို သဘောကျပါသည်။
“အဲဒါ သဒ္ဒါစည်းကမ်းပေါ့ သားရယ်။ ဒါမျိုးတွေက မှားတတ် တယ်။ ဒီလိုစည်းကမ်းမျိုးတွေကို ဂရုစိုက်ရတယ်” ဟု သတိပေးပါသည်။ သားက“ဟုတ်ကဲ့ ဖေဖေ”ဟု အာမခံပါသည်။
“သားကို နောက် တခု နှစ်ခုလောက် မေးချင်သေးတယ်ကွာ။ ဖြေစမ်းပါအုံး။ သားက စာအုပ်လဲ လိုချင်တယ်၊ ဖောင်တိန်လဲ လိုချင်တယ် ဆိုကြပါစို့။ စာနဲ့ ဘယ်လိုရေးမလဲ”ဟု မေးလိုက် ပါသည်။
သားလည်း စဉ်းစားနေပါသည်။ ကျွန်တော်က အလိုက်သိစွာပင်
“သားက လည်းကောင်း သုံးရမလား၊ သော်လည်းကောင်း သုံးရမလား စဉ်းစားနေတယ်မဟုတ်လား” ဟု မေးပါသည်။
သားလည်း ပြုံးတုံးတုံးနှင့် ခေါင်းညိတ်ပါသည်။
“အဲဒီ အသုံးက ရေးဖတ်ရာမှာ လွှဲတတ်တဲ့အသုံးကိုးကွ။ သား စဉ်းစားမယ်ဆိုရင်တော့ စဉ်းစားထိုက်ပါတယ်။ ကဲ ဖေဖေပြောပြမယ်။ နားထောင်။
စာအုပ်လဲလိုချင်တယ်။ ဖောင်တိန်လဲလိုချင်တယ်လို့ ပြောတာကို စာနဲ့ရေးရင် “စာအုပ်လည်း လိုချင်သည်။ ဖောင်တိန် လည်း လိုချင်သည်” လို့ စာလုံးပြောင်းလိုက်ရုံပေါ့ သားရယ်၊ လဲ’နေရာမှာ ‘လည်း’ကို သုံးလိုက်ပေါ့။
ဒါပေမဲ့ သား ဂရုစိုက်ကြည့်ရင် မြင်နိုင်တာက “လိုချင်သည်” ဆိုတဲ့စကားကို နှစ်ခါထပ်သုံးတာ မြင်နိုင်တယ်။
တကယ်လို့ ‘လိုချင်သည်”ဆိုတဲ့ စကားကို တခါထဲသုံးချင်ရင် “စာအုပ်ကိုလည်းကောင်း၊ ဖောင်တိန်ကို လည်းကောင်း လိုချင် သည်”လို့ ‘လည်းကောင်း” နှစ်ခါထပ်ပြီးတော့ “လိုချင်သည်” ကို တခါထဲ သုံးနိုင်တာပေါ့ကွယ်။ မှတ်စရာကတော့ နှစ်ခုစလုံးကို လိုချင်တယ်ဆိုရင် “လည်း” ဖြစ်ဖြစ်၊“လည်းကောင်း’ဖြစ်ဖြစ် သုံးတယ်ဆိုတဲ့ စည်းကမ်းပေါ့ ကွယ်။
ဒါပေမဲ့ နှစ်ခုအနက် တခုခုကိုသာ လိုချင်တယ်ဆိုရင်တော့ “စာအုပ်ကိုသော်လည်းကောင်း၊ ဖောင်တိန်ကိုသော်လည်း ကောင်း လိုချင်သည်”လို့ သုံးရတယ်ကွဲ့ ။ ဒီလိုမှ မသုံးချင်ရင် “စာအုပ်ဖြစ်စေ၊ဖောင်တိန်ဖြစ်စေ လိုချင်သည်”လို့ သုံးနိုင်တယ်။ နောက်တမျိုးက“စာအုပ်သို့မဟုတ် ဖောင်တိန် လိုချင်သည်' လို့ သုံးမယ်ဆိုရင်လဲ သုံးနိုင်တယ်ကွဲ့ ။ ဒီတော့ နှစ်ခု အနက် တခုကိုသာ လိုချင်တယ်ဆိုရင် ‘သော်လည်းကောင်း” သုံးသုံး၊ “ဖြစ်စေ”သုံးသုံး၊ 'သို့မဟုတ်’သုံးသုံး ကြိုက်ရာသုံးနိုင်တယ် ဆိုတဲ့ သဘောပေါ့ကွယ်။
တခုတော့ သတိထားရမယ်ကွဲ့။ “စာအုပ်ကိုသော်လည်းကောင်း၊ သို့မဟုတ် ဖောင်တိန်ကို သော်လည်းကောင်း လိုချင်
တယ်”လို့ မသုံးသင့်ဘူးကွဲ့။
တမျိုးဆိုတမျိုးထဲ သန့်သန့်သုံးသင့်တယ်ဆိုတဲ့ စည်းကမ်းပေါ့ကွယ်။ ဒါတွေက အသုံးအနှုန်းကွဲ့ ။
