နှစ်သိမ့်ကြည်နူး
ရွက်သစ်ဖူးသော်
ရွှင်မြူးအံ့ဩ ဖော်ချင်းနှော၍
တောင်တောသာခွင့် ရာသီဖွင့်လျက်
ပင်မြင့်ထက်တွင် ငှက်သဘင်လည်း
တူယှဉ်နှစ်ကိုယ် ချစ်တင်းဆိုသည်
မပို၏သို့ ပို၏သို့ ။
တသိမ့်သိမ့်နှင့်
ညှင်းငြိမ့်လေပွေ ထက်ဝန်းဝေလျက်
နွေလည်းအဝင် ဆောင်းလျှင်အစဲ
မတည်ဘဲလျှင် ဖက်လှဲတကင်း
ပန်းနံ့သင်းကို ချဉ်း၍ ချဉ်း၍
ဆောင်ကာ ဝှေ့လျက်
ရွှန်းမြေ့သလို သွင်းလာပိုသည်
မချို၏သို့ ချို၏သို့ ။
တငြိမ့်ငြိမ့်နှင့်
လှိမ့်၍လှိမ့်၍ လေအဝှေ့ဝယ်
ကြွေမြေ့ခမန်း အသံစမ်းလျက်
သာဆန်းရဂုံဘွေ နွေဦးမေလျှင်
မျှော်လေယောင်မော့ တေးကိုကျော့၍
လေးတော့်နတ်သွင် ထက်ဝန်းကျင်ကို
ကြည်ရွှင်ခလို ချစ်ဖွယ်ဆိုသည်
မပျို၏သို့ ပျို၏သို့ ။
တခြိမ့်ခြိမ့်နှင့်
သံနိမ့်သံမြင့် သံချိုဆင့်၍
ခါသင့်မထင် မိုးနတ်ရှင်လည်း
ရှစ်ခွင်တလွှား ပြေးကစား၍
လှည့်စားလေဟန် မိုးရိပ်ဖန်လျက်
နဘံတခို တိမ်ခိုးသိုသည်
မညို၏သို့ ညို၏သို့ ။ ။ (နန်းညွန့်ဆွေ)
ကဗျာကို မူရင်းသတ်ပုံမပျက် တင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment