“စာရေးတတ်အောင် ဘာတွေ လေ့လာရမလဲ”
စာဖတ်ပါသနာပါတဲ့ လူငယ်လေးတွေ အမြဲမေးလေ့ရှိတဲ့ မေးခွန်းဖြစ်တယ်။ နယ်က လူငယ် လုံမလေးတွေက စာရေးပြီး မေးတတ်သလို၊ ရန်ကုန်က လူငယ်လေးတွေ ရောက်လာတိုင်းလည်း ဒီမေးခွန်းပဲ မေးတတ်ကြတယ်။ စာသင်တဲ့အလုပ် လုပ်နေတုန်းကလည်း သင်တန်းသူ သင်တန်းသားတွေက မကြာခဏ မေးတတ်ကြပါတယ်။
“ဗဟုသုတရှိအောင် ခရီးတွေထွက်၊ လူတွေနဲ့ တွေ့တာ လုပ်တာပဲ။ ဒါပေမဲ့လို့ ဘာက,စပြီး ဘယ်လိုရေးရမှန်းကို မသိဘူး”
ဒီလို ညည်းညူသံတွေလည်း မစဲရအောင် ကြားနေရတာပါပဲ။ နောင်လည်း ကြားနေရဦးမှာပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စာရေးတတ်ချင်လိုက်တာလို့ ပါးစပ်က တဖွဖွပြောနေတတ် သူတွေရဲ့ (၉၉) ရာနှုန်းလောက်ဟာ ဘယ်တော့မှ စာရေးဖြစ်လာမှာ မဟုတ်လို့ပါပဲ။
တကယ် စာရေးချင်တဲ့သူက စာရေးနည်းတွေနောက် လိုက်ပြီး အချိန်ကုန် ခံ မနေပါဘူး။ ရင်ထဲရှိတာကို ချရေးလိုက်မှာပါပဲ။ ဗဟုသုတတွေနောက် လိုက်ပြီး တကယ်ချမရေးရင် ဘယ်လိုလုပ် စာရေးဖြစ်မှာလဲ။ ပြီးတော့ ဗဟုသုတဆိုတာက အထောက်အကူပြုတဲ့ အရာသာ ဖြစ်တယ်။ စာရေးဖို့အတွက် မရှိမဖြစ် လိုအပ်ချက် မဟုတ်ပါဘူး။
ဗဟုသုတ ကြွယ်ဝတိုင်းသာ စာရေးဆရာဖြစ်တမ်း ဆိုရင် သင်္ဘောသားတွေ အကုန်လုံး စာရေးဆရာချည်း ဖြစ်ကုန်မှာပေါ့။ လူတွေနဲ့ ထိတွေ့တိုင်း လူတွေကြား နေရတိုင်း စာရေးဆရာဖြစ်မယ် ဆိုရင်လည်း ဘတ်စ်ကားစပယ်ယာ တွေအားလုံး စာရေးဆရာ ဖြစ်ကုန်မှာပဲပေါ့။
လူတွေနဲ့ ထိတွေ့ခြင်း ဆိုတာလည်း အထောက်အကူပြုတဲ့ အရာသာ ဖြစ်တယ်။ မရှိမဖြစ် လိုအပ်ချက် မဟုတ်ပါဘူး။
“မရှိမဖြစ် လိုအပ်ချက်က ဘာလဲ”
ဒီမေးခွန်းကို ကိုယ့်ဟာကိုယ် စဉ်းစားပြီး ဖြေကြည့်ပါ။ ပထမအဆင့် အနေနဲ့ ဘာကြောင့် စာရေးချင်တာလဲလို့ ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ အလုပ်မရှိလို့ အပျင်းပြေအောင် ရေးချင်တာလား။ နာမည်ကြီးချင်လို့လား။ ပိုက်ဆံလိုချင်လို့လား။
ဒီသုံးချက်အတွက်နဲ့ စာရေးချင်သူဟာ စာရေးဖြစ်ခဲပါတယ်။ ရေးဖြစ်ရင်တောင် စာရေးဆရာတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ စာရေးဆရာလို့ စာဖတ် ပရိသတ်က အသိအမှတ်ပြုတာ ခံရတဲ့အထိ “ဇွဲနဘဲ” နဲ့ ရေးနေမှာ မဟုတ်ပါဘူး။
ဒုတိယ တဆင့်တက်ပြီး ဆန်းစစ်သင့်တာက စာရေးပြီး ဘာပြောမှာလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ စာရေးတာပဲ ဖြစ်ဖြစ်၊ စကားပြောတာပဲ ဖြစ်ဖြစ်၊ သီချင်းဆိုတာပဲ ဖြစ်ဖြစ်၊ အခြေခံသဘောက လူတဖက်သားကို တခုခု ပြောချင်လို့၊ ပေးချင်လို့ဆိုတဲ့ အချက်ဖြစ်တယ်။ ဝတ္ထုတို့၊ ကဗျာတို့၊ အက်ဆေးတို့၊ သီချင်းတို့၊ ဂီတတို့၊ အကတို့ ဆိုတာတွေက ကိုယ်ပြောချင်၊ ပေးချင်တဲ့ အရာကို သယ်ဆောင်ပို့ပေးတဲ့ ယာဉ်သာလျှင် ဖြစ်တယ်။
ဘာပြောမှာလဲ၊ ဘာပေးမှာလဲလို့ ကိုယ်တိုင် ရှင်းလင်းပြတ်သားစွာ သိတဲ့ လူဟာ စာရေးဖြစ်မှာပဲ။ သူက ပြောချင်တာ၊ ပေးချင်တာ ရှိနေတာကိုး။
ဘာပြောမှာလဲ၊ ဘာပေးမှာလဲလို့ ရှင်းလင်းပြတ်သားစွာ သိတဲ့လူဟာ ဘယ်လိုလူမျိုးလဲလို့ နောက်ဆုံးတဆင့် ဆန်းစစ်ကြည့်ရပါတယ်။ ခေါင်းထဲမှာ စွဲမြဲခိုင်မာတဲ့ ခံယူချက်တခုခု ရှိနေသူဟာ သူ ဘာပြောရမယ်၊ ဘာလုပ်ရမယ်ဆိုတာ ဘယ်တော့မှ တွေဝေယိမ်းယိုင်နေလိမ့်မယ် မဟုတ်ပါဘူး။ သူ့ခေါင်းထဲမှာ ရှင်းလင်း ပြတ်သားနေမှာပဲ ဖြစ်တယ်။
“အရေးမရှင်းတာ အတွေးမရှင်းလို့”
“အတွေးရှင်းမှ အရေးရှင်းတယ်”
ဆိုတဲ့ စကားများအတိုင်းပါပဲ၊ ခေါင်းထဲမှာ ခံယူချက်တခု ရှိနေသူဟာ အတွေးရှင်းပါတယ်။ အမြင် ပြတ်သားပါတယ်။ ဆုံးဖြတ်ချက် ခိုင်မာပါတယ်။
ခေါင်းထဲမှာ အတွေးမရှင်းတော့ဘူး၊ ခံယူချက်တွေ ယိမ်းယိုင်လာပြီ ဆိုရင်တော့ ရေးတဲ့စာတွေလည်း တောင်ရောက်မြောက်ရောက်၊ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန်တော့တာပါပဲ။
စာကို ဆန်းစစ်တဲ့ အမြင်နဲ့ ဖတ်လေ့ရှိသူတိုင်းဟာ စာတပုဒ် ဖတ်ပြီးတာနဲ့ အဲဒီစာရေးသူရဲ့ စိတ်အခြေအနေ၊ အရည်အချင်း၊ အတိမ်အနက်ကို `စာဝါး' ကြည့်ပြီး သိနိုင်ပါတယ်။
ကမ္ဘာ့စာပေတွေကိုပဲ ကြည့်ကြည့်၊ မြန်မာစာပေတွေကိုပဲ လေ့လာလေ့လာ၊ စာဖတ်ပရိသတ်ရဲ့ လေးစားမှု ခံယူရရှိတဲ့ စာရေးဆရာကြီးတိုင်းဟာ ခံယူချက်တခု အခြေခံပြီး စာရေးခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ တွေ့နိုင်တယ်။ သဘောကတော့ ခံယူချက်ရှိမှ စာကောင်းပေကောင်း ရေးနိုင်တယ်ဆိုတဲ့အချက် ဖြစ်တယ်။
ခံယူချက်လို့ ပြောတဲ့အခါမှာ ဝါဒတခု၊ နိုင်ငံရေး အယူအဆတခု ဖြစ်တယ်လို့ မယူဆစေချင်ဘူး။ ခိုင်ခိုင်မာမာ စွဲမြဲယုံကြည်တဲ့စိတ် (Conviction ) ကို ဆိုလိုခြင်းဖြစ်တယ်။ (ism) တခုကိုပြောတာ မဟုတ်ပါဘူး။
နိုင်ငံရေး အယူအဆတရပ် ဖြစ်နိုင်သလို ဘာသာရေးအစွဲလမ်း တခုခုလည်း ဖြစ်နိုင်တာပါပဲ။ ဘယ်ဘာသာမှ မယုံကြည်ဘူးဆိုတဲ့ ခံယူချက်မျိုး ဖြစ်နိုင်သလို ဘာသာအားလုံး သူ့ဟာသူတော့ ကောင်းကြတာပါပဲဆိုတဲ့ အယူအဆမျိုးလည်း ဖြစ်နိုင်တာပါပဲ။
အဓိကအချက်က ဝါဒမဟုတ်ဘူး။ အဲဒီဝါဒအပေါ် စွဲမြဲခိုင်မာစွာ ယုံကြည်မှု ဖြစ်တယ်။ စွဲမြဲခိုင်မာမှု ရှိမှ စာရေးတဲ့အခါ အရေးရှင်းပါတယ်။ အဲဒါကြောင့် စာရေးချင်သူများဟာ ကိုယ်က ဘာကို စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ယုံကြည်လက်ခံ ထားတာလဲ ဆိုတဲ့အချက်ကို ရှင်းလင်းပြတ်သားစွာ အရင်ဆုံးလုပ်ဖို့ လိုပါတယ်။
တခုခု မရှိဘူး ဆိုရင်တော့ စာရေးချင်လိုက်တာလို့ ပြောမနေပါနဲ့။ ဘယ်တော့မှ စာရေးဖြစ်လာမှာ မဟုတ်ဘူးလို့ဘဲ ပြောလိုက်ချင်ပါတယ်။ (လူထု စိန်ဝင်း)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment