တင်ပြထားပါတယ်။ ကျွန်တော်တို့ ၈ တန်းရောက်တော့ ဗိုလ်နေဝင်းက အာဏာသိမ်းတယ်။
ကျွန်တော်က မုံရွာ အထက ၂ ကျောင်းသား။
၉ တန်းရောက်တော့ ဝိဇ္ဇာ နဲ့ သိပ္ပံခွဲစေတယ်။
၁၀ တန်းရောက်တော့ ကံအားလျော်စွာ B. Sc. ပြီးလာတဲ့ ဆရာ ၂ ဦးရောက်လာတယ်။
ကျွန်တော်က သိပ္ပံယူတယ်။ ဆရာ ၂ ဦးကလည်း အားတက်သရော အင်္ဂလိပ်လို သင်ပေးတယ်။
မကြာပါဘူး၊ ၂ လ လောက်နေတော့ အင်္ဂလိပ်လို မသင်ရ အမိန့်လာသတဲ့။
အဲဒီကတည်းကနေ ဆေးကျောင်းပြီးတဲ့အထိ ကပြား။
၂။ ၁၉၆၅ ခုနှစ် နောက်ပိုင်းက မြန်မာပြည်ရဲပညာရေးစနစ်အကြောင်းသိချင်တာပါ မစ်ရှင်ကျောင်းက ဘာသာရပ် အားလုံးကို English လိုသင်တာလား အစိုးရအထက်တန်းတွေကကော ဘာသာရပ်တွေ ပထဝီ သမိုင်း စသဖြင့် English လိုသင်တာလား အဲတာသိချင်တာပါ။
၃။ ABC ကို ငါးတန်းမှ ဘာလို့ သင်တာလဲ လာမေးနေကြပါအုန်းမယ် တဲ့။
ကျွန်တော် ၅ နှစ်သားမှာ ကျောင်းစနေတယ်။ ၁၉၅၄ ခုနှစ်လောက်က။ စတုတ္ထတန်းဖြေပြီးတော့ မူလတန်းပြ ဆရာမတယောက်က နွေရာသီမှာ အေဘီစီ သင်ပေးတယ်။ အေ တခု တကောင် တယောက်အထိ တတ်နေပြီ။
ပဉ္စမတန်းတက်တော့ ကျောင်းမှာ အေဘီစီ စသင်ပါတယ်။ အေ တခု တကောင် တယောက်။ ခုနစ်တန်းအထိ အင်္ဂလိပ်စာမှာ အာ့ခ်ဝေး စာအုပ်တွေသင်ရတယ်။ မောင်စိန် နဲ့ ဦးဘတို့က ဇာတ်လိုက်တွေ။ ဂရမ်မာလည်း သင်တယ်။ လက်ဆင် ဝမ်း တူး သရီး။
အဋ္ဌမတန်းရောက်တော့ အဲမတီးဒရမ် အင် အားသား စတိုရီ သင်ရပြီ။ အက်ဆေး တိုတိုလေး ရေးရပြီ။ နဝမတန်းမှာ ရှိတ်စပီးယားစ် ပလေး ဖတ်စာ။ တက္ကသိုလ်ဝင်တန်းမှာ အာနာပူရနာ ဖတ်စာ။ အက်ဆေး ရှည်ရှည်ရေးခိုင်းတယ်။
ဆေးကျောင်းရောက်တော့ စာအုပ်မှန်သမျှက အင်္ဂလိပ်လို။ မနည်းကြိုးစားဖတ်ရတယ်။
နိုင်ငံရေးလုပ်လို့ ပြည်ပထွက်ကတည်းက ဘိုလို ကြိုးစား ပြောရတယ်။ ဖတ်ရတယ်။ ရေးရတယ်။ အခုထိ။
ကျွန်တော်ပေးလိုတဲ့အကြံတခုက မြန်မာစာကို မှန်အောင်မရေးတတ်ပဲတော့ အင်္ဂလိပ်စာ မတတ်ချင် မတော်ချင်ပါနဲ့။ မြန်မာစာမတတ်ပဲ အင်္ဂလိပ်စာသာ တတ်သူတွေ မြန်မာပြည်အတွက် အသုံးမကျနိုင်။
ကျွန်တော် အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကတည်းက နယ်စပ်မြို့လေးမှာ တာဝန်ကျတဲ့ ရဲအရာရှိနဲ့ အင်္ဂလိပ်လို စပြောရတာပါ။ (မဆလ) ခေတ်မှာ ပညာရေးအားမပေးတာကိုတော့ လူတိုင်းသိကြတယ်။ အင်္ဂလိပ်လို ပြောတာကိုလည်း ရှုတ်ချသေးတာ။ အဲဒီခေတ်မှာ တချို့ကလည်း စကားပြောရင် ယူနဲ့ အိုင်နဲ့ ပြောတဲ့သူတွေက ရှိတာကိုး။ နောက်ကနေ ဗိုလ်ရူးလို့ အပြောခံကြရတယ်။ ဆေးကျောင်းသားဘဝမှာ အင်္ဂလိပ်လိုဆိုလို့ ပါမောက္ခချုပ်နဲ့ ကော်ရီဒါမှာဆုံရင် ဂွတ်တမောနင်းပဲ လုပ်ခဲ့ရပါတယ်။ ဖတ်ရတာသာ အင်္ဂလိပ်လိုချည်း ဖြစ်ပေမယ့် စာမေးပွဲဖြေရင် ကပြားဖြေရတော့ အင်္ဂလိပ်စာ ဘယ်တော်ပါ့မလဲ။
အတိုချုပ်လိုက်ရင် ၁၉၆၂ ခုနှစ်နောက်မှာ ပညာသင်ကြာရေး အမျိုးမျိုးပြောင်းတယ်။ အင်္ဂလိပ်စာကိုတော့ ညံ့စေအောင်လုပ်ခဲ့တယ်။ ကျွန်တော် ယူအက်စ်အေက သက်ကြီး အထက်တန်းကျောင်းတခုမှာ မြန်မာဘာသာပြန်ဆရာ လုပ်နေတယ်။ ကိုယ်တိုင်က အင်္ဂလိပ်စာ မတော်ခဲ့ပါ။
မြန်မာပြည်မှာ မြန်မာစာနဲ့ အင်္ဂလိပ်စာတော်ကြတဲ့ ကျောင်းသားတွေ ရှိလာစေချင်တယ်။ အဲဒီဘာသာရပ် နှစ်ခုမှာမတော်ပဲ တခြားဘာသာတွေ တတ်ချင်တတ်မယ် မတော်နိုင်။
English လူသစ်များသို့ပေးစာ (၃) https://burmese-spelling.blogspot.com/2025/12/english.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment