မေးခွန်းကတော့ ဝါကျတကြောင်းတည်းသာ။ အတန်အသင့်နားလည်အောင်ဆိုရင် စာအုပ် အနည်းဆုံး ၁၀ အုပ်မက ဖတ်ရတယ်။ စာအုပ် အုပ် ၂၀ ဖတ်ပြီးတော့လည်း မပြည့်စုံသေး။ ဆက်ဖက်ပါဦး။ ဟိုတနှစ်က တယောက်မေးလို့ ခပ်တိုတို ရေးထားတယ်။ ကျွန်တော်ရေးတိုင်းလည်း အကုန် မယူနဲ့။ ရေးတာကတော့ အမှန်အတည့်။ လူတိုင်းက ကိုယ်သန်ရာသန်ရာကိုသာ အမှန်ထင်ကြတာ။
ဆရာ လက်ယာဝါဒ၊ လက်ဝဲဝါဒ ဆိုတာက ဘာကိုပြောလိုတာပါလဲ။
အဲလိုသုတမျိုးကို ဘယ်သူရေးတာကို ဖတ်သလဲအရ မတူတာတွေ တွေ့ပါမယ်။ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီ ခေါ် အယူအဆတွေက ရေးကြတာရော လုပ်ကြတာပါ အတော်မတူကြပါ။ ကျွန်တာ်လည်း သိလှတာတော့ မဟုတ်ပါ။ ဖတ်ခဲ့ မှတ်ခဲ့တာတွေ၊ ကြုံဆုံထိတွေတာတွေ အတန်အသင့်သာရှိတယ်။ ကျွန်တော်ရေးတာ တခုတည်းသာ အားမကိုးစေလိုပါ။
လယ်ဝဲယိမ်းနိုင်ငံရေးလို့ခေါ်တဲ့အကြောင်းကနေ စပါရစေ။ လူတိုင်းမှာ လူမှုရေးညီမျှမှုရှိရမယ်ဆိုတာကို အခြေခံတယ်။ social equality လည်းခေါ်တယ်။ egalitarianism လို့လည်းခေါ်တယ်။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဝေါဟာရတွေကတော့ အများသား။ သူတို့ကို အစွန်းရောက်သူတွေ၊ ပြုပြင်ရေးသမားတွေလို့ သတ်မှတ်ကြတယ်။
Left လက်ဝဲနဲ့ Right လက်ယာလို့သုံးစွဲလာခဲ့တာက ပြင်သစ်တော်လှန်ရေး (၁၇၈၉-၁၇၉၉) ကနေစတယ်။ Estates General ခေါ် သူတို့လွှတ်တော်ထဲမှာ ထိုင်တဲ့နေရာအစီအစဉ်ဖြစ်တယ်။ ဘယ်ဘက်မှာထိုင်ရသူတွေက ဘုရင်စနစ်ကို မလိုလားကြသူတွေ။ တော်လှန်ရေးကို ထောက်ခံသူတွေ။ ၁၈၁၅ ခုနှစ် ပြင်သစ်ဘုရင်စနစ် ပြန်ထူထောင်ပြီးနောက်မှာ လက်ဝဲအသုံးက ပိုတွင်ကျယ်လာတယ်။ လွတ်လပ်သူများ တနည်းအားဖြင့် အားမကိုးသူများလို့ခေါ်တယ်။ ၁၉ ရာစုထဲ ရောက်တော့ Wing ခေါ် တောင်ပံ သို့မဟုတ် ဘေးစွန်လို့ပါ ထည့်လာတယ်။ Left-wing ဆိုတာက ဘာသာရေးမှာရော နိုင်ငံရေးမှာပါ အစဉ်အလာစွဲမဟုတ်သူတွေဖြစ်တယ်။
နောက်ပိုင်းမှာ လှုပ်ရှားမှုတွေကိုပါ ဒီအသုံးသုံးလာတယ်။ Socialism ဆိုရှယ်လစ်ဝါဒ၊ Communism ကွန်မြူနစ်ဝါဒ၊ Anarchism မင်းမဲ့ဝါနဲ့ Social democracy ဆိုရှယ်ဒီမိုကရေစီမှာပါ သုံးလာကြတယ်။ ၁၉ နဲ့ ၂ဝ ရာစုထဲမှာဖြစ်တယ်။
ဒိနောက်မှာ civil rights အရပ်သားအခွင့်အရေးလှုပ်ရှားမှု၊ feminist အမျိုးသမီးလှုပ်ရှားမှု၊ anti-war စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ environmental ပတ်ဝန်းကျင်ရေးလှုပ်ရှားမှုတွေကိုပါ လက်ဝဲဆန်သူတွေလို့ ခေါ်လာကြတယ်။
International Workingmen's Association နိုင်ငံတကာအလုပ်သမားများအသင်းကြီး (၁၈၆၄-၁၈၇၆) ကို First International လို့ခေါ်ကြတာများတယ်။ နိုင်ငံအစုံက ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ လူတန်းစားခွဲခြင်းနဲ့ တိုင်းပြည်မဲ့အယူအဆတွေ အမျိုးမျိုးတင်သွင်းကြတယ်။ Marx မာ့စ်ကိုထောက်ခံသူတွေနဲ့ မင်းမဲအယူအဆရှိသူ Mikhail Bakunin ဘူခါနင်ကို ထောက်ခံသူတွေရယ်လို့ ကွဲတယ်။
Second International ဒုတိယအစည်းအဝေးကြီး (၁၈၈၈-၁၉၁၆) မှာ ပဌမကမာ္ဘစစ်ကြီးအပေါ် အမြင်တွေကွဲကြတယ်။ စစ်မလိုလားသူ Vladimir Lenin လီနင်နဲ့ Rosa Luxemburg တို့ကို ပိုပြီးလက်ဝဲကျသူတွေရယ်လို့ သတ်မှတ်ခံရတယ်။
လက်ဝဲအယူအဆက Keynesian ကိန်းစီးပွါးရေးအမြင်ကို လက်ခံတယ်။ စက်မှုဒီမိုကရေစီနဲ့ လူမှုဖူလုံရေးအယူအဆ လက်ခံတယ်။ ဆိုရှယ်ဈေးကွက်စနစ်နဲ့ ပြည်သူပိုင်သိမ်းတာကို လုပ်ချင်ကြသူတွေဖြစ်တယ်။ ဗဟိုချစီမံကိန်းစနစ် လုပ်ချင်တယ်။ ကိုယ်တိုင်စီမံတဲ့ မင်းမဲ့ကွန်မြူနစ်အထိ ရောက်တယ်။
စက်မှုတော်လှန်ရေးကာလမှာ လက်ဝဲသမားတွေက အလုပ်သမားသမဂ္ဂတွေကို ထောက်ခံတယ်။ ၂ဝ ရာစုထဲရောတော့ လက်ဝဲသမားတွေက စီးပွါးရေးမှာ အစိုးရစွက်ဖက်မှုလုပ်တာကို ထောက်ခံလာကြတယ်။ ၂ဝ ရာစုကုန်ကာနီးတော့တခါ လက်ဝဲသမားတွေကြားမှာ ဗဟိုလက်ဝဲအယူအဆနဲ့ တတိယနည်းလမ်းသမားလို့ ကွဲလာကြတယ်။ တခြားလက်ဝဲတွေက မာ့စ်စီးပွါးရေးကိုသာ လက်ခံကြတယ်။ တချို့က မာ့စ်ရဲစီးပွါးရေးအမြင်နဲ့ နိုင်ငံရေးမြင်ထပ်တူမကျလို့ သုံးသပ်ကြတယ်။ ပစ္စည်းမဲ့တော်လှန်ရေးအယူအဆရှိတယ်။ မော်စီတုန်းက ပစ္စည်းမဲ့တော်လှန်ရေးမှာ မြို့နေအလုပ်သမားတွေမဟုတ်၊ တောနေလယ်သမားတွေကို အခြေခံရမယ်လို့ ဆိုတယ်။ တခြားမူကွဲအယူအဆတွေလည်း များတယ်။ မရေးတော့ပါ။
ကမာ္ဘမှာဖြစ်နေတာတွေက မြန်မာပြည်ကိုလည်း နက်နက်ရှိုင်းရှိုင်း ကူးစက်သက်ရောက်တယ်။ လွတ်လပ်ရေးမရခင်က ဖြစ်တယ်။ ကနေ့အထိလည်း ရှိသူတွေမှာ ရှိတယ်။ သခင်စိုးရဲ့ အလံနီက အရင်ဆုံး လက်နက်ကိုင်ပြီးတောခိုတယ်။ သခင်သန်းထွန်းအုပ်စုကလည်း ဆက်ပြီးလက်နက်ကိုင်တောခိုတယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင်တာက ကွန်မြူနစ်တွေထက်နောက်ကျတယ်။
စစ်အေးကာလမှာ ကွန်မြူနစ်လက်ဝဲနဲ့ အရင်းရှင်လက်ယာလို့ မြန်မာပြည်မှာ ခေါ်ကြတယ်။ အမှန်က လက်ဝဲအုပ်စုကို အရှေ့အုပ်စုနဲ့ လက်ယာအုပ်စုကို အနောက်အုပ်စုလို့ခေါ်ပါတယ်။ မြေပုံအရခေါ်တဲ့သဘောဖြစ်တယ်။ ဆိုဗီယက်အုပ်စုနဲ့ အမေရိကန်အုပ်စုလို့ ပြောတာက ပိုမှန်တယ်။ နောက်တော့ လက်ဝဲအုပ်စုမှာ မော်စီတုန်းက တဘာသာဖြစ်လာတယ်။ မြန်မာပြည်က ကွန်မြူနစ်တွေကြားမှာလည်း ဆရာတင်ကြတာ မတူပါ။
သမိုင်းတင်အဖြစ်အပျက်တွေက အများကြီး။ ရေးထားတွေကလည်း အများကြီး။ သိချင်စိတ်ရှိတာ ကောင်းတယ်။ ဖတ်တဲ့အခါတော့ သတိကြီးကြီးထားသင့်တယ်။ နိုင်ငံရေးအယူအဆတွေလို့ သိပါ။ တိုင်းပြည်အကြောင်းတွေလို့ ပြောမရပါ။ ခေါင်းဆောင်အကြောင်းလို့ပြောရင် တစိတ်တပိုင်းသာမှန်တယ်။ သိချင်စိတ်ရှိတာ ကောင်းတယ်။
နောက်ထပ်လည်း ရေးထာတာတွေ ရှိသေးတယ်။ ဘလော့မှာ တင်ထားတယ်။ ဖတ်ချင်မှသာ ဖတ်ပါလေ။
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment