Skip to main content

Nursery Rhymes သင်ပုန်းကြီး

ကျွန်တော်က ဖရုံပွင့်ကို ဖရုံညွန့် ဗူးညွန့်တို့ထက် ကြိုက်တယ်။

က ကညစ် ပေမှာခြစ်

ခ ခရာ အသံသာ

ဂ ဂဏန်း ရေမှာဖမ်း

င ငရုပ်စိမ်း စပ်ရှိန်းရှိန်း

စ စပါး တို့အားထား

ဆ ဆရာ ရိုသေပါ

ဇ ဇရပ်မှာ တည်းခိုပါ

ည ညအခါ လသာသာ

တ တလင်းဝယ် စပါးနယ်

ထ ထမနဲ တပို့တွဲ

ဒ ဒရယ်လေး ဘေးမဲ့ပေး

ဓ ဓနိပင် အသုံးဝင်

န နယုန်လေရူးသုန်

ပ ပလောင် ဒို့ညီနောင်

ဖ ဖရုံပေါ တို့ယာတော

ဗ ဗလ အင်အားပြ

ဘ ဘယက် ရွှေဒေါင်းခွက်

မ မမ အဖေါ်ရ

ယ ယမင်း ပပဝင်း

ရ ရထား စီးလို့သွား

လ လမင်း ထိန်ထိန်လင်း

ဝ ဝလေး ဝိုင်းဝိုင်းရေး

သ သမင် အပြေးလျင်

အ အလံ အောင်ပွဲခံ

ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကစွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ က ကညစ် ပေမှာခြစ်လာတယ်။ ကညစ်ကို သိပ်မသိခဲ့ပါ။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကိုအကြိုက်ဆုံးပါ။ အခုခေတ်မှာ ကလေးကို ခလေးလို့မှားရေးနေကြလို့ဖြစ်ပါတယ်။ ကန်စွန်းပင်ဖြစ်လာတယ်။ ကစွန်းနဲ့ ကန်စွန်းက မူကွဲ။ ကန်အစွန်းမှာပေါက်လို့ ကန်စွန်းခေါ်တာ မဟုတ်ပါ။

ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ ခ ခရမ်းသီး ဓါးနဲ့လှီးနဲ့ စ စပယ်ဖြူ မွှေးကြူကြူ။ နောက်မှာ ခ ခရာ အသံသာ နဲ့ စ စပါး တို့အားထား၊ အ အလံ အောင်ပွဲခံ၊ ဖြစ်လာတာက ဆိုရှယ်လစ်ခေတ်ဖြစ်တော့ ခရာမှုတ်အမိန့်ပေးစနစ်ကို ဦးစားပေးတာလို့ ထင်မိတယ်။ ခုခေတ်မှာ ဘောလုံးပွဲဒိုင်လူကြီးခရာကိုသာ စိတ်ဝင်စားကြတော့ပါတယ်။ ခါးရမ်းသီးလို့ တချို့ကယူဆတယ်။ ပုဂံခေတ်နောက်ဆုံးမင်း နရသီဟပတေ့ဟာ အစားအသောက်ကြူးယုံသာမက အိပ်ယာထတာနဲ့ အနားမှာရှိတာတခုခုနဲ့ မထင်ရင် ကောက်ပေါက်သတဲ့။ အဲတာနဲ့ အမတ်တွေက သူ့နားမှာ ခရမ်းသီးတောင်းထားပေးတော့ ခရမ်းသီးစာထိမှန်ခံရတဲ့အပျိုတော်တွေ ခါးရမ်းသွားလို့ ခါးရမ်းသီးဖြစ်လာတယ်ဆိုပြီး ပါးစပ်ရာဇဝင်ရှိတယ်။ မဖြစ်နိုင်လို့ ထင်ပါတယ်။ အဲတော့ ခ ခရမ်းသီး ဓါးနဲ့လှီးပဲကောင်းတယ်။

စ စပါး တို့အားထား၊ ပ ပလောင် ဒို့ညီနောင်၊ ဖ ဖရုံပေါ တို့ယာတောမှာ တို့နဲ့ ဒို့နှစ်မျိုးဖြစ်နေတယ်။ တို့ကစာလို ဒို့ကစကားပြော။ ဘ ဘယက် ရွှေဒေါင်းခွက်၊ အခုခေတ်မှာ ဘယက်ကို သိပ်မသိကြတော့ပါ။ ယ ယမင်း ပပဝင်းမှာ ပုံက ရုပ်သေးဖြစ်နေတယ်။ ယမင်းဆိုတာ လှပသောမိန်းမငယ်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