နောက်ဆုံး ဖေဖေပြောချင်တာက ကတ္တားမြှုပ်ပြီးရေးတဲ ရေးပုံ မျိုးကို ပြောချင်တယ်။ ဆိုကြပါစို့ကွာ။
“ကျွန်တော် ကျောင်းသို့သွားသည်။ သူငယ်ချင်းနှင့်တွေ့ သည်။ စာအုပ်ပြန်ပေးသည်” လို့ ရေးမယ်ဆိုကြပါစို့။
ကျောင်းသို့သွားတာနဲ့ သူငယ်ချင်းနဲ့ တွေတယ် ဆိုတာက ရှင်းတယ်ကွဲ့ ။ “ကျွန်တော် ကျောင်းသို့ သွားသည်။ ကျွန်တော် သူငယ်ချင်းနှင့် တွေသည်'လို့ မသုံးချင်လို ပထမ ဝါကျမှာ “ကျွန်တော်”လို့ ဖော်ပြပြီး၊ ဒုတိယဝါကျမှာ “ကျွန်တော်”ကို မြုပ်လိုက်တာပေါ့။ မြှုပ်ပေမဲ့ အဓိပ္ပာယ်ပေါ်တယ်။ ဒါပေမဲ့ တတိယ ဝါကျမှာ စာအုပ် ပြန်ပေးသည်” လို့ သုံးတော့ သားက စာအုပ်ပြန်ပေးတာလား၊ သူငယ်ချင်းက စာအုပ် ပြန်ပေးတာလားဆိုတာ မရှင်းဘူးကွဲ့။ စာရေးတယ်ဆိုတာ ဖတ်တဲ့လူက ရှင်းရှင်းလင်းလင်း နားလည်အောင် ရေးရတာကွဲ့ ။ ဒီတော့ သားက ဘာဆိုချင်သလဲ။ သားက သူငယ်ချင်းကို စာအုပ်ပေးတယ်လို့ ဆိုချင်ရင် “ကျွန်တော်သည် စာအုပ်ကို သူငယ်ချင်းအား ပြန်ပေးလိုက်သည်”လို့သုံး။ သူငယ်ချင်းက သားကို စာအုပ်ပြန်ပေးတယ်လို့ ပြောချင်ရင်
“သူငယ်ချင်းသည် စာအုပ်ကို ကျွန်တော့အား ပြန်ပေးသည်”လို့ သုံး။ဒါမှ အရေး ရှင်းတယ်ကွဲ့ ။
သားတို့ရဲ့ သင်ရိုးမာတိကာ ရည်ရွယ်ချက်မှာလဲ သားတို့လို့ ကျောင်းသားတွေကို မြန်မာစာ အရေးအသားနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း၊ မှန်မှန်ကန်ကန်၊ တိတိကျကျ ရေးစေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်ကွဲ့ ။ ဒီတော့ သားရဲ ဆရာမကို ပြောလိုက်ကွာ။
“သဒ္ဒါကို စာမေးပွဲမှာမေးမယ်။ သဒ္ဒါစည်းကမ်းတွေကို သင်ပေးထားပါ။ သဒ္ဒါအသုံးအနှုန်းတွေ တတ်ပါစေ။ အမှားအမှန် ပြင်တတ်ပါစေ” လို့ပေါ့ကွယ်။
တကယ်လို့ သားရဲ့ဆရာမက “စာအုပ်ကို ကိုင်သင်မှ သင်တတ်တယ်”ဆိုရင်လဲ ဆရာကြီးဦးဖေမောင်တင်ရဲ့ "မြန်မာသဒ္ဒါနဲ့ အသုံးအနှုန်း"စာအုပ်ကို မှီငြမ်းပြုချင်ပြုပေါ့လို့ ပြောလိုက်ပါကွယ်”ဟု သားကို မှာလိုက်ပါသည်။
သားလည်း“ဟုတ်ကဲ့”ဟုပြောပြီးလျှင် သူ့စာကြည့်စာပွဲသို့ ထသွားပါသည်။ ကျွန်တော်လည်း မျက်မှန်အိမ်ကိုယူ၍ မျက်မှန်ကို ထုတ်ယူပြီးလျှင် မျက်မှန်တပ်ကာ နံဘေးရှိ စာပွဲပေါ်က စာအုပ်ကိုယူပြီးလျှင် စာကို ဆက်ဖတ်ပါသည်။
၃ ၊ ၁၂ ၊ ၁၉၆၀
မူရင်းသတ်ပုံမပျက် တင်ပေးထားသူ ကျေးဇူး။
https://drive.google.com/.../1rqU0M9GSXpgTS2KrXcE.../view...
(တက္ကသိုလ် မောင်မောင်ကြီး) #ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment